11 July 2026

၂၀၂၆ ခုနှစ်၊ ဇူလိုင်လ၊ ၁၁ ရက်။ ။ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက မြန်မာစစ်အုပ်စု၏ “နိုင်ငံခြားရေးဝန်ကြီး” နှင့် တနင်္ဂနွေနေ့တွင် ဘန်ကောက်မြို့၌ တွေ့ဆုံမည့်အစီအစဉ်သည် အာဆီယံဘုံသဘောတူညီချက် (၅) ရပ်ကို မှေးမှိန်စေကာ စစ်အုပ်စု၏လူသတ်လုပ်ရပ်များနှင့် ခေါင်းမာမာဖြင့် ဆက်လက်မထီမဲ့မြင်ပြုနေသည့်လုပ်ရပ်များကို ဆုပေးလိုက်ရာရောက်စေသည်။
ဤလုပ်ရပ်သည် စစ်အုပ်စုက ရက်စက်ကြမ်းကြုတ်မှုများအား ပိုမိုကျူးလွန်အောင် ရဲဆေးတင်ပေးရာရောက်ပြီး စစ်အုပ်စုဆက်လက်ရှင်သန်ရေးအတွက် လိုအပ်နေသောတရားဝင်မှုကို အလွယ်တကူပေးလိုက်ရာရောက်သည်ဟု မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ (SAC-M) ကပြောသည်။
“ကိုယ့်ရပ်တည်ချက်ကို လုံးဝအပျက်စီးခံပြီး အလျော့ပေးလိုက်ခြင်းအားဖြင့် အာဆီယံဟာ ကိုယ့်ကိုယ်ကို အရာမဝင်တော့တဲ့ အစုအဖွဲ့တစ်ခုဖြစ်ဖို့ လက်တစ်ကမ်းအလိုကို ရောက်သွားအောင်လုပ်လိုက်တယ်” ဟု SAC-M ၏ အဖွဲ့ဝင် Yanghee Lee ကပြောသည်။
စစ်ရာဇဝတ်မှု၏တရားခံအဖြစ်စွပ်စွဲခံထားရသော စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်သည် ငါးနှစ်ကျော်ကြာအောင် အာဆီယံအား ပေါ်ပေါ်ထင်ထင် မထီမဲ့မြင်ပြုလုပ်လာခဲ့သည်။ ချို့ယွင်းမှုများစွာရှိလာခဲ့သော အာဆီယံအတွက် စစ်အုပ်စုဖန်တီးထားသော မြန်မာနိုင်ငံအကျပ်အတည်းအား ကိုင်တွယ်ဖြေရှင်းနိုင်ရေး နည်းလမ်းတစ်ခုအဖြစ် အစုအဖွဲ့အလိုက် လက်ခံသဘောတူထားသော လက်ဆုပ်လက်ကိုင်ပြစရာမူဘောင်ဟူ၍ ဤဘုံသဘောတူညီချက် (၅) ရပ်သာ ကျန်တော့သည်။
၂၀၂၁ ခုနှစ်တွင် အာဆီယံသည် မင်းအောင်လှိုင်နှင့် ထိပ်ပိုင်းစစ်အုပ်စုအရာရှိများကို ဘုံသဘောတူညီချက် (၅) ရပ်ပါ ကတိကဝတ်များဖောက်ဖျက်မှုဖြင့် အဆင့်မြင့်အစည်းအဝေးများ တက်ရောက်ခွင့်မပေးပဲ ပိတ်ပင်လိုက်ခြင်းဖြင့် ချီးကျူးထိုက်သော အရေးယူဆောင်ရွက်မှုတစ်ခု ပြုလုပ်ခဲ့သည်။
လွန်ခဲ့သောနှစ်ပတ်က ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးနှင့် အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်ဖြစ်သူ Ma. Theresa Lazaro က ထိန်းသိမ်းခံထားရသော နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံခွင့်ရရန်တောင်းဆိုခဲ့သော်လည်း စစ်အုပ်စုဘက်က ငြင်းပယ်ခဲ့သည်။ ထိုသို့ ငြင်းပယ်ခံရပြီးနောက် “နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်မြောက်ရေးသည် ဘုံသဘောတူညီချက် (၅) ရပ်ပါ မျှော်မှန်းချက်နှင့်အညီ အဓိပ္ပါယ်ပြည့်ဝသော နိုင်ငံရေးဆွေးနွေးမှုဖြစ်ပေါ်လာရေးအတွက် မရှိမဖြစ်အခြေခံ လိုအပ်ချက်ဖြစ်သည်” ဟု အာဆီယဥက္ကဋ္ဌဖြစ်သည့် ဖိလစ်ပိုင်က ပြတ်ပြတ်သားသား တုန့်ပြန်ခဲ့သည်။
ယခုအခါ စစ်အုပ်စုဘက်က တစ်စုံတစ်ရာလိုက်လျောမှုရှိလာအောင် ဆောင်ရွက်နိုင်ခြင်းမရှိသေးပဲ ဝန်ကြီး Lazaro က အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် စစ်အုပ်စု၏ “နိုင်ငံခြားရေးဝန်ကြီး” တို့ ဤအပတ် တနင်္ဂနွေနေ့တွင် တွေ့ဆုံမည့်အကြောင်း ကြေညာလိုက်သည်။
မြန်မာတနိုင်ငံလုံးစစ်မီးတောက်နေပြီး စစ်အုပ်စုက မိမိကိုယ်ကို အခြေခိုင်လာအောင်ဆောင်ရွက်နေချိန် အာဆီယံ၏ ဤသို့နားလည်ရခက်သော ရပ်တည်ချက်အပြောင်းအလဲသည် စစ်အုပ်စုနှင့် အပေးအယူလုပ်ရာတွင် အမြဲလိုလို စစ်မထွက်ခင်မြှားကုန်နေသောအာဆီယံ၏မိုက်မဲမှုကို ဖော်ပြနေသည်။ တရားမဝင်ရွေးကောက်ပွဲ ရလဒ်ကိုအခြေခံပြီး ၂၀၂၆ ခုနှစ်၊ ဧပြီလ၊ ၁၀ ရက်နေ့တွင် မိမိကိုယ်ကို “သမ္မတ” အဖြစ် ကြေညာခဲ့ပြီးနောက် မင်းအောင်လှိုင်သည် အရပ်သားပြည်သူ သောင်းနှင့်ချီသေဆုံးပြီး သန်းပေါင်းများစွာနေရပ်စွန့်ခွာထွက်ပြေးမှု ဖြစ်လာစေသည့် ၎င်း၏တနိုင်ငံလုံးအတိုင်းအတာ ရက်စက်ကြမ်းကြုတ်မှုလုပ်ငန်းများကို ပိုမိုတိုးမြှင့်လုပ်ဆောင်လာခဲ့သည်။ ယနေ့အချိန်အထိ စစ်အုပ်စု၏လက်ထဲတွင် တရားလက်လွတ် ဆက်လက်ထိန်းသိမ်းခံ ထားရသောအရပ်သားပြည်သူ ၂၂,၃၇၅ ဦး အထိရှိသည်။
ဝန်ကြီး Lazaro အနေဖြင့် အစည်းအဝေးကိုပယ်ဖျက်ရန် အချိန်ရှိပါသေးသည်။ အလားတူ ဘုံသဘောတူညီချက် (၅) ရပ်ပါ မူဘောင်အရ၊ အထူးသဖြင့် စစ်အုပ်စု၏အကြမ်းဖက်မှုများကို ချက်ချင်းအဆုံးသတ်ရေး၊ နိုင်ငံရေးအကျဉ်းသားအားလုံး ချွင်းချက်မရှိလွှတ်ပေးရေးနှင့် အကူအညီလိုအပ်နေသူများအားလုံးထံသို့ လူသားချင်းစာနာမှုအကူအညီများ အတားအဆီးမရှိပေးပို့နိုင်ရေးဟူသည့် တောင်းဆိုချက်များအရ စစ်အုပ်စု အရာရှိများနှင့် ထိတွေ့ဆက်ဆံမှုမလုပ်ရန် တားမြစ်ပိတ်ပင်ထားခြင်းကို ဆက်လက်ထိန်းသိမ်းရန်လည်း အချိန်ရှိပါသေးသည်။
အကယ်၍ အာဆီယံအနေဖြင့် စီစဉ်ထားသည့်အတိုင်း ဤအပတ်တနင်္ဂနွေနေ့တွင် အစည်းအဝေးလုပ်ဖြစ်ပါက မြန်မာနိုင်ငံအခြေအနေနှင့်ပတ်သက်ပြီး အာဆီယံ၏ကိုင်တွယ်ဆောင်ရွက်နိုင်စွမ်းအပေါ် အာဆီယံကိုယ်တိုင်က အယုံအကြည်မဲ့ကြောင်းဖော်ပြလိုက်ရာရောက်သည်။ ထို့ပြင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ၊ အမျိုးသားညီညွတ်ရေးအစိုးရ၊တိုင်းရင်းသားလူမျိုးစုအဖွဲ့အစည်းများ၊ လူနည်းစု လူမှုအသိုင်းအဝိုင်းများနှင့် မြန်မာအရပ်ဘက်လူမှုအသိုင်းအဝိုင်းအပါအဝင် စစ်မှန်သော တရားဝင် မြန်မာနိုင်ငံ အစုအဖွဲ့များက အာဆီယံအပေါ်ထားသော လက်ကျန်ယုံကြည်မှုကို ဖျက်ဆီးလိုက်ရာလည်းရောက်သည်။
မြန်မာပြည်သူများ၏ ဆန္ဒနှင့် မျှော်မှန်းချက်များကို အားပေးထောက်ခံမည့်အကြောင်း ထုတ်ဖော်ပြောကြားခဲ့သည့် ကတိကဝတ်များအားလုံးကို လုံးဝဥဿုံစွန့်လွှတ်လိုက်ခြင်းအားဖြင့် အာဆီယံသည် “ကျွန်ုပ်တို့ ရှုံးနိမ့်သွားပြီ၊ သင်တို့ဆက်လုပ်ပါ” ဟုနိုင်ငံတကာအသိုင်းအဝိုင်းကို ရှင်းရှင်းလင်းလင်း သတင်းစကားပေးလိုက်ရာရောက်သည်။
19 May 2026

03 July 2026

03 July 2026