မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း HURFOM – အစီရင်ခံစာ ထုတ်ပြန်ခြင်း

မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း HURFOM – အစီရင်ခံစာ ထုတ်ပြန်ခြင်း

၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်

“ဖယ်ကြဉ်မရှိမှ လွတ်မျှတ – မြန်မာနိုင်ငံတောင်ပိုင်းရှိ ကျေးလက်နေပြည်သူများ၊ အခြားနည်းဖြင့်သန်စွမ်းသူများ၊ ပထမဆုံးမဲပေး မည့်လူငယ်နင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများလက်အောက်ရှိ ဒေသခံပြည်သူများ၏ ရွေးကောက်ပွဲဆိုင်ရာ အခက်အခဲနှင့် စိန်ခေါ်မှုများ” အစီရင်ခံစာ မိတ်ဆက်ခြင်း။

လာမည့် ၂၀၂၀ နိုဝင်ဘာလ (၈) ရက်နေ့တွင်ကျင်းပမည့် ပြည်လုံးကျွတ် အထွေထွေရွေးကောက်ပွဲမတိုင်မီ တလအလိုဖြစ်သည့် ယနေ့ အောက်တိုဘာလ ၈ ရက်နေ့တွင် မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်းက ‘“ဖယ်ကြဉ်မရှိမှ လွတ်မျှတ’ ဟု အမည်ပေး ထားသည့် အစီရင်ခံစာသစ်တစောင်အား ထုတ်ပြန်လိုက်ပါသည်။ ဤအစီရင်ခံစာတွင် စီမံကိန်းနယ်မြေဒေသ (၆) ခုအတွင်းရှိ ဝေးလံ ခေါင်သီသည့်ဒေသများမှ ကျေးလက်နေပြည်သူများ၊ အခြားနည်းဖြင့် သန်စွမ်းသူများ၊ ပထမဆုံးမဲပေးကြမည့် လူငယ်များ နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ထိန်းချုပ်ရာဒေသများမှ တိုင်းရင်းသားပြည်သူလူထုတို့၏ ရွေးကောက်ပွဲတွင် ပါ ဝင်နိုင်မှုဆိုင်ရာ အခက်အခဲနှင့် စိန်ခေါ်မှုအသံများအပေါ်အခြေခံပြီး ရေးသားပြုစုထားခြင်း ဖြစ်သည်။

ရွေးကောက်ပွဲဖြစ်စဉ်တွင် ပါဝင်ခြင်းနှင့် လွတ်လပ်မျှတစွာ မဲပေးနိုင်ခြင်းဖြင့် ပြည်သူတို့၏ နိုင်ငံသားနှင့် နိုင်ငံရေးဆိုင်ရာ အခွင့် အရေးရေချိန်များကို အကဲဖြတ်လေ့ရှိကြရာ လာမည့်ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများ မဲပေးနိုင်ခွင့် သေချာစေရေးနှင့် ၎င်းတို့၏ ရွေးကောက်ပွဲဆိုင်ရာ အခက်အခဲ၊ အတားအဆီးများကို လက်တွေ့ကျကျ သိရှိရန်နှင့် လက်တွေ့ကျသည့် ဖြေရှင်းမှုများ၊ တိုက်တွန်းနှိုးဆော်မှုများကို အချိန်မီဆောင်ရွက်ပေးခြင်းဖြင့် ဖယ်ကြဉ်မှုမရှိသည့်၊ အားလုံးပါဝင်နိုင်သည့် လွတ်လပ်ပြီးတရားမျှတ သော ရွေးကောက်ပွဲ ဖြစ်လာနိုင်ပေမည်။ ယင်းသို့သော ရည်ရွယ်ချက်များဖြင့် စီမံကိန်းနယ်မြေများဖြစ်သော မွန်ပြည်နယ် ကျိုက် မရော၊ မုဒုံ၊ သံဖြူဇရပ်နှင့် ရေးမြို့နယ်များ၊ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်နှင့် တနင်္သာရီတိုင်း ရေဖြူမြို့နယ်တို့တွင် အလုပ်အဖွဲ့အင်အား (၂၀) ဦးတို့ဖြင့် အချက်အလက်ပေါင်း ၁၂၉ ခုအား ၂ လတာကာလအတွင်း မှတ်တမ်းပြု ကောက်ခံခဲ့သည်။ ထို့အပြင် လူဦးရေ (၃၀) ဝန်းကျင် ပါဝင်တက်ရောက်သည့် ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကိုလည်း (၂) ကြိမ် ပြုလုပ် ခဲ့သည်။ ဒေသခံအကြံပေးပုဂ္ဂိုလ်များ၏ ပါဝင်လမ်းညွှန်မှုဖြင့် ဒေသခံပြည်သူ (၁၂) ဦးကို အင်တာနက်နှင့်ဖုန်းများမှတဆင့် ဆက် သွယ်မေးမြန်းခြင်းများကိုလည်း ပြုလုပ်ခဲ့သည်။

ဤအစီရင်ခံစာတွင် မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်းက လာမည့် နိုဝင်ဘာလ (၈) ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ ကြီးမှူးကျင်းပမည့် အလွှာစုံပါဝင်ပြီး လွှတ်လပ်မျှတသော ရွေးကောက်ပွဲဖြစ်ရန် အဟန့်အတားဖြစ်နေသည့် ရွေး ကောက်ပွဲဆိုင်ရာ ဥပဒေများ၊ နည်းဥပဒေများနှင့် နိုင်ငံရေးကတိကဝတ်များကို လေ့လာသုံးသပ်ခဲ့ပြီး ရွေးကောက်ပွဲမှ ဖယ်ကြဉ်ခံရ မှုနှုန်းမြင့်မားသည့် အုပ်စုများဖြစ်သော ကျေးလက်နေပြည်သူများ အထူးသဖြင့် သက်ကြီးရွယ်အိုနှင့် အမျိုးသမီးများ၊ အခြားနည်း ဖြင့် သန်စွမ်းသူများ၊ ပထမဆုံးမဲပေးမည့်လူငယ်များနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ထိန်းချုပ်ရာဒေသမှ ပြည် တွင်းအိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြသူများ (IDPs) ၏ အခက်အခဲစိန်ခေါ်မှုများနှင့် ၎င်းတို့၏ နိုင်ငံရေးပါတီများအ ပေါ် ခွဲခြားကန့်သတ်ပြဌာန်းမှုများအပေါ် စိုးရိမ်ပူပန်မှုများကို မှတ်တမ်းပြုဖော်ပြထားသည်။

ထို့အပြင် ရွေးကောက်ပွဲအကြိုကာလအတွင်း ကျေးလက်နေပြည်သူများအနေဖြင့် သတင်းအချက်အလက် လက်လှမ်းမမီခြင်း၊ ရွေး ကောက်ပွဲဆိုင်ရာ ပညာပေးမှုလိုအပ်နေခြင်း၊ မဲစာရင်းမှားယွင်းမှုများနှင့် အချို့ဒေသများတွင် လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်း ကြောင့် မဲရုံသို့ သွားလာရာတွင် အခက်အခဲများ ရှိနေခြင်း ဖြစ်ရပ်များကိုလည်း တင်ပြဆွေးနွေးထားသည်။

ရွေးကောက်ပွဲကျင်းပရန် ရက်သတ္တပတ် (၄) ပတ်သာကျန်ရှိတော့သည့်တိုင် ရွေးကောက်ပွဲကျင်းပမှုနှင့်ပတ်သက်၍ ဒေသခံအာဏာ ပိုင်ဖြစ်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ နိုင်ငံတော်အစိုးရနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အကြား တိကျသည့် မူဝါဒနှင့်လုပ်ငန်းစဉ်များ မရှိနေသေးခြင်း၊ လူဦးရေနှင့်မဲစာရင်းဆိုင်ရာ အချက်အလက်များ တိကျမှန်ကန်မှု အားနည်း နေခြင်း၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်း၊ မဲရုံများ ဝေးကွာလွန်းနေခြင်းအပြင် ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှုနှင့် ယုံကြည် မှု အားနည်းခြင်းများကိုလည်း မှတ်တမ်းပြုဖော်ပြကာ သက်ဆိုင်ရာ အစုအဖွဲ့များကို အကြံပြုထားပါသည်။

“လွတ်လပ်မျှတ ဆောင်ရွက်ကြ” ဟူသော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ဆောင်ပုဒ်အတိုင်း ပိုမိုကောင်းမွန်သည့် ရွေး ကောက်ပွဲကျင်းပနိုင်ရန်အတွက် ဖယ်ကြဉ်ခံရမှုမရှိဘဲ အားလုံးတန်းတူညီမျှပါဝင်နိုင်သော အခင်းအကျင်းမျိုးရှိရန်၊ သက်ဆိုင်သူ အားလုံးအနေဖြင့် ဖော်ပြပါရှိသော စိုးရိမ်ပူပန်မှုများ၊ အခက်အခဲစိန်ခေါ်မှုများအား ဖြေရှင်းနိုင်မည့် နည်းလမ်းများကို ရှာဖွေနိုင် ခြင်းဖြင့် ပြန်လည်ဖြည့်ဆည်း ဆောင်ရွက်သွားနိုင်စေရန် ဦးတည်ပါသည်။ သို့မှသာ လာမည့် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲ၏ အနှစ် သာရကို ဖော်ဆောင်နိုင်မည့်အပြင် စစ်မှန်သော ဒီမိုကရေစီစနစ်နှင့် ငြိမ်းချမ်းသော ဖက်ဒရယ်ပြည်ထောင်စုကိုပါ တည်ဆောက် နိုင်မည် ဖြစ်ကြောင်း ဤအစီရင်ခံမှ ထပ်လောင်းဆန္ဒပြုတိုက်တွန်းအပ်ပါသည်။

အသေးစိတ်ထပ်မံသိရှိလိုပါက ဆက်သွယ်ရန် –
——————————————-
နိုင်ဗညားအက်ဗန်၊ Coordinator, မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း
၀၉ ၉၆၁ ၉၁၉ ၇၅၇၊ ogvon@rehmonnya.org (မြန်မာ/အင်္ဂလိပ်/မွန်)
နိုင်အဲမွန်၊ လုပ်ငန်းအစီအစဉ်ဒါရိုက်တာ၊ မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း
+၆၆ (ဝ) ၈၆ ၁၆၇၉ ၇၄၁၊ auemon@rehmonnya.org, auemon@gmail.com (မြန်မာ/အင်္ဂလိပ်/မွန်)


မြန်မာဘာသာ အစီရင်ခံစာအား Download ရန်

Announcements


PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Subscribe

Copyright © 2017 - 2026 All Rights Reserved - Progressive Voice (PV)
Website by Bordermedia