(၂၃၃) နှစ်မြောက် ရခိုင့်အချုပ်အခြာအာဏာကျဆုံးနေ့အတွက် AASYC ၏ ထုတ်ပြန်ကြေညာချက်

(၂၃၃) နှစ်မြောက် ရခိုင့်အချုပ်အခြာအာဏာကျဆုံးနေ့အတွက် AASYC ၏ ထုတ်ပြန်ကြေညာချက်

ယနေ့ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ (၃၁)ရက်နေ့သည် ရခိုင်တို့၏အချုပ်အခြာအာဏာ ကျဆုံးခဲ့သည်မှာ နှစ်ပေါင်း (၂၃၃) တိုင်ရှိပြီ ဖြစ်သည်။ လွန်ခဲ့သော (၁၇၈၄) ခုနှစ်တွင် ဗမာဘုရင်ဘိုးတော်မောင်ဝိုင်း၏ မကြေညာသောစစ်ဖြင့် ရခိုင်ထီးနန်းနှင့်ဘုရင့်နိုင်ငံတို့မှာ ပျက်သုဉ်းခဲ့ရသည်။

အချုပ်အခြာမရှိသောလူမျိုးတမျိုး၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် မရှိသည့်လူမျိုးတမျိုးသည် ပညာရေး၊ လူမှုစီးပွားဘဝအပါအဝင် ဘက်ပေါင်းစုံမှ နိမ့်ကျနေခြင်းကို ငြင်းပယ်၍ မရပေ။

လက်ရှိရခိုင်ပြည်တွင်းဖြစ်ပေါ်လျှက်ရှိသည့် ကာလရှည်ကြာအမြစ်တွယ်ခဲ့သော ခြစားလတ်စားမှု၏ အကျိုးဆက်အဖြစ် တရားမဝင်လူဝင်မှုပြဿနာ၊ အကြမ်းဖက်မှုပြဿနာ၊ ကမ္ဘာ့အင်အားကြီးနိုင်ငံများ၏ ပထဝီနိုင်ငံရေးနှင့် အကျိုးစီးပွားအရ ယှဉ်ပြိုင်ရာ အဓိကမဟာဗျူဟာအချက်အခြာနေရာဖြစ်လာ နေခြင်းကြောင့် ကြားညပ်နိုင်သည့် အထူးစိန်ခေါ်မှုများကို ရင်ဆိုင်နေရသည်။ ဒေသခံများ၏ အကျိုးစီးပွားထက် ဆိုးကျိုးများကိုသာ လတ်တလောတွင် ပိုမိုခံစားနေကြရသည်။ ဒေသနှင့် ဒေသလူထုတို့၏ အနာဂတ်အပေါ် တိုက်ရိုက် သွယ်ဝိုက်အကျိုးသက်ရောက်မှုရှိနေသော နိုင်ငံရေးအရ ဆုံးဖြတ်ချက်များချမှတ်ရာတွင် ရခိုင်ပြည်၏ မူရင်းပိုင်ရှင်ဖြစ်သော မိမိတို့ရခိုင်ပြည်သူလူထုနှင့် သက်ဆိုင်ရာ ရခိုင့်တော်လှန်ရေးအင်အားစုများ၊ နိုင်ငံရေးပါတီများ၊ ရခိုင့်အရပ်ဖက်လူမှုအဖွဲ့ အစည်းများ၏ ဆန္ဒသဘောထားတို့မှာ လျစ်လျှုရှုခြင်းခံရနေသည်ကိုလည်း တွေ့မြင်နေရပါသည်။

အလားတူ လက်ရှိပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်တွင်းလည်း အစိုးရအနေဖြင့် NCA စာချုပ်ပါ ကတိအတိုင်း NCA လက်မှတ်ရေးထိုးထားသော အခြားတိုင်းရင်းသားဒေသများတွင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ပြုလုပ်ခွင့်ပြုထားပြီး ရခိုင်ပြည်အတွက် အကြောင်းအမျိုးမျိုးပြ ငြင်းပယ်ခြင်း ခံနေရသည်ကို တွေ့ရှိရပါသည်။ ၂၀-ရာစုပင်လုံညီလာခံတွင် ရခိုင်လူမျိုးကိုယ်စားပြု ပါဝင်ခွင့် မရှိခဲ့ခြင်းကြောင့် နိုင်ငံရေးအရ နစ်နာခဲ့ရသည့် ရခိုင်အမျိုးသားတို့အနေဖြင့် ၂၁-ရာစုပင်လုံတွင်လည်း မိမိတို့ရခိုင်လူမျိုးများအပေါ် ခွဲခြားဆက်ဆံနေခြင်းသည် ရခိုင့်ကြမ္မာအတွက် စိန်ခေါ်မှုကြီးတရပ်အဖြစ် ရှုမြင်မိပါသည်။

ယခုကဲ့သို့ မိမိတို့ရခိုင်လူမျိုးများအပေါ် အဘက်ဘက်မှ ခွဲခြားဆက်ဆံ ဖိနှိပ်နေခြင်းသည် မိမိတို့လူမျိုး အချုပ်အခြာအာဏာ ကိုယ့်ကြမ္မာကိုယ်ဖန်တီးဆုံးဖြတ်ပိုင်ခွင့် ဆုံးရှံးနေရခြင်းကြောင့်သာ ဖြစ်သည်။ သို့ဖြစ်ပါ၍ ရခိုင်တမျိုးသားလုံး၏ကံကြမ္မာကို ရခိုင်တို့ကသာ ဖန်တီးနိုင်သည်ဖြစ်သောကြာင့် ကမ္ဘာအနှံ့ ရောက်ရှိနေကြသည့်ရခိုင်လူမျိုးများ၊ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်ပတ်သက်နေကြသော ရခိုင့်တော်လှန်ရေးအင်အားစုများ၊ နိုင်ငံရေးပါတီများ၊ အရက်ဖက်လူမှုအဖွဲ့အစည်းများအနေဖြင့် တညီတညွတ်တည်း စုပေါင်းအဖြေရှာပြီး ဟန်ချက်ညီလုပ်ဆောင်ကြပါစို့ဟု အလေးအနက်ထား တိုက်တွန်းနှိုးဆော်အပ်ပါသည်။
ဗဟိုအလုပ်မှုဆောင်အဖွဲ့
ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များအစည်းအရုံး (AASYC)
ထိုင်း-မြန်မာ နယ်စပ်

ထုတ်ပြန်ကြေညာချက်ကို ဤနေရာတွင် ရယူနိုင်သည်။

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia