အာဆီယံ ထိပ်သီးအစည်းအဝေးသို့ အိတ်ဖွင့်ပေးစာ

အာဆီယံ ထိပ်သီးအစည်းအဝေးသို့ အိတ်ဖွင့်ပေးစာ

စာအမှတ်။ ။ ၁/အဆယ/၂၀၂၂

ရက်စွဲ။ ။ ၁၁၊ ၁၁၊ ၂၀၂၂

အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေး အင်အားစုသည် မြန်မာနိုင်ငံတလုံးမှ သပိတ်ကော်မတီပေါင်း (၃၇)ခုဖြင့် စုဖွဲ့ထားသော သပိတ်အင်အားစုကြီးတစ်ခု ဖြစ်ပါသည်။​ အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေး အင်အားစုအနေဖြင့် အသံတိတ်သပိတ်အပါအဝင် သံတမန်ရေးရာတိုက်ပွဲအတွက် မြန်မာကိုယ်စားလှယ် အမြဲတမ်းသံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာပြည်သူလူထု ကိုယ်စားပြုအသိအမှတ်ပြုရေး ကမ်ပိန်းများအပါအဝင် အဓိကကျသည့် နိုင်ငံလုံးဆိုင်ရာ လူထုလှုပ်ရှားမှု သပိတ်များကို ဤနွေဦးတော်လှန်ရေးတွင် ဦးဆောင်ပြုလုပ်လျက်ရှိသည်။​ ကျွန်ုပ်တို့ အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေး အင်အားစု အနေဖြင့် အာဆီယံမှ ခေါင်းဆောင်များနှင့် မိတ်ဖက်နိုင်ငံများသို့ ​ဤအိတ်ဖွင့်ပေးစာကို ပေးပို့ပါသည်။

မြန်မာစစ်တပ်သည် အကြမ်းဖက်မှု သရဖူဆောင်းသောခေတ်ကို ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် အာဏာသိမ်းခြင်းဖြင့် ပြန်လည်စတင်ခဲ့သည်။ အာဏာသိမ်းမှုကို လက်မခံသောကြောင့် သန်းနှင့်ချီသောပြည်သူများသည် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြပြီး အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုများ နိုင်ငံအနှံ့အပြား ပေါ်ထွက်လာကာ ယခုထက်ထိတိုင် အင်အားကောင်းကောင်းဖြင့် ဆန့်ကျင်တွန်းလှန်လျက်ရှိသည်။ သို့သော် တရားမဝင်အာဏာသိမ်းစစ်ကောင်စီက ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို အကြမ်းဖက်ဖြိုခွင်းခြင်း၊​ ဖမ်းဆီးခြင်း၊ ရက်စက်စွာနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းများကို ကျူးလွန်ရုံမျှမက ပြည်သူအများ၏ အိုးအိမ်စည်းစိမ်များကို မီးရှို့ဖျက်ဆီးခြင်းများပါ ကျူးလွန်လျက်ရှိသည်။​ အကြမ်းဖက်စစ်ကောင်စီ၏ ရက်ရက်စက်စက် ဖြိုခွဲမှုများသည် ရာနှင့်ချီသည့် ငြိမ်းချမ်းစွာဆန္ဒပြသူများကို သတ်ဖြတ်ခဲ့ပြီး လက်နက်မဲ့ပြည်သူများကို မိမိကိုယ်ကိုခုခံ တွန်းလှန်ကာကွယ်သည့် လက်နက်ကိုင်တော်လှန်ရေးအသွင်သို့ ရောက်အောင် တွန်းပို့ခဲ့သည်။

မြန်မာအပါအဝင် လူမျိုးစုများအားလုံးသည် အကြမ်းဖက်စစ်တပ်၏ အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း သံသယရှိစရာမရှိအောင် ထုတ်ဖော်ပြသပြီးဖြစ်သည်။ ယနေ့ထိတိုင် အားကောင်းလျက်ရှိသော နိုင်ငံတဝှမ်းရှိ ဆန္ဒပြမှုများ၊ မြို့ပြပျောက်ကြားသပိတ်များ၊ အသံတိတ်သပိတ်ကဲ့သို့သော နိုင်ငံအနှံ့လူထုလှုပ်ရှားမှုကြီးများသည် မြန်မာပြည်သူလူထုတစ်ရပ်လုံးက အကြမ်းဖက်စစ်တပ်ကို လက်မခံကြောင်းပြသနေသည့် ငြင်းမရသော သက်သေများ ဖြစ်သည်။ ထို့အပြင် ပြည်သူများအနေဖြင့် မြန်မာ့နိုင်ငံရေးတွင် စစ်တပ်မပါဝင်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးကို ခိုင်ခိုင်မာမာ တောင်းဆိုလျက်ရှိသည်။​ မြန်မာပြည်သူများ အလိုရှိဆုံးမှာ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ လူသားမျိုးနွယ်ပေါ် ကျူးလွန်သော ရာဇဝတ်မှုများ၊​ အာဏာသိမ်းရန် မကြိုးပမ်းမီကပင် ကျူးလွန်လျက်ရှိသည့် ရိုဟင်ဂျာများအပေါ် ကျူးလွန်ခဲ့သည့် လူမျိုးသုဉ်းသတ်ဖြတ်မှုများ အပါအဝင် စစ်ရာဇဝတ်မှုများစွာအတွက် တရားမျှတမှုရရှိရေးပင်ဖြစ်သည်။ သို့သော်လည်း အကြမ်းဖက်စစ်တပ်သည် အခုချိန်ထိပင် ဟိုးယခင် လူနည်းစုလူမျိုးစုများအပေါ် နှစ်ပေါင်းများစွာကျူးလွန်ခဲ့သည့် အတိုင်းပြောင်ပြောင်တင်းတင်းပင် ဆက်လက်ကျုးလွန်လျက်ရှိသည်​။ မီးရှို့ဖျက်ဆီးမှု၊ လုယက်မှု၊ အရပ်သားပြည်သူများကို ခွဲခြားမှုမရှိ ပစ်ခတ်မှု၊ ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို သတ်ဖြတ်မှု၊ သေသည်အထိ ညှဉ်းပန်းနှိပ်စက်မှုများနှင့် ဒီမိုကရေစီရေး လှုပ်ရှားသူများကို သေဒဏ်ပါပေးသည့် လုပ်ရပ်များသည် အကြမ်းဖက် စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများကို မီးမှောင်းထိုးပြနေသော သာဓကများပင်ဖြစ်သည်။

ထိုရက်စက်ကြမ်းကြုတ်မှုများကို ရပ်တန့်ရန်၊ တရားမျှတမှုကို ရှာဖွေရန်နှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရန်အတွက် မြန်မာပြည်သူလူထု တရပ်လုံးသည် တော်လှန်ရေးသာလျှင် တစ်ခုတည်းသော နည်းလမ်းအဖြစ်ခိုင်မာစွာ ယုံကြည်လျက် လျှောက်လှမ်းလျက်ရှိပါသည်။ ထိုယုံကြည်ချက်ဖြင့် အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု အနေဖြင့် အာဆီယံ ခေါင်းဆောင်များအား အောက်ပါ အချက်များကို ဆောင်ရွက်ပေးရန် လေးနက်စွာတိုက်တွန်းတောင်းဆိုလိုက်သည်။​

၁။ ၁ နှစ်နှင့် ၈ လ ကျော်ကြာသည့် အထိ တိုးတက်ဖြစ်ထွန်းမှု တစ်စုံတစ်ရာ မရှိသော အာဆီယံကို ဗဟိုပြုသောနည်းလမ်းများနှင့် အာဆီယံမူ ၅ ချက်ကို ဆက်လက်ကိုင်စွဲနေခြင်းအားရပ်တန့်ရန်

၂။ မြန်မာပြည်သူများ၏ မျှတသော တောင်းဆိုချက်များနှင့် ရည်မှန်းချက်များအား ကူညီဆောင်ရွက်ပေးရန် အခြားမတူကွဲပြားသော နည်းလမ်းများဖြင့် ချဥ်းကပ်အဖြေရှာပေးရန်

၃။ မည်သည့်နည်းနှင့်မျှ တည်ငြိမ်ရေးကို ဖြစ်ပေါ်စေနိုင်မည် မဟုတ်သည့် အကြမ်းဖက်စစ်တပ်၏ လာမည့် တရားမဝင်သော အတုအယောင်ရွေးကောက်ပွဲကဲ့သို့ နိုင်ငံရေးအယောင်ပြမှုများကို လက်သင့်မခံဘဲ ငြင်းပယ်ရန်

၄။ မြန်မာနိုင်ငံအတွင်းနှင့် နယ်စပ်တလျှောက်ရှိနေသည့် များစွာသော စစ်ဘေးရှောင်စခန်းများနှင့် သန်းချီသော ဒုက္ခသည်များအတွက် လိုအပ်သော အကူအညီများနှင့် လူသားစာနာမှုဆိုင်ရာအထောက်အပံ့များကို နယ်စပ်ဖြတ်ကျော်ပေးပို့ခြင်းများဖြင့် အမြန်ဆုံးထိရောက်စွာကူညီပေးရန်

၅။ အမျိုးသားညီညွတ်ရေးအစိုးရ (National Unity Government) အား ပြည်သူလူထု၏ တရားဝင်အစိုးရအဖြစ်လက်ခံအသိအမှတ်ပြုရန်နှင့် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (National Unity Consultative Council) နှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (Committee Representing Pyidaungsu Hluttaw) တို့အား မြန်မာပြည်သူတို့၏ နိုင်ငံရေးအရကိုယ်စားပြုမှုရှိသော အဖွဲ့အစည်းများအဖြစ် အသိအမှတ်ပြုလက်ခံ၍ တရားဝင် ထိတွေ့ညှိနှိုင်းဆောင်ရွက်သွားရန် တို့ဖြစ်ပါသည်။

အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု


Download PDF in Burmese I English.

Announcements


PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Subscribe

Copyright © 2017 - 2026 All Rights Reserved - Progressive Voice (PV)
Website by Bordermedia