23 April 2022


အလွတ်တန်းသတင်းထောက် ကိုစိုးရာဇာထွန်း
ထောင်မှ လွတ်ပြီး ၇ လအကြာတွင် ပြန်အဖမ်းခံရသည့် ရန်ကုန်မှ သတင်းထောက်တစ်ဦး ထောင် ၇ နှစ်အထိ ချခံရနိုင်သည့် အကြမ်းဖက်ပုဒ်မတပ်ခံထားရသည်။
By Myanmar Now
ထောင်မှ လွတ်မြောက်လာပြီး ၇ လ အကြာမှာ ထပ်မံဖမ်းဆီးခံခဲ့ရသည့် အလွတ်တန်းသတင်းထောက် ကိုစိုးရာဇာထွန်းကို စစ်ကောင်စီက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂ (က) နှင့် အမှုဖွင့်ထားကြောင်း မိသားစုဝင်နှင့် ရှေ့နေအသိုင်းဝိုင်းထံမှ ယနေ့ (ဧပြီ ၂၂) တွင် သိရသည်။
ပဲခူးဘက်တွင် ရဟန်းဝတ်နေသော ကိုစိုးရာဇာထွန်းကို စစ်သား ၅၀ ဝန်းကျင်က သွားရောက်ဖမ်းဆီးသော်လည်း လွတ်မြောက်ခဲ့ကြောင်း၊ မတ် ၁၀ တွင်မူ သာယာဝတီခရိုင်၊ သုံးဆယ်မြို့၌ ဖမ်းဆီးခံလိုက်ရကြောင်း မိသားစုဝင်တစ်ဦးက Myanmar Now ကို ပြောသည်။
“လှည်းကူးမြို့မရဲ့စခန်းမှာတုန်းက စားစရာသောက်စရာနဲ့ ပိုက်ဆံလေးနည်းနည်း သွားပို့တုန်းကတော့ တွေ့ခွင့်မရှိဘူး၊ အဝေးကနေပြီးတော့ လက်ဟန်ခြေဟန်နဲ့ စကားပြောခွင့်ရတယ်။ သူကတော့ သံတိုင်ကြားက လက်ကာပြတယ်။ လက်မထောင်ပြတယ်” ဟု မိသားစုဝင်က ဆိုသည်။
ယင်းနောက် ကိုစိုးရာဇာထွန်းကို လှည်းကူးမြို့နယ် ဖောင်ကြီးရှိ ဘုရားလေးစစ်ကြောရေးစခန်းတွင် ၄ ရက်၊ လှည်ကူးမြို့မရဲစခန်းတွင် ၂၈ ရက် ထိန်းသိမ်းပြီးနောက် အင်းစိန်ထောင်သို့ ပို့ဆောင်လိုက်ကြောင်း၊ စစ်ကြောရေးတွင် နှိပ်စက်ခံရနိုင်ကြောင်း သူက ဆက်ပြောသည်။
အသိမ်းခံထားရသည့် လက်ကိုင်ဖုန်းအတွင်းရှိ အချက်အလက်များကို အခြေခံကာ ထောင် ၇ နှစ် ချနိုင်သည့် ပုဒ်မနှင့် အမှုဖွင့်ခြင်း ဖြစ်နိုင်သည်ဟု ၎င်းက ယူဆနေသည်။
အမှုအတွက် တရားရုံးချိန်းများကို အသေးစိတ်မသိရသေးကြောင်း နိုင်ငံရေးအမှုများ လိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေအသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။
စစ်ကောင်စီသည် အာဏာသိမ်းပြီးနောက် အကြမ်းဖက်ပုဒ်မ ၅၂ (က) ကို ထပ်တိုးပြင်ဆင်ပြဋ္ဌာန်းလိုက်ပြီး ၎င်းတို့က အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်သည့် အုပ်စုတစ်ခုခုတွင် ပါဝင်လှုပ်ရှားမှုများ၊ အဖွဲ့ဝင်များကို ကျယ်ကျယ်ပြန့်ပြန့် အရေးယူရန် ရည်ရွယ်ကြောင်း ဥပဒေကျွမ်းကျင်သူများက ဆိုသည်။
အာဏာသိမ်းစစ်ကောင်စီသည် သတင်းထောက်များ၊ တက်ကြွလှုပ်ရှားသူများကို အရေးယူလိုပါက များသောအားဖြင့် နိုင်ငံတော်ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅ နှင့် တရားစွဲဆိုလေ့ရှိသည်။
၂၀၂၁ စစ်အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြပွဲများကို သတင်းရယူစဉ် ကိုစိုးရာဇာထွန်း ပထမအကြိမ် ဖမ်းဆီးထိန်းသိမ်းခံရစဉ်ကလည်း ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ခံခဲ့ရသည်။
ထိုစဉ်က ၄ လ ကြာ အကျဉ်းချခံခဲ့ရပြီး ဇွန် ၃၀ တွင် အကျဉ်းသားအများအပြားကို လွှတ်ပေးစဉ် သူလည်း လွတ်မြောက်လာခြင်း ဖြစ်သည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း သတင်းသမား ၁၁၅ ဦး အဖမ်းခံခဲ့ရပြီး မတ်လကုန်ထိ ၃၉ ဦး ဆက်လက် အကျဉ်းချခံထားရကြောင်း၊ စစ်ကြောရေးနှင့် တိုက်ပွဲများအတွင်း သတင်းသမားသုံးဦး သေဆုံးခဲ့ကြောင်း သတင်းထောက်များ ပြုစုထားသည့် စာရင်းအရ သိရသည်။
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့အခြေစိုက် The Committee to Protect Journalists (CPJ) ၏ အဆိုအရ စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံသည် သတင်းသမားများ ဖမ်းဆီးထောင်ချခံရမှု ဒုတိယအများဆုံးနိုင်ငံ ဖြစ်လာကြောင်း ဖော်ပြထားသည်။
စစ်ကောင်စီက Mandalay Free Press နှင့် မြန်မာသံတော်ဆင့်သတင်းဌာနတို့မှ သတင်းသမား ၂ ဦးကို ပြီးခဲ့သည့် မတ် ၂၃ တွင် ထောင် ၂ နှစ်စီ ချလိုက်သကဲ့သို့ မတ်လ ၂၂ ရက်ကလည်း မဇ္ဈိမသတင်းဌာနမှ ကိုသန်းထိုက်အောင်ကို ထောင်ဒဏ် ၂ နှစ်ချခဲ့သည်။
Original Post: Myanmar Now
19 May 2026

18 March 2026