“မြန်မာစစ်အုပ်စု၏ အကြမ်းဖက် စစ်ဆင်ရေးများကို ထောက်ပံ့နေသော အာဆီယံအခြေစိုက် ကော်ပိုရိတ်များအပေါ် ကိုင်တွယ်ဖြေရှင်းရန် သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှုအဖွဲ့ အနေဖြင့် အာဆီယံ လူ့အခွင့်အရေးဆိုင်ရာ အစိုးရအဖွဲ့ (AICHR) အား တိုက်တွန်း”

“မြန်မာစစ်အုပ်စု၏ အကြမ်းဖက် စစ်ဆင်ရေးများကို ထောက်ပံ့နေသော အာဆီယံအခြေစိုက် ကော်ပိုရိတ်များအပေါ် ကိုင်တွယ်ဖြေရှင်းရန် သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှုအဖွဲ့ အနေဖြင့် အာဆီယံ လူ့အခွင့်အရေးဆိုင်ရာ အစိုးရအဖွဲ့ (AICHR) အား တိုက်တွန်း”

အမှတ်စဉ် ၃၊ ၂၀၂၆

ရက်စွဲ ၁၁ ဇွန်လ၊ ၂၀၂၆ ခုနှစ်။

အာဆီယံအခြေစိုက် ကော်ပိုရိတ်အဖွဲ့အစည်းများမှ စစ်အုပ်စု၏ လေကြောင်းအကြမ်းဖက် စစ်ဆင်ရေးများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများတွင် ပါဝင်ပတ်သက်မှုနှင့် စပ်လျဉ်း၍ သွေးစွန်းငွေ ဖြတ်တောက်ရေး လှုပ်ရှားမှုအဖွဲ့ Blood Money Campaign (BMC) အနေဖြင့် အာဆီယံ လူ့အခွင့်အရေးဆိုင်ရာ အစိုးရအဖွဲ့ ASEAN Intergovernmental Commission on Human Rights (AICHR) သို့ တရားဝင်တင်ပြထားသော စာတစောင်ပေးပို့ခဲ့ပါသည်။ မိမိတို့ BMC က AICHR အနေဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအပေါ် အရေးယူ ဆောင်ရွက်မှုများအားအကြံပြုရန်၊ အများပြည်သူသို့ ကြေညာချက်များ ထုတ်ပြန်ရန်၊ မြန်မာနိုင်ငံကထိခိုက်ခံရသည့်အသိုင်းအဝိုင်းများကိုကာကွယ်ရန်နှင့် နောက်ထပ်ချိုးဖောက် မှုများကို တားဆီးရေးအစီအမံများ ချမှတ်ရန်တို့အား ဆောင်ရွက်ရန် တောင်းဆိုထားသည်။

မင်းအောင်လှိုင် ဦးဆောင်သော မြန်မာစစ်အုပ်စုသည် မြန်မာနိုင်ငံရှိ အရပ်သားနီးပါး ၉၃,၀၀၀ ဦး နီးပါးကို သတ်ဖြတ်ထားသည်။ ၂၀၂၁ ခုနှစ်မှ ၂၀၂၆ ခုနှစ် ဧပြီလအထိ ၅ နှစ်ကျော်ကာလအတွင်း စစ်အုပ်စုသည် လေကြောင်းတိုက်ခိုက်မှု အနည်းဆုံး ၇,၂၀၁ ကြိမ် ပြုလုပ်ခဲ့ပြီး ထိုတိုက်ခိုက်မှုများကြောင့် ထိခိုက်ဒဏ်ရာရသူ ၇,၈၀၉ ဦးနှင့် သေဆုံးသူ ၄,၄၉၆ ဦး ရှိခဲ့သည်။ ထိုအထဲတွင် ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် မွေးကင်းစကလေးငယ်များလည်း ပါဝင်သည်။ မြန်မာစစ်အုပ်စု၏ အကြမ်းဖက်မှုကြောင့် ၂၀၂၆ ခုနှစ် မတ်လကုန်အထိ နိုင်ငံတွင်း လူဦးရေ ၅.၃ သန်းကျော် နေရပ်စွန့်ခွာခဲ့ရသည်။ ၂၀၂၁ ခုနှစ် အာဏာလုယူပြီးနောက် စစ်အုပ်စု၏ လက်ချက်ကြောင့် ကလေး ၁,၀၇၇ ဦးနှင့် အမျိုးသမီး ၂,၁၉၃ ဦး သေဆုံးခဲ့သည်။

၂၀၂၁ ခုနှစ်တွင် လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၈၅ ကြိမ်မှ ၂၀၂၄ ခုနှစ်တွင် ၂,၅၀၄ ကြိမ်ကျော်အထိ သိသိသာသာ မြင့်တက်ပြင်းထန်လာခဲ့သည်အထိ စစ်အုပ်စုက အကြမ်းဖက်မှုများ ကျူးလွန်ခွင့်ရနေခြင်းဖြစ်သည်။ ဤအရှိန်မြင့်တက်မှုသည် မြန်မာနိုင်ငံရှိ စစ်ရာဇဝတ်မှုများနှင့် ASEAN ၏ ထိရောက်စွာ ဖိအားပေးနိုင်ခြင်း မရှိမှုကိုလည်း ဖော်ပြလျက်ရှိသည်။

ယခု AICHR သို့ ပေးပို့သည့် နှိုးဆော်တိုက်တွန်းသောစာတွင် မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် စစ်ရာဇဝတ်မှုများကို အားပေးကူညီနေသည့် ထိုင်း၊ ဗီယက်နမ်၊ စင်္ကာပူ၊ မလေးရှားနှင့် အင်ဒိုနီးရှား အပါအဝင် ASEAN အဖွဲ့ဝင်နိုင်ငံများရှိ ကုမ္ပဏီများ၏ လုပ်ဆောင်ချက်များနှင့် သက်ဆိုင်ရာအစိုးရများအကြောင်း အထောက်အထားများကို တင်ပြထားသည်။ အထောက်အထားများအရ ဤအဖွဲ့အစည်းများသည် အရပ်သားများအပေါ် ကျူးလွန်သည့် အကြမ်းဖက်မှုများကို လောင်စာဖြည့်ပေးနေသည့် နိုင်ငံခြားဝင်ငွေ၊ လက်နက်နှင့် ဆက်စပ်ပစ္စည်းများ၊ လေယာဉ်ဆီ ထောက်ပံ့ရေးကွင်းဆက် နှင့် နည်းပညာများ ရရှိရန် တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်ကာ မည်သို့ အားပေးကူညီနေကြောင်း ဖော်ပြထားသည်။

ဤအရင်းအမြစ်များကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ရန် အသုံးပြုခဲ့သည်။ ထို့ပြင် ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍမှ ရရှိသည့် နိုင်ငံခြားဝင်ငွေသည် မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများနှင့် ဆက်နွယ်နေသည်။ စစ်အုပ်စုအား ဒေါ်လာသန်းပေါင်းများစွာ ပံ့ပိုးကာ ၎င်း၏ အကြမ်းဖက်လှုပ်ရှားမှုများနှင့် နိုင်ငံတကာရာဇဝတ်မှုများ ဆက်လက်ကျူးလွန်နိုင်ရန် ထောက်ပံ့ပေးနေသည်။

ASEAN Intergovernmental Commission on Human Rights (AICHR) ၏ လုပ်ပိုင်ခွင့်များနှင့်အညီ၊ ငါးနှစ်လုပ်ငန်းအစီအစဉ် ၂၀၂၁-၂၀၂၅ (ဦးစားပေး ဧရိယာ နယ်ပယ် PA 2.5) နှင့် ၂၀၂၆-၂၀၃၀ (မန်းဒိတ် 4.11: တာဝန်ယူမှုရှိသောစီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ဒေသတွင်းဆွေးနွေးပွဲများကို ဦးစားပေး အစီစဉ်အနေအဖြစ် ထည့်သွင်းထားသည်) ဖော်ပြချက်များအရ AICHR အနေဖြင့် အထက်ပါ အကြံပြုချက်များကို လိုက်နာဆောင်ရွက်ရန် တိုက်တွန်းပါသည်။

မိမိတို့ က AICHR အနေဖြင့် ASEAN အဖွဲ့ဝင်နိုင်ငံများအား အောက်ပါအတိုင်း တိုက်တွန်းရန် တောင်းဆိုသည်။

၁) စစ်အုပ်စုသို့ လက်နက်များ၊ အရပ်ဘက်သုံး-စစ်ဘက်သုံး ပစ္စည်းများနှင့် လေယာဉ်ဆီ ကွင်းဆက် ထောက်ပံ့နေသည့် ကုမ္ပဏီများ၊ ဘဏ်များနှင့် တဦးချင်းပုဂ္ဂိုလ်များအပေါ် ပွင့်လင်းမြင်သာသော စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်ပြီး သင့်လျော်သည့် စည်းမျဉ်းစည်းကမ်းနှင့် ပိတ်ဆို့အရေးယူမှု အစီအမံများ ချမှတ်ရန်။
၂) လက်နက်များ၊ လေယာဉ်ဆီနှင့် စစ်လေယာဉ်များ ဝယ်ယူ၍ အရပ်သားများကို သတ်ဖြတ်ရန်အတွက် အသုံးပြုနေသည့် နိုင်ငံတကာဘဏ္ဍာရေးဝန်ဆောင်မှုများနှင့် ဓာတ်ငွေ့ဝင်ငွေများ မြန်မာစစ်အုပ်စု ရရှိနေမှုကို ဖြတ်တောက်ရေး ထိုင်းအစိုးရအား တိုက်တွန်းရန်။
၃) PTT, PTTEP နှင့် GPM တို့အနေဖြင့် လစဉ် ဓာတ်ငွေ့ပေးချေမှုများမှတစ်ဆင့် စစ်အုပ်စုကို ငွေကြေးထောက်ပံ့ နေခြင်းအား ရပ်တန့်ပြီး၊ စစ်အုပ်စု ဝင်ရောက်အသုံးပြုနိုင်ခြင်းမရှိသည့် escrow account တစ်ခုတွင် အဆိုပါ ဓာတ်ငွေ့ငွေများကိုထားရှိကာ မြန်မာနိုင်ငံ၏ နောင်လာမည့် ဒီမိုကရေစီအစိုးရအတွက် ထိန်းသိမ်းထားရေး တိုက်တွန်းရန်။
၄) နိုင်ငံတကာကုမ္ပဏီများမှ လေယာဉ်ဆီထောက်ပံ့ရေးကွင်းဆက်ကို အထောက်အကူပြုနေမှုအား ရပ်တန့်ရေး ဗီယက်နမ် အစိုးရအား တိုက်တွန်းရန်။
၅) လက်နက်နှင့် ဆက်စပ်ပစ္စည်းများ၊ လေယာဉ်ဆီ ထောက်ပံ့ရေးကွင်းဆက်ကို ထောက်ပံ့ခြင်းနှင့် ရောင်းချခြင်းတို့ကို ရပ်တန့်နိုင်ရန် ပိုမိုကြိုးပမ်းဆောင်ရွက်ရေး စင်္ကာပူအစိုးရအား တိုက်တွန်းရန်။
၆) မြန်မာနိုင်ငံ၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် လုပ်ကိုင်နေသော oilfield service ကုမ္ပဏီများနှင့် ဆက်နွယ်သည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို အဆုံးသတ်ရန် မလေးရှားနှင့် အင်ဒိုနီးရှား အစိုးရအား တိုက်တွန်းရန်။

AICHR အနေဖြင့် အကြံပြုချက်များကို ချမှတ်ပြီး ASEAN အဖွဲ့ဝင်နိုင်ငံများအား အောက်ပါအတိုင်း ဆောင်ရွက်ရေး တိုက်တွန်းရန် အကြံပြုပါသည်။

၁) ASEAN အဖွဲ့ဝင်နိုင်ငံများအနေဖြင့် အမေရိကန်၊ ဗြိတိန်၊ ကနေဒါနှင့် အီးယူတို့မှ မြန်မာစစ်အုပ်စုအပေါ် ချမှတ်ထားသည့် ဒဏ်ခတ်ပိတ်ဆို့မှုများတွင်ပါဝင်သော ဘဏ်များ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍ၊ နှင့် လေယာဉ်ဆီ ထောက်ပံ့သူများနှင့် စီးပွားရေးမလုပ်ဆောင်စေရေး သေချာစေရန်နှင့် ပစ်မှတ်ထားပိတ်ဆို့အရေးယူမှုများကို ပူးပေါင်းအကောင်အထည်ဖော်ရန်။
၂) “ငြိမ်းချမ်းစွာ နေထိုင်ခွင့်” ကို ထိန်းသိမ်းပြီး၊ မြန်မာနိုင်ငံအကျပ်အတည်းအတွက် ပြည်သူများ ဦးဆောင်သော ပြည်သူကို ဗဟိုပြုသည့် ဖြေရှင်းနည်းတရပ်ကို အားပေးကူညီရန်နှင့် ASEAN Human Rights Declarationတွင် ပြဋ္ဌာန်းထား သည့်အတိုင်း မြန်မာပြည်သူများ၏ လူ့အခွင့်အရေးကို လေးစားကာကွယ်လိုက်နာရန်။
၃) မြန်မာစစ်အုပ်စု၏ စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ၊ နှင့် လူမျိုးသုဉ်းသတ်ဖြတ်မှုဆိုင်ရာ လုပ်ရပ်များကို ရပ်တန့်ရန်၊ အဖွဲ့လိုက်ဖြစ်စေ တစ်နိုင်ငံချင်းစီအလိုက်ဖြစ်စေ ထိရောက်သော အရေးယူဆောင်ရွက်မှုများ ချမှတ်ရန်။

ပိုမိုသိရှိလိုပါက ဆက်သွယ်ရန် :
Blood Money Campaign (BMC), bloodmoneycampaign21@protonmail.com
Signal Contact: @eden.53 (username)

_

သွေးစွန်းငွေဖြတ်တောက်ရေး လှုပ်ရှားမှု အဖွဲ့ သည် ကွဲပြားစုံလင်သော လူမျိုးစု၊ ဘာသာရေး/လူမျိုးရေး လူနည်းစု၊ မသန်စွမ်းသူများ၊ ငြိမ်းချမ်းရေး၊ ပညာရေး၊ သုတေသန၊ IT နှင့် အရပ်ဘက်ဆက်ဆံရေး အစရှိသည့် နောက်ခံအသီးသီးရှိသည့် လူမှုရေးလှုပ်ရှားသူ လူငယ်များနှင့် ကျောင်းသားများ စုပေါင်းဖွဲ့စည်းထားသည့် အဖွဲ့အစည်းတခု ဖြစ်ပြီး၊ မြန်မာစစ်အုပ်စု၏ အာဏာရှင်စနစ်နှင့် ၎င်း၏ ဖိနှိပ်မှုများကို ဆန့်ကျင်တိုက်ပွဲဝင်နေပါသည်။ စစ်အုပ်စု၏ နိုင်ငံခြားဝင်ငွေစီးဆင်းမှုများကို ပစ်မှတ်ထားကာ ၎င်း၏ စစ်အင်အားကို အားနည်းစေရန် လုပ်ဆောင်ပြီး၊ စစ်အုပ်စုနှင့် ဆက်လက်စီးပွားရေးလုပ်ဆောင်နေသည့် ကုမ္ပဏီများကို တာဝန်ယူမှုရှိစေရန် ဆောင်ရွက်လျက်ရှိပါသည်။


သတင်းထုတ်ပြန်ချက်ကို PDF ဖြင့်ရယူရန် (English I မြန်မာဘာသာ)

Announcements


PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Subscribe

Copyright © 2017 - 2026 All Rights Reserved - Progressive Voice (PV)
Website by Bordermedia