Press Release 817 Views

လူမျိုးတုန်းသတ်ဖြတ်မှုအပေါ် ပြစ်မှုမြောက်သည့် KBZ နှင့် Max Myanmar တို့၏ ထောက်ပံ့မှုများအတွက် တာဝန်ခံရန် Justice For Myanmar မှ တောင်းဆိုလိုက်သည်။

August 24th, 2020  •  Author:   Justice For Myanmar  •  1 minute read
Featured image

KBZ နှင့် Max Myanmar တို့၏ နိုင်ငံတကာ စီးပွားမိတ်ဖက်များအနေဖြင့် တရားမျှတမှု ဖော်ဆောင်ရမည်။

သြဂုတ် ၂၄ ၂၀၂၀။ မြန်မာနိုင်ငံ

မြန်မာစစ်တပ်၏ ရိုဟင်ဂျာများအပေါ်ကျူးလွန်သော လူမျိုးတုန်းသတ်ဖြတ်မှု စစ်ဆင်ရေး သုံးနှစ်ပြည့်ချိန်တွင် Justice For Myanmar မှ ခရိုနီလုပ်ငန်းစုများဖြစ်သည့် KBZ  နှင့် Max Myanmar တို့အား နိုင်ငံတကာတရားဥပဒေနှင့်အညီ ရာဇဝတ်မှုစုံစမ်းစစ်ဆေးရေး ဆောင်ရွက်ရန်တောင်းဆိုလိုက်သည်။ အဆိုပါ လုပ်ငန်းကြီးနှစ်ခုလုံးသည် ကုလသမဂ္ဂ၏စီးပွားရေး နှင့် လူ့အခွင့်အရေးဆိုင်ရာ လမ်းညွှန်ချက်များအရ တရားမျှတမှုနှင့်၊ လူမျိုးတုန်းသတ်ဖြတ်ခံရမှုမှ နစ်နာသူများနှင့် အသက်ရှင်ကျန်ရစ်သူများကို ကုစားမှုပေးရန် တာဝန်ရှိသည့် နိုင်ငံတကာစီးပွားမိတ်ဖက်များနှင့် ကွန်ယက်များ တည်ဆောက်ထားကြသည်။

KBZ နှင့် Max Myanmar တို့၏ စီးပွားမိတ်ဖက်များသည် နစ်နာသူများ နှင့် အသက်ရှင်ကျန်ရစ်သူများအတွက် တရားမျှတမှုနှင့် တာဝန်ခံမှု ရှိစေရန်အတွက် ချက်ချင်းဆောင်ရွက်ရပါမည်။ လက်ရှိအချိန်ထိမူ ၎င်းတို့သည် လူ့အခွင့်အရေးဆိုင်ရာ သေချာစေရေး လုပ်ဆောင်ရမည့် တာဝန်ရှိမှုများကို ပျက်ကွက်နေဆဲပင်ဖြစ်ပါသည်။ အဆိုပါ စီးပွားမိတ်ဖက်များတွင် အမေရိကန်၊ ဥရောပသမဂ္ဂ၊ ဗြိတိန်၊ ဆွစ်ဇာလန် နှင့် ဂျပန်တို့မှ ကုမ္ပဏီကြီး များဖြစ်သည့် Shell ၊ AIA ၊ Accor ၊ Sumitomo Mitsui Banking Corporation ၊ Hughes Network Systems နှင့် Kempinski AG တို့ပါဝင်နေပါသည်။

Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “မြန်မာစစ်တပ်ဟာ စစ်တပ်နဲ့ခရိုနီစီးပွားရေးလုပ်ငန်းတွေရဲ့ အထောက်အပံ့တွေနဲ့ ရိုဟင်ဂျာလူမျိုးတွေအပေါ် ‘နယ်မြေရှင်းလင်းရေး’ စစ်ဆင်ရေးတွေ ဆင်နွှဲခဲ့တာပါ။ နိုင်ငံတကာ ရာဇဝတ်မှုတွေအတွက် ငွေကြေးထောက်ပံ့ပေးတယ်ဆိုတာကိုက ရာဇဝတ်မှုတစ်ခုပဲဖြစ်လို့ ဒီစီးပွားရေးလုပ်ငန်းများကို တာဝန်ခံမှုရှိအောင်လုပ်ရပါမယ်။ KBZ နဲ့ Max Myanmar တို့ရဲ့ နိုင်ငံတကာစီးပွားမိတ်ဖက်တွေဟာလည်း နှုတ်ဆိတ်နေခြင်းအားဖြင့် အလိုတူအလိုပါ ဖြစ်နေကြပါတယ်။ သူတို့အခုပဲ စတင်ဆောင်ရွက်ဖို့ အချိန်တန်ပါပြီ။” ဟုပြောကြားခဲ့သည်။

ရိုဟင်ဂျာများအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုကျူးလွန်ခြင်းကို အထောက်အကူပြုရန် စက်တင်ဘာ ၂၀၁၇ တွင် မြန်မာစစ်တပ်မှ ခရိုနီနှင့် တပ်ပိုင်စီးပွားရေးလုပ်ငန်းများဆီမှ အလှူငွေကောက်ခံ၍ ရံပုံငွေရှာဖွေခြင်းများစွာ ပြုလုပ်ခဲ့သည်။ စစ်တပ်၏ လုံခြုံရေးတပ်ဖွဲ့များကို ငွေကြေးထောက်ပံ့ပေးရုံမျှမက နေရပ်စွန့်ခွာ ထွက်ပြေးရသည့် ရိုဟင်ဂျာများ မိမိတို့နေရပ်သို့ ပြန်မလာနိုင်စေရန်အလို့ငှာ နယ်စပ်စည်းရိုးခတ်ဖို့အတွက်လည်း လှူဒါန်းမှုများ ပြုလုပ်ခဲ့ကြသည်။ အလှူရှင်များအနက် မြန်မာနိုင်ငံရှိ အကြီးဆုံး ခရိုနီလုပ်ငန်းစုကြီးများဖြစ်ကြသည့် KBZ Group သည် အမေရိကန်ဒေါ်လာ ၂.၄၇ သန်း လှုဒါန်းခဲ့ပြီး Max Myanmar ကလည်း အမေရိကန် ဒေါ်လာ ၉၇၆၈၅၇ လှူဒါန်းခဲ့ကြသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌအဖြစ် ဆောင်ရွက်ခဲ့သည့် ပြည်ထောင်စုလူသားချင်း စာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေးနှင့် ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) ကလည်း နယ်စပ်စည်းရိုးခတ်ရေးအတွက် ရံပုံငွေရှာဖွေခြင်းများ ထပ်မံပြုလုပ်ခဲ့ပါသည်။ KBZ မှ အမေရိကန် ဒေါ်လာ ၂.၂ သန်း နှင့် Max Myanmar မှ အမေရိကန်ဒေါ်လာ ၆၅၄၀၀၀ လှူဒါန်းခဲ့ကာ အဓိကအလှူရှင်များ ဖြစ်နေပြန်သည်ကို တွေ့ရသည်။

၂၀၁၉ သြဂုတ်လတွင် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော နိုင်ငံတကာအချက်အလက် ရှာဖွေရေးမစ်ရှင် (UN FFM) က အထက်ဖော်ပြပါ လှူဒါန်းမှုများကို စုံစမ်းစစ်ဆေးပြီးနောက် မစ်ရှင်အနေနှင့် KBZ နှင့် Max Myanmar တို့၏ တာဝန်ရှိသူများအား ရာဇဝတ်ကြောင်းအရ စုံစမ်းစစ်ဆေးသင့်ပြီး၊  လိုအပ်ပါက လူသားမျိုးနွယ်အပေါ် ဆန့်ကျင်သော ရာဇဝတ်မှု တွင်ပါဝင်သည့် “အခြားလူမဆန်သောလုပ်ရပ်များ” ကျူးလွန်ရန် ငွေအများအပြားဖြင့် တိုက်ရိုက်ထောက်ပံ့ပေးသည့်အပေါ် ရာဇဝတ်ကြောင်းအရ အရေးယူမှုများ ပြုလုပ်နိုင်ရန် ခိုင်လုံသောအချက်အလက်များလည်း ရရှိထားပြီ” ဟု သုံးသပ် ပြောကြားထားပါသည်။

ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးမစ်ရှင်၏ အကြံပြုချက်များကို လက်ရှိအချိန်ထိ ဂရုမစိုက်ကြသေးပါ။ KBZ နှင့် Max Myanmar တို့၏ စီးပွားမိတ်ဖက်များသည်လည်း လူ့အခွင့်အရေး သေချာစေရေးအပေါ် တာဝန်ရှိသည့်အတိုင်း အရေးယူ ဆောင်ရွက်ပေးရန် လိုပါသည်။

KBZ နှင့် Max Myanmar တို့၏ စီးပွားရေးမိတ်ဖက်များအား ၎င်းတို့တာဝန်ရှိမှု၏ အစိတ်အပိုင်းတစ်ခုအနေဖြင့် အောက်ပါတို့ကို ဆောင်ရွက်ပေးရန် Justice For Myanmar မှ တောင်းဆိုလိုက်သည်။

၁။ စစ်ရာဇဝတ်မှုများ ၊ လူသားမျိုးနွယ်ကိုဆန့်ကျင်သော ရာဇဝတ်မှုများအား ကူညီထောက်ပံ့နေသော (ဝါ) အားပေး အားမြှောက် ပြုနေသော ကော်ပိုရေးရှင်းများနှင့် စီးပွားရေးလုပ်ကိုင်ခြင်းမပြုပါရန်။

၂။ KBZ နှင့် Max Myanmar မှ မြန်မာစစ်တပ်နှင့် ပတ်သက်သော စီးပွားရေးလုပ်ငန်းများအားလုံး၊ မြန်မာစစ်တပ်နှင့် UEHRD အား လှူဒါန်းထားမှုများအားလုံးကို အများပြည်သူသိစေရန် ထုတ်ပြန်ပေးရန်။ အကယ်၍ KBZ နှင့် Max Myanmar တို့မှ လိုက်နာရန် ပျက်ကွက်ပါက စီးပွားရေးအရ ပတ်သက်မှုအားလုံးကို ဖြတ်တောက် ရပ်ဆိုင်းပစ်ပါရန်။

၃။ KBZ နှင့် Max Myanmar တို့အနေဖြင့် လက်ရှိအချိန် (ဝါ) နောင်အနာဂါတ်တွင် မြန်မာစစ်တပ်နှင့် မည်သည့် စီးပွားရေးအရဆက်ဆံမှုမျိုးမှ မရှိတော့ကြောင်း၊ လက်ရှိအချိန် (ဝါ) နောင်အနာဂါတ်ကာလတွင် မြန်မာစစ်တပ်သို့ ထောက်ပံ့လှုဒါန်းခြင်း မပြုလုပ်တော့ကြောင်း သက်သေအထောက်အထား တစ်စုံတစ်ရာ မပြနိုင်မချင်း စီးပွားရေးအရ ဆက်ဆံရေးများအား ဖြတ်တောက်ပစ်ရန်။ 

မရတနာမောင်က “KBZ နဲ့ Max Myanmar တို့ဟာ အပြစ်ပေးအရေးယူခြင်းမခံရဘဲ လုပ်ငန်းဆက်ပြီးလည်ပတ်နေတာဟာ လက်သင့်ခံဖွယ်မရှိပါဘူး။ ဒီအခြေအနေဟာ ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည် စခန်းတွေထဲမှာ စိတ်ထောင်းကိုယ်ကြေဖြစ်နေတဲ့ ၈၀၀,၀၀၀ သော အသက်ရှင်ကျန်လွတ်မြောက်သူ ရိုဟင်ဂျာတွေအတွက် သာမက၊ မြန်မာနိုင်ငံအတွင်းမှာ ကျန်ရှိနေခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့အမြောက်အများရဲ့ တင်းတင်းကြပ်ကြပ် စောင့်ကြည့်မှုအောက်မှာ အခြေခံလူ့အခွင့်အရေးချို့ငဲ့စွာနဲ့ ရက်ရက်စက်စက်ကျူးလွန်ခြင်း ခံနေရသူတွေ အတွက်တော့ နာကြည်းဖွယ်ရာပါ။ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးမစ်ရှင်ရဲ့ အကြံပြုတိုက်တွန်းမှုတွေကို အကောင်အထည်ဖေါ်ဆောင်ရွက်ရေးနဲ့ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်း သတ်ဖြတ်မှု၊ လူသားမျိုးနွယ်အပေါ်ဆန့်ကျင်တဲ့ ရာဇဝတ်မှုနဲ့ စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့သူတွေကို ကိုယ့်လုပ်ရပ်အတွက် ကိုယ်ပြန်လည်တာဝန်ခံမှုရှိရေး သေချာစေဖို့ ဟန်ချက်ညီညီ စုပေါင်းဆောင်ရွက်ကြရပါမယ်။” ဟု ဆက်လက်ပြောကြားသည်။

အယ်ဒီတာများသို့မှတ်ချက်

Justice For Myanmar သည် မြန်မာပြည်သူများအတွက် တရားမျှတမှုနှင့်တာဝန်ခံမှုရရှိစေရေး အတွက် စည်းရုံးလှုံ့ဆော်နေသည့် အမည်မဖော်လိုသော တက်ကြွလှုပ်ရှားသူ တစ်စုဖြစ်ပြီး ဖက်ဒရယ်ဒီမိုကရေစီနှင့် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးကို ရှေ့ရှုလျက် စစ်တပ် စီးပွားရေးလုပ်ငန်းများအားလုံး ရပ်ဆိုင်းရန် တောင်းဆိုလျက်ရှိ သည်။

လူမျိုးတုန်းသတ်ဖြတ်မှုများအား ထောက်ပံ့လှူဒါန်းမှုများအပေါ် ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးမစ်ရှင်၏ စုံစမ်းစစ်ဆေးမှုများနှင့် အကြံပြုတိုက်တွန်းချက်များကို အသေးစိတ်သိရှိလိုလျှင်- ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးမစ်ရှင်အစီရင်ခံစာ (မြန်မာစစ်တပ်၏ စီးပွားရေးအကျိုးအမြတ်များ) တွင်ကြည့်ရှုပါ။

ထပ်မံသိရှိလိုပါက –

ရတနာမောင်

အီးမေးလ် –  [email protected]

ဝဘ်ဆိုဒ် – https://www.justiceformyanmar.org/

တွစ်တာ – @justicemyanmar

ဖေ့ဘုတ် – https://www.facebook.com/justiceformyanmar.org/

PDF ဖိုင်ကိုမြန်မာဘာသာဖြင့်ယူရန်။

PDF ဖိုင်ကိုအင်္ဂလိပ်ဘာသာဖြင့်ယူရန်။