ထောင်ကလွတ်ချိန် မိခင်ကို ဆုံးရှုံးခဲ့ရသူ

ထောင်ကလွတ်ချိန် မိခင်ကို ဆုံးရှုံးခဲ့ရသူ

အိန္ဒြေစိုးဇင်

အကျဉ်းကျခံရသူတစ်ယောက်၏ အပျော်ရွှင်ရဆုံးအချိန်သည် ထောင်က လွတ်ချိန်ဖြစ်သည်။ ၂၀၂၆ ခုနှစ် မတ်လ ၂ ရက်နေ့သည် သူမဘဝ၏ အဆိုးဆုံးအချိန်များကို လွတ်မြောက်ခွင့်ရကာ ပျော်ရွှင်မှုရရှိခဲ့ချိန်ဖြစ်သည်။ အကျဉ်းထောင်ထဲတွင် တစ်နှစ်ကျော်ကြာ ငရဲခန်းအတွေ့အကြုံများထဲမှ ထွက်လာခဲ့ရပြီး လွတ်လပ်ပေါ့ပါးစွာ လန်းဆန်းသော ပြင်ပလေများကို တဝကြီး ရှုသွင်းရသည့်ခံစားမှုက အရသာရှိလှသည်။ ထောင်က လွတ်လာသည့်သူမ၏ အမည်မှာ အသက် ၁၉ နှစ်အရွယ် မချိုမာဝင်းဖြစ်သည်။

မချိုမာဝင်းသည် အကြမ်းဖက်အားပေးကူညီသည်ဟူသည့် ဥပဒေပုဒ်မ ၅၂ (ခ)ဖြင့် ထောင်ဒဏ် ၃ နှစ်အမိန့်ချမှတ်ခံရပြီး မန္တလေးလူငယ် ထိန်းသိမ်းရေး စခန်းတွင် အကျဉ်းကျနေသူ ဖြစ်သည်။မတ်လ ၂ ရက်နေ့ တွင် စစ်အစိုးရက နိုင်ငံရေးအမှုဖြင့် အကျဉ်းကျသူ (၇၀၀၀) ကျော် အပါအဝင် အကျဉ်းသား တစ်‌သောင်းကျော်ကို လွတ်ငြိမ်းခွင့်ပေးသည့်အခါ သူမလည်း လွတ်မြောက်လာခြင်း ဖြစ်သည်။ ထိုနေ့က သူမ ၁ နှစ်ကျော်ကြာခွဲခွာနေရသည့် မိခင်နှင့် ပြန်တွေ့ရတော့မည်ဖြစ်၍ ဝမ်းသာခဲ့ရပြီး မိခင်ကို လာကြိုရန် ဖုန်းဆက်ပြောဆိုခဲ့သည်။

မိခင်ဖြစ်သူ ဒေါ်မေရီမုသည်လည်း အထွေးဆုံးသမီးလေး လွတ်မြောက်လာသည်ကို သိရသည့်အတွက် ဝမ်းသာစွာဖြင့် သွားကြိုရန် ပြင်ဆင်ခဲ့သည်။ ဖယ်ခုံဘက်မြို့နယ် အနောက်ဘက်ခြမ်းမှ မန္တလေးကို တောင်ကြီးဘက်က သွားရန် နယ်မြေလုံခြုံရေးအခြေအနေကြောင့် မဖြစ်နိုင်ခဲ့ပေ။ ထိုကြောင့် တောင်ငူဘက်မှတဆင့် သမီးကို ကြိုရန်အတွက် ထွက်ခွာခဲ့လေသည်။ ယခုကာလသည် လုံခြုံရေးအခြေအနေအရ ခရီးသွားကားများ အသွားအလာနည်းသည့်အချိန်ဖြစ်သောကြောင့် လူအများကြီးဖြင့် စီးခဲ့ရသည်။ ဒေါ်မေရီမု စီးလာသော ဖိုးဝှီးကားတွင် လူ (၁၇) ဦးပါသည်။ ထို့နောက် သံတောင်ကြီးမြို့နယ် လိပ်သိုမြို့ သုံးထပ်ကွေ့အနီးတွင် ကားဘရိတ်ပေါက်ကာ တိမ်းမှောက်သွားတော့သည်။

ထိုကားမတော်တဆဖြစ်ပွားမှုတွင် လူ (၁၇) ဦးထဲမှ ဒေါ်မေရီမုသည် အသက်ဆုံးပါးသွားခဲ့ရပြီးကျန်သူများလည်း ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြသည်။ ဒေါ်မေရီမုကတော့ ထောင်ကလွတ်လာသော သမီး၏ မျက်နှာလေးပင် မြင်တွေ့ခွင့်လေးပင် မရလိုက်တော့ပေ။ သမီးဖြစ်သူ မချိုမာဝင်းသည်လည်း အသက်မဲ့သွားသော အမေနှင့်သာ အိမ်ပြန်လာခဲ့ရသည်။

“လမ်းတွေက အရမ်းဆိုးတာပဲ။ ဒီလောက်လမ်းဆိုးမှန်းသိရင်အမေ့ကို လာမကြိုခိုင်းခဲ့ပါဘူး” ဟု မျက်ရည်စများနှင့်အတူ သူမရင်ဖွင့်သည်။

ငြိမ်သက်စွာ လှဲလျောင်းနေသော မိခင်၏ အသက်မဲ့ ခန္ဓာ ကိုယ်ဘေးမှာ မလှုပ်မယှက်ထိုင်ကာ ငိုကြွေးနေခဲ့ရသည်။ လွန်ခဲ့သည့် ရက်အနည်းငယ်က သူမ စိတ်ကူးယဉ်ခဲ့မှု နှင့် ဆန့်ကျင်ဘက်အရာတွေ ဖြစ်ပျက်သွားခဲ့ပြီဖြစ်သည်။

“သမီးစဉ်းစားထားတာတွေအများကြီးပဲ ၊ သမီးမွေးနေ့မှာ အမေနဲ့ အတူဓာတ်ပုံရိုက်မယ်လို့လည်းတွေးထားတယ်။ အမေ့ကိုလည်း သေချာ ပြုစုစောင့်ရှောက်မယ်ဆိုပြီး” ဟု သူစိတ်ကူးခဲ့ပုံများကို ယခုတော့ ဝမ်းနည်းစွာ ပြန်ပြောပြသည်။

သူမတို့မိသားစုသည် ယခင်က ဖယ်ခုံမြို့နယ်၊ နောင်လှိုင်ကျေးရွာအုပ်စု၊ လှဲဝှဲကျေးရွာတွင် နေထိုင်ခဲ့ကြပြီး တိုက်ပွဲများကြောင့် ၂၀၂၁ ခုနှစ် ကတည်းက ဖယ်ခုံအင်းအရှေ့ဘက်ခြမ်းတွင် စစ်ဘေးတိမ်းရှောင်ခဲ့ရသည်။

ထိုအချိန် သူမ အရွယ် ၁၄ နှစ်၊ (၈) တန်း ကျောင်းသူ ဘဝသာ ရှိသေးသည်။ စစ်ရှောင်နေချိန်တွင်လည်း အစစအရာရာ လိုအပ်ချက်များနှင့်သာ ရုန်းကန်နေခဲ့ရသည်။ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ မတ်လ ၂၆ ရက်သည် သူမ၏ မွေးနေ့ ဖြစ်သည်။ ထို့နေမှာပင် အကိုဖြစ်သူ ရဲဘော်အေးမောင် သည် မိုးဗြဲမြို့၊ စက်တော်ရာကုန်းတိုက်ပွဲတွင် ကျဆုံးခဲ့ရသည်။ အကိုဖြစ်သူကို ဆုံးရှုံးခဲ့ရစဉ်ကလည်း သူမသည် ဝမ်းနည်းစွာငိုကြွေးရင်း ဂုဏ်ယူခဲ့ရသည်။

စစ်ရှောင်ကာလ ကြာလာသည်နှင့်အမျှ မိသားစုစားဝတ်နေရေး အဆင်မပြေမှုကြောင့် ထိုင်းနိုင်ငံတွင် အလုပ်သွားလုပ်ရန် မချိုမာဝင်း ဆုံးဖြတ်လိုက်သည်။ ထိုအချိန်က သူမသည် အသက် ၁၇ နှစ်သာ ရှိသေးသည်။ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်နေ့က ထိုင်းနိုင်ငံတွင် အလုပ်လုပ်ရန် ထွက်လာသည့် သူမ အပါအဝင် (၈) ဦးသည် ရှမ်းပြည်နယ်၊ ဟိုပုန်းမြို့နယ်အတွင်း စစ်တပ်စစ်ဆေးရေး ဂိတ်တစ်ခုတွင် ဖမ်းဆီးခံလိုက်ရသည်။

“စစ်ကြောရေးဝင်ရတော့ နေခဲ့တဲ့နေရာက အကြောင်းတွေကိုမေးတယ်။ သမီးမသိဘူးပဲ ဖြေခဲ့တယ်။ အခြားသူတွေက သမီးကိုသိတယ် အဲ့ဒါနဲ့ အကြမ်းဖက်အားပေးသူပဲဆိုပြီး အသက် ၂၀ ထိ ကျစေဆိုပြီး အမိန့်ချခံခဲ့ရတာ” ဟု မချိုမာဝင်းက ပြောသည်။

အမိန့်ချသည့်အချိန်တွင် အသက် ၁၈ နှစ်မပြည့်သေးသောကြောင့် ၂၀၂၇ ခုနှစ် ၊ မတ်လ ၂၆ ရက် နေ့ အသက် ၂၀ ပြည့်သည်အထိ မန္တလေး လူငယ်ထိန်းသိမ်းရေးစခန်းတွင် အကျဉ်းကျခံခဲ့ရသည်။ ထိုနေရာသည် သူမ နေအိမ်နှင့်လည်း အလှမ်းဝေး၍ မိသားစုက လာမတွေ့နိုင်သောကြောင့် အစားအသောက် အနေအထိုင် ဆင်းရဲကြီးစွာနေခဲ့ရသည်။

မိဘများအနေဖြင့်လည်း လာတွေ့ရန်မှာ မဖြစ်နိုင်ပေ။ သူတို့ကိုယ်တိုင်ပင် စစ်ပွဲများကြောင့် တစ်နေရာပြီး တစ်နေရာ ပြောင်းရွေ့နေရပြီး စားသောက်နေထိုင်ရန်အတွက်ပင် ခက်ခဲနေကြသူများဖြစ်သည်။ လူငယ်ထိန်းသိမ်းရေးစခန်းက ကျောင်းအုပ်ဆရာမကြီး ဆိုသူကို “အမေ” ဟု ခေါ်ရတိုင်း မိခင်ကို အောက်မေ့သတိရခဲ့ရကြောင်းလည်း သူမက ပြောပြသည်။ ထိုဆရာမကြီးကို ဝေယျာဝစ္စများဆောင်ရွက်ပေးရသည့်အခါတိုင်း ထောင်ကလွတ်လျှင် မိခင်ကို လုပ်ကျွေးပြုစုစောင့်ရှောက်မည်ဟု စိတ်ကူး၍ အုတ်နံရံကြားက အချိန်များကို ကျော်ဖြတ်ခဲ့ရသည်။

ယခု ပြန်လွတ်လာချိန်တွင် သူစိတ်ကူးသကဲ့သို့ ဖြစ်မလာတော့ပေ။ ချိုမာလွင်တစ်ယောက် မိခင်ကို ကောင်းမွန်စွာ အလုပ်အကျွေးပြုမည်ဟု ဆုံးဖြတ်ထားသော်လည်း သူ့ကိုလာကြိုသည့်မိခင်က ကားမတော်တဆမှုကြောင့် အသက်ဆုံးရှုံးသွားရပြီဖြစ်သည်။

လာမည့် မတ်လ ၂၆ ရက်နေ့သည် သူမ၏ အသက် ၂၀ ပြည့်မွေးနေ့ဖြစ်သည်။ ထို့နေ့တွင် မိခင်နှင့် အတူ အစ်ကိုရှိရာ အာဇာနည်ကုန်းသို့ သွားမည်ဟု ရည်ရွယ်ထားသော်လည်း ပျက်စီးခဲ့ရပြီဖြစ်သည်။ မွေးနေ့တွင် သွားတွေ့ရမည့်နေရာ ၂ ခုဖြစ်သွားလေပြီ။

“အမေက အစ်ကိုနဲ့ အေးချမ်းတဲ့နေရာရောက်နေမှာပါ” မချိုမာလွင်က ဆိုသည်။

သူမသည် မိခင်၏ နောက်ဆုံး ခရီးတွင်ဖြေမဆည်နိုင်သော မျက်ရည်စများကျဆင်းလျက် တုန်ရီနေသော လက်များဖြင့် မိခင်၏ အသက်မဲ့ခန္ဓာကိုယ်ပေါ်ကို ပိတ်စဖြူလေး ဖုံးအုပ်ပေးလိုက်ရသည်။ ထို့နောက် အမေကို မြေချပေးကာ နှုတ်ဆက်ခဲ့ရလေသည်။


မူရင်းပို့စ်ကို Karenni People’s Voice မှာ ဖတ်ရှုရန်။

Announcements


PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Subscribe

Copyright © 2017 - 2026 All Rights Reserved - Progressive Voice (PV)
Website by Bordermedia