မြန်မာနိုင်ငံအတွက် တရားမျှတမှု နှင့် တာဝန်ယူမှုတာဝန်ခံမှု ရှာဖွေခြင်း – မျှော်မှန်းချက်များ နှင့် ဖြစ်နိုင်ခြေများ

မြန်မာနိုင်ငံအတွက် တရားမျှတမှု နှင့် တာဝန်ယူမှုတာဝန်ခံမှု ရှာဖွေခြင်း – မျှော်မှန်းချက်များ နှင့် ဖြစ်နိုင်ခြေများ

ကမ္ဘာ့ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ (၄၉) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ကျင်းပချိန် ပြုလုပ်သော မြန်မာနိုင်ငံဆိုင်ရာ ဆွေးနွေးပွဲ

မြန်မာနိုင်ငံအတွက် တရားမျှတမှု နှင့် တာဝန်ယူမှု တာဝန်ခံမှု ရှာဖွေခြင်း

မျှော်မှန်းချက်များ နှင့် ဖြစ်နိုင်ခြေများ

နေ့ရက်။  ။ ၂၀၂၂ ခုနှစ် မတ်လ ၂၂ ရက်နေ့ (အင်္ဂါနေ့)
အချိန်။   ။ ၁၆း၀၀ – ၁၇း၃၀ အထိ (ထိုင်းစံတော်ချိန်) / ၁ဝးဝဝ – ၁၁း၃ဝ (ဥရောပအလယ်ပိုင်းစံတော်)
စာရင်းပေးသွင်းရန် – https://bit.ly/37ulfX3

တိုက်ရိုက်ထုတ်လွှင့်မှု – Zoom, Facebook, Twitter နှင့် YouTube တို့မှတစ်ဆင့် တိုက်ရိုက်ထုတ်လွှင့်သွားမည်။
ဘာသာပြန်ဆိုမှု – ဆွေးနွးပွဲကို အင်္ဂလိပ်ဘာသာဖြင့် အဓိကဆွေးနွေးမည်ဖြစ်ပြီး Zoom မှတစ်ဆင့် ပါဝင်တက်ရောက်သူများအတွက် မြန်မာဘာသာပြန်ဆိုမှု စီစဉ်ထားပါသည်။

မြန်မာပြည်သူများထံမှ မြန်မာစစ်တပ်၏ ရက်စက်ကြမ်းကြုတ်သော အာဏာလုယူရေး ကြိုးပမ်းမှုမှာ တစ်နှစ်ကျော်လာပြီဖြစ်သော်လည်း မအောင်မြင်ဘဲ ရှုံးနိမ့်နေသည်။ မြန်မာပြည်သူများသည် ဆိုးရွားသော စစ်အုပ်စု၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျူးလွန်ခံနေရသော်လည်း ဆက်လက်ခုခံတော်လှန်နေဆဲ ဖြစ်ပြီး ၎င်းတို့၏ မမှိတ်မသုန် တိကျခိုင်မာသော စိတ်ဆန္ဒကို ဆက်လက်ပြသနေသည်။

မြန်မာနိုင်ငံအတွင်းရှိ လူ့အခွင့်အရေးအခြေအနေသည် အောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် နှင့်  ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး တို့က မြန်မာစစ်အုပ်စုသည် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ဆန့်ကျင်သော ရာဇဝတ်မှုများမြောက်သည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို စနစ်တကျနှင့် ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေသည်ဟု ထုတ်ဖော်ပြောဆိုခဲ့ပြီး ဖြစ်သည်။ သို့သော် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်း အနေဖြင့် စစ်အုပ်စုက ကျူးလွန်ထားသည့် ဆိုးရွားလှသော ရာဇဝတ်မှုများအ‌ပေါ် ကိုင်တွယ်ဖြေရှင်းရန် လိုအပ်သည့် မြန်ဆန်မှုနှင့် စုစည်းညီညွတ်မှုရှိသော ကြိုးပမ်းအားထုတ်မှုကို ယခုအချိန်ထိ လုပ်ဆောင်နေခြင်း မရှိသေးပေ။ ချိုးဖောက်ကျူးလွန်သူများသည် ဆယ်စုနှစ်ပေါင်းများစွာ အရေးယူခံရခြင်း မရှိဘဲ ပြစ်ဒဏ်‌ကင်းလွတ်စွာဖြင့် ဆက်လက်ကျူးလွန်နေသည်ဖြစ်ရာ အတိတ်ကာလနှင့် လက်ရှိကာလများတွင် ဆိုးရွာသော ရာဇဝတ်မှုများကို ကြုံတွေ့ခဲ့ရသည့် ကျူးလွန်ခံရသူများနှင့် အသက်ရှင်ကျန်ရစ်သူများအတွက် တရားမျှတမှုရရှိရန်မှာ အလှမ်းဝေးနေဆဲ ဖြစ်သည်။

ဤနောက်ခံအကြောင်းတရားများကို အခြေခံပြီး ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲတွင် မြန်မာပြည်သူလူထုမှ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခဲ့သော ကိုယ်စားလှယ်များမှ ဖွဲ့စည်းထားသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကိုယ်စားလှယ်တစ်ဦး နှင့် အရပ်ဘက်လူထုအဖွဲ့အစည်းများမှ မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်နေသော လူ့အခွင့်အရေးအခြေအနေများကို ဆွေးနွေးတင်ပြသွားမည် ဖြစ်ပါသည်။ ထို့အပြင် ထိုဆွေးနွေးပွဲတွင် ကုလသမဂ္ဂမှ လုပ်ပိုင်ခွင့်အပ်နှင်းထားသော မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ ကိုယ်စားလှယ်ဟောင်းများဖြင့် ဖွဲ့စည်းထားသည့် မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) ၏ သုံးသပ်ချက်များနှင့် အကြံပြုတိုက်တွန်းချက်များကိုလည်း SAC-M ကိုယ်စားလှယ်တစ်ဦးမှ ဆွေးနွေးတင်ပြသွားမည် ဖြစ်သည်။‌ ဤဆွေးနွေးပွဲတွင် မြန်မာနိုင်ငံနှင့်ပတ်သက်သည့် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ (၄၉) ကြိမ်မြောက် ပုံမှန်အစည်းအဝေး၏ တုံ့ပြန်မှုများကို ထင်ဟပ်စေမည့်တစ်ချိန်တည်းတွင် နောင်လာမည့် လူ့အခွင့်အရေးကောင်စီ အစည်းအဝေးများတွင် မြန်မာနိုင်ငံအတွင်း ကျူးလွန်ခဲ့သည့်  ဆိုးရွားလှသော ရာဇဝတ်မှုများအတွက် တရားမျှတမှုနှင့် တာဝန်ယူမှု တာဝန်ခံမှု ရှိလာစေရေး ဦးတည်သည့် အခွင့်အလမ်းများကိုလည်း ထည့်သွင်းဆွေးနွေးသွားမည် ဖြစ်သည်။

ပါဝင်ဆွေးနွေးမည့်သူများ

  • ဦးအောင်မျိုးမင်း၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး၊ အမျိုးသားညီညွတ်ရေးအစိုးရ
  • Marzuki Darusman၊ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ အဖွဲ့ဝင် နှင့် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော နိုင်ငံတကာအချက်အလက်ရှာဖွေရေးမစ်ရှင်၏ ဥက္ကဌဟောင်း
  • Salai Za Uk၊ လက်ထောက်အမှုဆောင်ဒါရိုက်တာ၊ ချင်းလူ့အခွင့်အရေးအဖွဲ့
  • နော်ထူးထူး၊ ပရိုဂရမ်ဒါရိုက်တာ၊ ကရင်လူ့အခွင့်အရေးအဖွဲ့
  • Razia sultana၊ ရိုဟင်ဂျာ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ နှင့် RW Welfare Society (RWWS) အဖွဲ့တည်ထောင်သူ

Moderator – ဒေါ်ခင်ဥမ္မာ၊ ရှေ့ပြေးအသံအဖွဲ့၏ တည်ထောင်သူ နှင့် ဥက္ကဌ

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ (၄၉) ကြိမ်မြောက် ပုံမှန်အစည်းအဝေးနှင့်ဆက်စပ်သော ယခု ဆွေးနွေးပွဲကို ရှေ့ပြေးအသံအဖွဲ့ နှင့် FORUM-ASIA တို့မှ ပူးတွဲစီစဉ်ခြင်း ဖြစ်သည်။

မီဒီယာများ ဆက်သွယ်ရန်

ဤအစီအစဉ်နှင့်ပတ်သက်၍ ပိုမိုသိရှိလိုပါက သို့မဟုတ် ပါဝင်ဆွေးနွေးသူတစ်ဦးဦးနှင့် အင်တာဗျူးအတွက် ဆက်သွယ်မေးမြန်းလိုပါက FORUM-ASIA မှ Adam Ahmed (adam@forum-asia.org) အားလည်းကောင်း၊ ရှေ့ပြေးအသံအဖွဲ့မှ Rin Fujimatsu (rin@progressive-voice.org) အား လည်းကောင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။


English version.

Announcements


PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Subscribe

Copyright © 2017 - 2026 All Rights Reserved - Progressive Voice (PV)
Website by Bordermedia