06 October 2021
[၂၀၂၁ ခုနှစ် အောက်တိုဘာလ ၆ ရက်] အလှူရှင်များနှင့် နိုင်ငံတကာလူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့် မြန်မာနိုင်ငံတွင် ပဋိပက္ခအကဲဆတ်မှုနှင့်ပတ်သက်၍ သေချာစွာ လုပ်ဆောင်ရမည်ဖြစ်ပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို “မည်သူမျှ ထိခိုက်နစ်နာခြင်း မရှိစေရေး” ဟူသည့် သွေးစည်းညီညွတ်မှု အခြေခံသော ချဉ်းကပ်မှုကို ကျင့်သုံးရမည်ဟု အရပ်ဘက်လူထုအဖွဲ့အစည်း ၁၀ ဖွဲ့က ပြောသည်။ ထို့အပြင် ကူညီထောက်ပံ့မှုများသည် လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်မှုအား ထိခိုက်မှုမရှိစေရေး သတိထားလုပ်ဆောင်ရမည်ဖြစ်သည့်အပြင် ကူညီထောက်ပံ့မှုများကို နယ်စပ်ဖြတ်ကျော် လမ်းကြောင်းများ၊ ဒေသခံ လူသားချင်း စာနာထောက်ထားမှုနှင့် ဆေးဘက်ဆိုင်ရာကွန်ရက်များ၊ ကျန်းမာရေးနှင့် ကူညီထောက်ပံ့ရေးဆိုင်ရာ လုပ်ဆောင်နေသော တိုင်းရင်းသား အဖွဲ့အစည်းများ၊ လူထုအခြေပြုအဖွဲ့အစည်း (CBO) များနှင့် အရပ်ဘက်လူထုအဖွဲ့အစည်း (CSO) များမှတစ်ဆင့် ပံ့ပိုးဖြန့်ဝေရမည်ဟု ထိုအဖွဲ့များက ဆိုသည်။
“ကူညီထောက်ပံ့မှု ပေးတဲ့နေရာမှာ စစ်အုပ်စုနဲ့ လက်တွဲလုပ်ဆောင်တာဟာ ကြားနေမှု မဟုတ်တဲ့ အတွက် အဲဒါကို ကျင့်ဝတ်နဲ့ညီတဲ့ “ကြားနေမှု” လို့ ပြောလို့ မရဘူး။ စစ်အုပ်စုက မြန်မာနိုင်ငံမှာ လက်ရှိ ရင်ဆိုင်နေရတဲ့ အကျပ်အတည်း အမျိုးမျိုးတွေရဲ့ အဓိကအရင်းခံ ဖြစ်တယ်။ ပြီးတော့ အလွန်ဆိုးရွားတဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်နေသူတွေဖြစ်သလို လူအများအပြား နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရမှု ဖြစ်စေတဲ့ တရားခံလည်း ဖြစ်တယ်။” ဟု မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်းမှ နိုင်အဲမွန်က ပြောသည်။ “ကျနော်တို့ လိုအပ်နေတာက အကူအညီတွေ ပေးတဲ့နေရာမှာ စိတ်အားထက်သန်မှု၊ ကျွမ်းကျင်မှု၊ စွမ်းဆောင်နိုင်မှုနှင့် အစဥ်တစိုက် လည်ပတ်လုပ်ဆောင်နိုင်ခဲ့ပြီးဖြစ်တဲ့ ဒေသခံ လူထုအသိုင်းအဝိုင်းတွေကို ဗဟိုပြုထားတဲ့ “မည်သူမျှ ထိခိုက်နစ်နာခြင်း မရှိစေရေး” ချဥ်းကပ်မှုမျိုးပဲ ဖြစ်ပါတယ်။” ဟု ၎င်းက ဆက်ပြောသည်။
“ပြေးစရာ မြေမရှိ – ပို၍နက်ရှိုင်းလာနေသော မြန်မာနိုင်ငံရှိ လူသားချင်စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်း” ဟုအမည်ပေးထားသော စာတမ်းတိုသည် ဖေဖော်ဝါရီလမှစ၍ မြန်မာနိုင်ငံတွင် တရားမဝင် အာဏာသိမ်းရန် ကြိုးပမ်းမှု ဖြစ်ပြီးနောက်ပိုင်း ၇ လတာ ကာလအတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်း ပိုမိုဆိုးရွားလာနေခြင်းအပေါ် အလေးပေးဖော်ပြထားသည့် ပူးတွဲစာတမ်းတို တစ်ခုဖြစ်သည်။ ထို့အပြင် ယင်းစာတမ်းတိုတွင် တိုင်းရင်းသားဒေသများအတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို ဒေသခံအဖွဲ့အစည်းများမှတစ်ဆင့် မည်သို့ထိရောက်စွာ ဖြန့်ဝေနိုင်ကြောင်းနှင့်ပတ်သက်၍ တိုင်းရင်းသား လူထုကိုယ်စားလှယ်များ၏ အဓိကျသော အမြင်သဘောထားများကိုလည်း မီးမောင်းထိုး ဖော်ပြထားသည်။
ယင်းစာတမ်းတိုအတွက် တွေ့ဆုံမေးမြန်းမှု ဖြေဆိုခဲ့သူများက အလှူရှင်များ၏ တင်းကျပ်လှသော လုပ်ထုံးလုပ်နည်းများကြောင့် ရန်ပုံငွေများ ရရှိရန် အခက်အခဲများရှိနေကြောင်း ပြောပြကြပြီး အလှူရှင်များအနေဖြင့် ဖြေလျှော့မှုများလုပ်ဆောင်ရန်၊ လျှောက်လွှာများကို လျင်မြန်စွာ စိစစ်ဆောင်ရွက်ရန်နှင့် ယခုကဲ့သို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးပေါ်အခြေအနေတွင် ရန်ပုံငွေများ လက်လှမ်းမှီနိုင်ရေး ဗျူရိုကရေစီ အတားအဆီးများကို ဖယ်ရှားပေးရန် တိုက်တွန်းတောင်းဆိုထားသည်။
“တင်းကျပ်လှတဲ့ အလှူရှင်တွေရဲ့ လုပ်ထုံးလုပ်နည်းတွေက မြန်မာပြည်သူတွေရဲ့အသက်ကို ကယ်နိုင်ဖို့အတွက် လိုအပ်တဲ့ အရေးပေါ်ရန်ပုံငွေတွေကို ဒေသခံလူထုကိုယ်စားလှယ်တွေ လက်လှမ်းမှီနိုင်ဖို့ အရမ်းကို ခက်ခဲစေတယ်။” ဟု ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက်မှ စောအဲလက်စ်က ပြောသည်။ “ကျနော်တို့ တည်ဆောက်ထားတဲ့ ဒေသခံလူထုအသိုင်းအဝိုင်း အဆောက်အအုံတွေဟာ ပြည်တွင်းစစ်နဲ့ အရင်အာဏာရှင်စနစ်တစ်လျှောက်လုံးမှာ ပြည်သူလူထုတွေကို ဆယ်စုနှစ်ပေါင်းများစွာ ကူညီပံ့ပိုးမှုတွေ လုပ်ဆောင်နေခဲ့တာ ဖြစ်ပါတယ်။ အလှူရှင်တွေ၊ INGO တွေအနေနဲ့ ပဋိပက္ခအကဲဆတ်မှုကို သေသေချာချာ သတိထား လုပ်ဆောင်ရမှာဖြစ်ပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို လက်ရှိကိုင်တွယ်ဖြေရှင်းနေတဲ့ ရှိနှင့်ပြီးသား ဒေသခံလူထုအဖွဲ့အစည်းတွေရဲ့ အသံကိုနားထောင်ပြီး သူတို့ရဲ့ ဝန်ဆောင်မှုတွေကို ကူညီပံ့ပိုးပေးရမှာ ဖြစ်တယ်။” ဟု ၎င်းက ဆက်ပြောသည်။
စစ်အုပ်စုမှ အကူအညီများကို ထိန်းချုပ်ခြင်း၊ ကန့်သတ်ခြင်း သို့မဟုတ် ဖျက်ဆီးခြင်းအားဖြင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို လက်နက်သဖွယ် မည်ကဲ့သို့ အသုံးချနေကြောင်းအပြင် ၎င်းတို့သည်သာ ပြည်သူများကို ကာကွယ်ပေးနေသည် ဆိုသော ဝါဒဖြန့်ရေးသားဖော်ပြမှုများ ဆက်လက်လုပ်ဆောင်နေမှုကိုလည်း ယင်းစာတမ်းတိုတွင် ဖော်ပြထားသည်။ ယင်းစာတမ်းတိုတွင် ကချင်၊ ကရင်၊ ရှမ်း၊ ကရင်နီ၊ ချင်းနှင့် ရခိုင်ပြည်နယ်များရှိ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အခြေအနေများအပေါ် အလေးပေးဖော်ပြသည့်တစ်ချိန်တည်းတွင် မြန်မာနိုင်ငံ အလယ်ပိုင်းနှင့် တောင်ပိုင်းဒေသများရှိ နိုင်ငံတစ်ဝှမ်း ရင်ဆိုင်ခံစားနေရသည့် နေရပ်စွန့်ခွာထွက်ပြေး တိမ်းရှောင်ရမှု၊ အစာရေစာ ရှားပါးမှုများ၊ အလုပ်အကိုင် ဆုံးရှုံးမှုများ၊ အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာ အခက်အခဲများနှင့် COVID-19 တိုက်ဖျက်ရေးတွင် ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်ခြင်းတို့အပါအဝင် စစ်အုပ်စု၏ ဆိုးရွားသော အကြမ်းဖက်ရေး လှုပ်ရှားမှုများကြောင့် ယိုယွင်းပျက်စီးလာနေသည့် နောက်ဆက်တွဲ ဆိုးကျိုးများကိုလည်း ဖော်ပြထားသည်။
“လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ကိုင်ဆောင်ရွက်မှုတွေကို အာဆီယံနဲ့ AHA Center က ဦးဆောင်ဖို့အတွက် ပြောဆိုဆွေးနွေးမှုတွေနဲ့ မျှော်မှန်းမှုတွေ အများကြီး ရှိနေတယ်။ ဒါပေမယ့် သူတို့မှာ လွတ်လပ်မှုလည်း မရှိသလို ဒီအတိုင်းအတာထိဖြစ်နေတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းနိုင်တဲ့ လုပ်ကိုင်နိုင်စွမ်း သူတို့မှာ မရှိဘူး။” ဟု ရှေ့ပြေးအသံအဖွဲ့မှ ဒေါ်ခင်ဥမ္မာက ပြောသည်။ “အာဆီယံ တစ်ခုတည်းနဲ့ လက်ရှိမြန်မာနိုင်ငံရဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းနိုင်မှာ မဟုတ်ဘူး။ ဒီအကျပ်အတည်းတွေကို စစ်အုပ်စုက ဖန်တီးထားတာဖြစ်တဲ့အတွက်ကြောင့် စစ်အုပ်စုနဲ့ပူးပေါင်းလုပ်ဆောင်တာဟာ မြန်မာပြည်သူတွေအတွက် အကောင်းထက် အဆိုးပဲ ပိုဖြစ်စေမှာ ဖြစ်တယ်။ အာဆီယံအနေနဲ့ ပြည်သူလူထု ယုံကြည်မှုရရှိထားတဲ့ ဒေသခံလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ ကျွမ်းကျင်မှု၊ လုပ်ကိုင်ဆောင်ရွက်မှုနဲ့ တရားဝင်မှုကို လေးစားရမှာဖြစ်ပြီး သူတို့ကို တန်းတူညီမျှတဲ့ မိတ်ဖက်အဖြစ် ဗဟိုပြုထားတဲ့ ကုလသမဂ္ဂရဲ့ ညီညွတ်တဲ့ ပူးပေါင်းဆောင်ရွက်တုံ့ပြန်မှု ဖော်ဆောင်ရေးကို လုပ်ရမှာ ဖြစ်တယ်။” ဟု ၎င်းက ဆက်ပြောသည်။
ဤမျိုးစုံသော အကျပ်အတည်းများကို ထိရောက်ပြီး ရေရှည်တည်တံ့သော ဖြေရှင်းမှု ဖြစ်စေရန်မှာ AHA Center၊ ကုလသမဂ္ဂ၊ အလှူရှင်များနှင့် တခြားနိုင်ငံတကာ အဖွဲ့အစည်းများအနေဖြင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်း ဖြစ်ပေါ်စေသူနှင့် ထိုအခြေအနေ ဆိုးရွားစေရန် ဆက်လက်ကျူးလွန်သူ စစ်အုပ်စုအပေါ် မှီခိုလုပ်ဆောင်မည့်အစား ပြည်သူလူထုအား အပြည့်အဝ ကူညီပေးနိုင်သော မြေပြင်ရှိ CSO များ၊ CBO များ၊ ကျန်းမာရေးနှင့် ကူညီထောက်ပံ့ရေးဆိုင်ရာ လုပ်ဆောင်နေသော တိုင်းရင်းသား အဖွဲ့အစည်းများနှင့် အဓိပ္ပာယ်ပြည့်ဝစွာ ပူးပေါင်းဆောင်ရွက်ပြီး အထက်မှအောက်သို့ စီးဆင်းသော ချဥ်းကပ်မှုများနှင့် ဆုံးဖြတ်ချက်များ လုပ်ဆောင်ခြင်းမှတစ်ဆင့် ၎င်းတို့၏ဝန်ဆောင်မှုများ အားကောင်းလာစေရေး လုပ်ဆောင်ရမည်ဟု ဤစာတမ်းတို ပူးတွဲထုတ်ဝေထားသော အဖွဲ့အစည်းများက ဆိုသည်။
ပြေးစရာ မြေမရှိ – ပို၍နက်ရှိုင်းလာနေသော မြန်မာနိုင်ငံရှိ လူသားချင်စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်း စာတမ်းတိုကို မြန်မာဘာသာဖြင့် ဤနေရာတွင် ရယူနိုင်သည်။
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.