မြန်မာပြည်သူများ၏ မှန်ကန်သော ကိုယ်စားပြုမှုအသံကို စစ်အုပ်စုမှ လုယူနိုင်သည့်အပေါ် စိုးရိမ်နေချိန် UN တွင် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာကိုယ်စားလှယ်အဖြစ် ဆက်လက်ထားရှိပေးရန် အရပ်ဘက်လူထုအဖွဲ့အစည်းများက UN ကို တောင်းဆို

မြန်မာပြည်သူများ၏ မှန်ကန်သော ကိုယ်စားပြုမှုအသံကို စစ်အုပ်စုမှ လုယူနိုင်သည့်အပေါ် စိုးရိမ်နေချိန် UN တွင် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာကိုယ်စားလှယ်အဖြစ် ဆက်လက်ထားရှိပေးရန် အရပ်ဘက်လူထုအဖွဲ့အစည်းများက UN ကို တောင်းဆို

[၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁၃ ရက်] ကုလသမဂ္ဂ (UN) အဖွဲ့ဝင်နိုင်ငံများအနေဖြင့် မြန်မာနိုင်ငံ၏ UN ဆိုင်ရာ လက်ရှိ အမြဲတမ်းကိုယ်စားလှယ်ဖြစ်သော သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ၎င်း၏ လက်ရှိရာထူး နေရာတွင် ဆက်လက်ထားရှိရန် မြန်မာနှင့် နိုင်ငံတကာအရပ်ဘက်အဖွဲ့အစည်း ၃၅၈ ဖွဲ့တို့က ကုလသမဂ္ဂ အထွေထွေညီလာခံ (UNGA) ၏ အဖွဲ့ဝင်များထံသို့ ပေးပို့သော အိတ်ဖွင့်ပေးစာတွင် တောင်းဆိုထားသည်။

စက်တင်ဘာလ ၁၄ ရက်နေ့တွင် (တရုတ်၊ ရုရှားနှင့် အမေရိကန်ပြည်ထောင်စု အပါအဝင်) UN အဖွဲ့ဝင် နိုင်ငံ ၉ နိုင်ငံတို့ပါဝင်သော UN ၏ အထောက်အထားစိစစ်ရေးကော်မတီ (Credentials Committee) မှ တွေ့ဆုံပြီး သံအမတ်ကြီး ဦးကျော်မိုးထွန်း နှင့် ဖေဖော်ဝါရီလမှစ၍ သွေးစွန်းသည့် အာဏာသိမ်းရေး ကြိုးပမ်းမှုကို လုပ်ဆောင်နေသော တရားမဝင်စစ်အုပ်စု တို့အကြား UN တွင် မြန်မာနိုင်ငံ၏ ကိုယ်စားလှယ်ဖြစ်ခွင့် အပြိုင်အဆိုင် လျှောက်ထားမှုကို စဉ်းစားဆုံးဖြတ်မည် ဖြစ်သည်။ စစ်အုပ်စု၏ အာဏာသိမ်းရန် ကြိုးပမ်းခဲ့စဉ်မှစ၍ သံအမတ်ကြီး ဦးကျော်မိုးထွန်းသည် မြန်မာပြည်သူများနှင့် ၎င်းတို့၏ တရားဝင်အစိုးရဖြစ်သော အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) အတွက် အလွန်အရေးပါသော ကိုယ်စားပြုမှုအသံကို UN တွင် ပေးနေခဲ့သည်။ အထောက်အထားစိစစ်ရေးကော်မတီအနေဖြင့် မြန်မာနိုင်ငံ၏ ကိုယ်စားပြုမှုနှင့်ပတ်သက်သော ၎င်းတို့၏ ဆွေးနွေးမှုများအပြီးတွင် UNGA သို့ ၎င်း၏ အကြံပြုချက်များကို တင်ပြလိမ့်မည် ဖြစ်သည်။

ရှေ့ပြေးအသံအဖွဲ့  (PV) တည်ထောင်သူ ဒေါ်ခင်ဥမ္မာက “UN အဖွဲ့ဝင်တွေက သူတို့အဆင်ပြေဖို့ အဓိကထားပြီး မလုပ်မရှုပ်သဘောနဲ့ ဆုံးဖြတ်ခဲ့ရင် မြန်မာပြည်သူတွေရဲ့ စစ်မှန်တဲ့ ကိုယ်စားပြုမှုအသံကို UN မှာ လုယူခံလိုက်ရတာမျိုး၊ တစ်နည်းအားဖြင့် ပြည်သူကို အညှာအတာမဲ့ သတ်ဖြတ်နှိပ်စက်နေတဲ့ စစ်အုပ်စုကိုပဲ သူတို့သတ်နေတဲ့ ပြည်သူကို ကိုယ်စားပြုဖို့ ရွေးချယ်သတ်မှတ်လိုက်မျိုး ဖြစ်ပေါ်စေမယ့် အန္တရာယ်ရှိနေပါတယ်။ အဲဒါကြောင့် ကျမတို့အနေနဲ့ လူသားဆန်မှု၊ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးတို့ကို တန်ဖိုးထားပြီး ပြည်သူ့ဆန္ဒကို လေးစားတဲ့ UN အဖွဲ့ဝင်နိုင်ငံတွေကို တောင်းဆိုချင်တာက မြန်မာပြည်သူတွေ ပြတ်ပြတ်သားသား တောင်းဆိုနေတဲ့အတိုင်း စစ်အုပ်စုနဲ့ သူတို့ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ဆန့်ကျင်ပြီး ဦးကျော်မိုးထွန်းနဲ့ NUG ကို လူသိရှင်ကြား ထောက်ခံရပ်တည်ပေးဖို့ ဖြစ်ပါတယ်။” ဟု ပြောသည်။

ဖေဖော်ဝါရီလ အာဏာသိမ်းရန် ကြိုးပမ်းချိန်မှစ၍ စစ်အုပ်စုသည် လူဦးရေ ၁,၀၅၈ ဦးကို သတ်ဖြတ်ခြင်း၊ ၇,၉၉၂ ဦးကို ဖမ်းဆီးခြင်း၊ ကလေး ၁၀၄ ဦး အပါအဝင် ၆,၃၄၃ ဦးကို ထိန်းသိမ်းခြင်း၊ ၁၁၈ ဦးကို မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခြင်း၊ ၃၉ ဦးကို မျက်ကွယ်သေဒဏ်ချမှတ်ခြင်း နှင့် မရေတွက်နိုင်သော  ညှဉ်းပန်းနှိပ်စက်ခြင်းများနှင့် လိင်ပိုင်းဆိုင်ရာစော်ကားခြင်းများကို ကျူးလွန်လုပ်ဆောင်နေလျက်ရှိသည်။ ထို့အပြင် စစ်အုပ်စုသည် အစိုးရလုပ်ငန်းများ လည်ပတ်စေရန် တည်ဆောက်နိုင်ခြင်း မရှိသကဲ့သို့ မြန်မာနိုင်ငံ၏ နယ်မြေများကိုလည်း ထိရောက်စွာ ထိန်းချုပ်နိုင်ခြင်း မရှိပေ။ ထိုမျှသာမက စစ်အုပ်စုသည် COVID-19 ထိန်းချုပ်မှုကို ကြိုးပမ်လုပ်ဆောင်ရမည့်အစား  ဆေးဘက်ဆိုင်ရာပစ္စည်းများကို သိမ်းပိုက်ခြင်း၊ အောက်စီဂျင်ကို သိုလှောင်ခြင်း၊ ကျန်းမာရေးလုပ်သားများကို ညှဉ်းဆဲခြင်း၊ နှင့် အကူအညီတောင်းဆိုသော လူအုပ်စုများကို ပစ်ခတ်ခြင်း တို့ကြောင့် ရောဂါကပ်ဆိုးကြီးကို မထိန်းချုပ်နိုင်ဘဲ ကမ္ဘာလုံးဆိုင်ရာ ရောဂါထိန်းချုပ်ရန် ကြိုးပမ်းမှုကို ထိခိုက်ပျက်စီးစေပါသည်။

ASEAN Parliamentarians for Human Rights (APHR) အဖွဲ့၏ ဘုတ်အဖွဲ့ဝင်နှင့် ထိုင်းနိုင်ငံ၏ နိုင်ငံခြားရေး ဝန်ကြီးဟောင်း ကာဆစ် ပီရိုမျာက စစ်အုပ်စုဟာ ကုလသမဂ္ဂရဲ့ အဓိက တန်ဖိုးတွေဖြစ်တဲ့ ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေး၊ တရားမျှတမှုနဲ့ လူမှုတိုးတက်ရေးတွေနဲ့ အလွန်ဆန့်ကျင်နေတယ်။ သူတို့ကို UN မှာ နေရာယူခွင့် ပေးမယ်ဆိုရင် မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီ ထပ်တွေ့နိုင်မယ့် အလားအလာကို ဖျက်ဆီး လိုက်ရုံသာမကဘဲ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ ကုလသမဂ္ဂအပေါ် လေးစားယုံကြည်မှုကိုပါ ပျက်စီးသွားစေမှာ ဖြစ်ပါတယ်။” ဟု ပြောသည်။

Global Centre for the Responsibility to Protect အဖွဲ့၏ အမှုဆောင်ဒါရိုက်တာ ဒေါက်တာ ဆိုင်မွန် အဒမ်စ်က “မြန်မာစစ်တပ်က လူမျိုးတုံးသတ်ဖြတ်မှု၊ လူသားမျိုးနွယ်အပေါ် ဆန့်ကျင်တဲ့ ရာဇဝတ်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေအတွက် တာဝန်ရှိပြီး အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ပြည်သူတွေကိုလည်း ဆက်လက်ပြီး ဖမ်းဆီးသတ်ဖြတ်နေတယ်။ ဇွန်လတုန်းက UNGA မှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ရက်ကစလို့ မြန်မာစစ်တပ်ရဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေက အလွန်အကျွံနဲ့ သေစေလောက်တဲ့ အကြမ်းဖက်မှုတွေအပေါ် ပြစ်တင်ရှုတ်ချဖို့အတွက်  မဲပေးခဲ့ကြပြီး စစ်တပ်အနေနဲ့ လူထုရဲ့ဆန္ဒကို လေးစားဖို့လည်း UNGA က တောင်းဆိုခဲ့တယ်။ ဒီရှုတ်ချမှုက ဖော်ပြနေတာက စစ်အုပ်စုရဲ့ လုပ်ဆောင်ချက်တွေဟာ UN ပဋိညာဉ်စာတမ်းရဲ့ ရည်ရွယ်ချက်၊ အခြေခံမူတွေနဲ့ ဆန့်ကျင်နေတယ်ဆိုတာကို နိုင်ငံတကာအသိုင်းအဝိုင်းက ပေးလိုက်တဲ့ ရှင်းလင်းတဲ့ သတင်းစကားတစ်ခု ဖြစ်ပါတယ်။ အဲဒါကြောင့် ဘယ်နိုင်ငံကမှ မြန်မာစစ်အုပ်စုကို အသိအမှတ်ပြုတာ ဒါမှမဟုတ် ထောက်ခံတာမျိုး မလုပ်သင့်ဘူး။” ဟု ပြောသည်။

 

အိတ်ဖွင့်ပေးစာအပြည့်အစုံကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

 

ပိုမိုသိရှိလိုပါက ဆက်သွယ်ရန်

  • ဒေါ်ခင်ဥမ္မာ၊ ရှေ့ပြေးအသံအဖွဲ့၊  [email protected]
  • ကာဆစ် ပီရိုမျာ၊ ASEAN Parliamentarians for Human Rights၊ +66 8 18 99 29 96
  • နာဒီရာ ကို့တ်၊ Global Centre for the Responsibility to Protect၊ [email protected]

သတင်းထုတ်ပြန်ချက် PDF ဖိုင်ကိုရယူရန်။

View English version of the press release.

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia