၂၀၂၀ ခုနှစ်၊ ဧပြီလအတွင်း ရခိုင်ပြည်အရေးနှင့် ပတ်သက်သည့် သတင်းသုံးသပ်ချက်

၂၀၂၀ ခုနှစ်၊ ဧပြီလအတွင်း ရခိုင်ပြည်အရေးနှင့် ပတ်သက်သည့် သတင်းသုံးသပ်ချက်

၁။ မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော်တို့၏ နှစ်ဖက်တိုက်ပွဲအကြားတွင် တိုက်ပွဲနှင့် မသက်ဆိုင်သည့် အရပ်သားများထိခိုက်သေဆုံမှုများ ယခင် မတ်လတွင် (၃၀) ဦး ရှိခဲ့ရာမှ ဧပြီလတွင် (၄၅) ဦး ထိမြင့်မားလာခဲ့သည်။

၂။ ၂၀၂၀ ခုနှစ်၊ ဧပြီလအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု အရေအတွက် စုစုပေါင်း (၅၈) မှုဖြစ်ပွါးခဲ့ရာ သေဆုံးသူ (၄၅) ဦး၊ ဒဏ်ရာရှိသူ (၈၂) ဦး၊ ဖမ်းဆီးချုပ်နှောင်ခံခဲ့ရသူ (၇၄) ဦး ရှိခဲ့ပြီး လူနေအိမ်ပေါင်း (၄၀) မီးလောင်ပျက်စီးမှု ရှိခဲ့သည်။

၃။ တချို့သော ဖြစ်စဉ်များတွင် နှစ်ဖက်တိုက်ပွဲမရှိသော်လည်း မြန်မာ့တပ်မတော်မှ ကျေးရွာ များသို့ လက်နက်ကြီး လက်နက်ငယ်များ ပစ်ခတ်နေသောကြောင့် ကျေးရွာသားများ သေဆုံး၊ ဒဏ်ရာရရှိမှု၊ လူနေအိမ်များ ပျက်စီးမှုနှင့် နေရပ်စွန့်ခွါမှုများ ရှိနေသည်။

၄။ ရက္ခိုင့်တပ်တော်မှ မြို့တွင်း၊ ကျေးရွာအနီးအနားတွင် မိုင်းခွဲ၊ တိုက်ခိုက်မှု အကြောင်းပြ ချက်များဖြင့် အရပ်သားပြည်သူများကို လူမဆန်စွာ ညှင်းပန်းနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်း၊ ဖမ်းဆီးချုပ်နှောင်ခြင်း၊ ကျေးရွာများပေါ်သို့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းနှင့် ကျေးရွာ များကို မီးရှို့ဖျက်ဆီးခြင်းတို့ကို လက်ရဲဇက်ရဲ လုပ်လာသည်များကိုလည်း တွေ့ရှိရသည်။

၅။ အကျိုးဆက်အနေဖြင့် နေရပ်စွန့်ခွါသူနှင့် ပြည်တွင်းစစ်ဘေးရှောင်ဒုက္ခသည် (IDP) ဦးရေတိုး မြင့်လာသည်။

၆။ မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော်တို့အကြား အပြန်အလှန် စွပ်စွဲပြောဆိုမှုများသာ ရှိနေပြီး ငြိမ်းချမ်းစွာအဖြေရှာသော နည်းလမ်းသို့ဦးတည်သည့် ထုတ်ပြန်ပြောဆိုမှုများကို မတွေ့ရှိ ရပေ။

၈။ မြန်မာ့တပ်မတော်မှ ဖမ်ဆီးသွားသော ကျေးရွာသားများအား မိသားစုဝင်များနှင့် တွေ့ဆုံ ခွင့်မပြုဘဲ အစအန ဖျောက်ဆုံးမှုများ ပိုမိုကျယ်ကျယ်ပြန့်ပြန့် တွေ့လာနေရသည်။

၉။ ရခိုင်ပြည်တွင်းရှိ မြန်မာ့တပ်မတော် စစ်ဆေးရေးဂိတ်များမှ အရေးပေါ်လူနာ တင်ယာဉ်များ အား လွတ်လွတ်လပ်လပ် သွားလာခွင့်မပြုသည့်အတွက် လူနာများ သေဆုံးသွားရသည့် အဖြစ် အပျက်မျိုးလည်း ပိုမိုတွေ့ရှိလာရသည်။

၁၀။ အရပ်သားပြည်သူများ ထိခိုက်သေဆုံးနေမှုအပေါ် တရားမျှတမှု ဖော်ဆောင်ရေးအတွက် မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်အပါဝင် အစိုးရနှင့် မြန်မာ့တပ်မတော်တို့မှ တာဝန် ယူမှု၊ တာဝန်ခံမှုများ ကင်းမဲ့နေသည်။

၁၁။ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများနှင့် ပတ်သက်၍ ကျူးလွန်သူများအပေါ် ပြစ်ဒဏ်ပေး အရေးယူခံရမှုများ ကင်းလွတ်နေသည်။

၁၂။ နေအိမ်များ မီးလောင်ခံရမှုအပေါ် အစိုးရမှ ထောက်ပံ့ငွေတချို့ ပေးသော်လည်း ကျေးရွာသားများမှာ အစိုးရမှ မူလသတ်မှတ်ထားသည့် ထောက်ပံ့ငွေ ပမာဏအား ပြည့်စုံအောင် ရရှိခြင်းမရှိပေ။

၁၃။ COVID-19 ကပ်ရောဂါကြောင့် သင်္ကြန်ရုံးပိတ်ရက် အတွင်းပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစားများအတွက် အစိုးရမှ ထောက်ပံ့မှုအမျိုးစား (၅) မျိုးပေးရာတွင် စစ်ဘေးရှောင် စခန်းတွင် နေထိုင်နေကြသည့် ပြည်သူများကိုလည်း ထည့်သွင်းပေးဖို့ရန်အတွက် ရခိုင် အရပ်ဘက်အဖွဲ့အစည်း ခေါင်းဆောင်များမှ တောင်းဆိုခဲ့သည့်အပေါ် အစိုးရမှထည့်သွင်း စဉ်းစားထားခြင်းကို မတွေ့ရှိရပေ။

၁၄။ COVID-19 ရောဂါဖြစ်ပွါးနေချိန်တွင် ဘင်္ဂလားဒေ့ရှ်ဘက်မှ ပြန်လည်ဝင်ရောက်လာသည့် ဘင်္ဂလီများအား အစိုးရမှ လက်ခံနေသည်ကို မောင်တောမြို့နယ် ဒေသခံများမှ စိုးရိမ် နေကြပြီး ဆိုင်းငံ့ထားရန် တောင်းဆိုရသည့်အဆင့်ထိတိုင် အစိုးရ၏ ဒေသခံရခိုင်လူထု အပေါ် ကျန်းမာရေးစောင့်ရှောက်မှုတွင် အကဲဆပ်မှုနှင့် အလေးဂရုထားမှုတို့ လျော့ပါး နေပြီး၊ ဒေသခံများ၏ လုံခြုံစိတ်ချရမှုထက် ဘင်္ဂလီများအရေးကြောင့် နိုင်ငံတကာဖိအားကို တုန့်ပြန်ရန် ပိုမိုဦးစားပေးနေကြောင်း သိသာထင်ရှားစွာ တွေ့မြင်နေရသည်။

၁၅။ ရခိုင်ပြည်ပြင်ပ၌ ဖမ်းဆီးရမိသော မည်သည့်ဘင်္ဂလီများကိုမဆို ရခိုင်ပြည်သို့သာလျှင် မဖြစ်မနေ ပြန်လည်ပို့ဆောင်နေခြင်းသည် ရခိုင်နှင့် မူဆလင်များအကြား လူမှုပဋိပက္ခ ပြဿနာ ချုပ်ငြိမ်းစေရေးထက် ပိုမိုတိုးပွါးစေရေးကိုသာ အစိုးရအနေဖြင့် မီးမွှေးပေး သကဲ့သို့ ဖြစ်နေပြီး ရေတိုအမြင်ဖြင့် မီးစင်ကြည့်ကနေသည့် လုပ်နည်းလုပ်ဟန်နှင့် မူဝါဒတို့ ကျင့်သုံးနေကြောင်း တွေ့မြင်နေရသည်။

၁၆။ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို အကြံပြုတင်ပြနိုင်ရန်အတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ လုံ/နယ် ဝန်ကြီးဟောင်းဖြစ်သူ ဗိုလ်မှူးကြီး ထိန်လင်း (ငြိမ်း) အား (၂၀-၅-၂၀၂၀) ရက်နေ့မှစတင်၍ နိုင်ငံတော်သမ္မတရုံး၏ အကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်အပ်တာဝန်ပေးအပ်ကြောင်း (၃၁-၃-၂၀၂၀) ရက်စွဲဖြင့် သမ္မတ ဦးဝင်းမြင့် လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သည်။ အဆိုပါ အမိန့် ထုတ်ပြန်ပြီးနောက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ပိုင် မော်တော်ယာဉ် ပစ်ခတ်တိုက်ခိုက် ခံရမှုဖြစ်စဉ်အတွက် စုံ/ကော် ဖွဲ့စည်းကြောင်း (၂၈-၄-၂၀၂၀) ရက်နေ့တွင် သမ္မတ ဦးဝင်းမြင့် လက်မှတ်ဖြင့် နောက်ထပ် အမိန့်ကြေညာချက်တစောင် ထုတ်ပြန်လာခဲ့သည်။ အဆိုပါ စုံ/ကော်အဖွဲ့တွင် ဗိုလ်မှူးကြီး ထိန်လင်း (ငြိမ်း) အား အဓိကအရေးပါသော အတွင်းရေးမှူးတာဝန်ကို သမ္မတရုံးတွဲဘက်တာဝန်အဖြစ် ခန့်အပ်တာဝန် ပေးထားသည် ကို တွေ့ရှိရသည်။ WHO ယာဉ်မောင်း သေဆုံးခဲ့ရသည့် အငြင်းပွါးဖွယ် မှုခင်းဖြစ်စဉ်တွင် ပါဝင်ပတ်သက်နေသည့် မြန်မာ့တပ်မတော် လက်နက်ကိုင် အဖွဲ့ အစည်းတွင် အဆင်မြင့် ရာထူး တာဝန်ထမ်းဆောင်ခဲ့ပြီး တပ်မတော်၏ အရံအင်အားစာရင်းထဲ၌ ပါဝင်နေဆဲဖြစ်သူ ဗိုလ်မှူးကြီး ထိန်လင်း (ငြိမ်း) ကို စုံ/ကော် ၏ အတွင်းရေးမှူး တာဝန်အား ပေးအပ် ထားခြင်းမှာ အရပ်သားအစိုးရဟု ကြွေးကြော်ထားသော NLD အစိုးရအနေဖြင့် အုပ်ချုပ် ရေးယန္တရားတွင် ပြည်သူ့အခွန်ဘဏ္ဍာစား နိုင်ငံ့ဝန်ထမ်းများထဲ၌ တပ်မတော်သားဝန်ထမ်း ထက် အရည်အချင်းပြည့်မီသူ မရှိကြောင်း ပြသရာရောက်နေသည့်အပြင် အစိုးရ အုပ်ချုပ် ရေးယန္တရားအတွင်း တပ်မတော်လွှမ်းမိုးမှု လွန်စွာကြီးမားနေသည့် ပြယုဒ်တစ်ခုလည်း ဖြစ်သည်။ ဤ WHO ကဲ့သို့သော ဝန်ထမ်းတစ်ဦး သေဆုံးခဲ့ရမှုဖြစ်စဉ်ကို စုံစမ်းစစ်ဆေး မည့် အရပ်သားအစိုးရ အကြီးအကဲဖြစ်သူ သမ္မတ၏ “စုံ/ကော်” တွင် “လွတ်လပ်ပြီး ဘက်လိုက်မှုကင်းမဲ့ခြင်း” ဆိုသည့် နှုန်းစံမှာ လုံ/နယ်ဝန်ကြီးဟောင်း ဗိုလ်မှူးကြီး (ငြိမ်း) တဦးကို အဓိကတာဝန်တွင် ပါဝင်ထမ်းဆောင်စေရန် ခန့်အပ်ခြင်းဖြင့် ယုတ်လျော့သွားခဲ့ ရကြောင်း စုံ/ကော်ဖွဲ့စည်းမိန့်ထွက်လာပြီး နောက်နေ့ (၂၉-၄-၂၀၂၀) ရက်နေ့တွင် မှုခင်း ဖြစ်စဉ်၌ ပါဝင်ပတ်သက်နေသူ ဆန့်ကျင်ဘက်လက်နက်ကိုင် အဖွဲ့အစည်းဖြစ်သည့် ULA/AA ၏ ဆန့်ကျင်ကန့်ကွက်မှုဖြင့် သက်သေပြခဲ့သည်။ ထို့ကြောင့် တပ်မတော်မှ ဗိုလ်မှူးကြီး (ငြိမ်း) တစ်ဦးက အတွင်းရေးမှူးအဖြစ်ဆောင်ရွက်မည့် အရပ်သားအစိုးရ သမ္မတ၏ စုံ/ကော် ရလဒ်ကို အများပြည်သူနှင့် နိုင်ငံတကာအသိုင်းအဝိုင်းတို့အနေဖြင့် ယုံကြည်လက်ခံနိုင်ဖွယ်ရာရှိမည် မဟုတ်ဘဲ “မဲပြာပုဆိုး ဝတ်မြဲတိုင်း ဝတ်ထားသည့် အစိုးရ၏ လုပ်ရပ်” အဖြစ် သမိုင်းမှတ်တမ်းဝင်သွားလိမ့်မည်ဟု ယုံကြည်ရဖွယ်ရှိသည်။

သတင်းသုံးသပ်ချက်အပြည့်အစုံဖတ်ရန်။

Announcements


PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Subscribe

Copyright © 2017 - 2026 All Rights Reserved - Progressive Voice (PV)
Website by Bordermedia