“အမိမဲ့သား ရေနည်းငါးတွေလိုပဲပေါ့” ဆုတ်ယုတ်လာတဲ့ ဒုက္ခသည်စခန်းတွင်းက ကျန်းမာရေးစောင့်ရှောက်မှု

21 February 2026

“အမိမဲ့သား ရေနည်းငါးတွေလိုပဲပေါ့” ဆုတ်ယုတ်လာတဲ့ ဒုက္ခသည်စခန်းတွင်းက ကျန်းမာရေးစောင့်ရှောက်မှု

USAID ငွေနဲ့ လည်ပတ်ခဲ့တဲ့ နိုင်ငံတကာကယ်ဆယ်ရေးကော်မတီ (International Rescue Committee) ရဲ့ အကူအညီတွေရပ်တန့်သွားတာကြောင့် ထိုင်း-မြန်မာနယ်စပ် ကရင်ဒုက္ခသည်စခန်း ငါးခုအတွင်းက လူဦးရေသိန်းနဲ့ချီဟာ ဆေးဝါးကုသမှုအပါအဝင် ကျန်းမာရေးစောင့်ရှောက်မှုအတွက် အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်နေကြရပါတယ်။

ထိုင်း- မြန်မာ နယ်စပ် အုန်းဖြန့်ဒုက္ခသည်စခန်း Umphiem Refugee Camp မှာနေတဲ့ ကက်သရင်း(အမည်လွှဲ) ဟာ နှစ်နှစ်ခွဲအရွယ် သူ့သားလေးကို ကာကွယ်ဆေးထိုးဖို့ စခန်းတွင်းက ဆေးရုံကိုခေါ်သွားခဲ့ပေမယ့် ကာကွယ်ဆေးထိုးခွင့်မရဘဲ လှည့်ပြန်လာခဲ့ရပါတယ်။

သွေးရည်ကြည်အားနည်းပြီး ခန္ဓာကိုယ်မှာအနီအကွက်တွေ မကြာခဏဖြစ်တတ်တဲ့ သူ့သားလေးရဲ့ ကျန်းမာရေးအတွက် ဒီကာကွယ်ဆေးထိုးခွင့်ရဖို့က  အရေးကြီးတဲ့ကိစ္စတစ်ခုလို့ သူ့အနေနဲ့ မှတ်ယူထားပါတယ်။

ဆေးရုံကိုရောက်တော့ ကာကွယ်ဆေးမထိုးခင် ကလေးရဲ့ကိုယ်အလေးချိန်ကိုမှတ်တမ်းတင်ဖို့ ကက်သရင်းတို့သားအမိ တန်းစီစောင့်နေချိန် ထိုင်းနိုင်ငံ ဖုတ်ဖရမြို့နယ် ဆေးရုံက ကားနှစ်စီးရုတ်တရက်ရောက်လာပြီး စခန်းတွင်းက ဆေးပစ္စည်းတွေအားလုံးကို  ယူသွားတာနဲ့ ကြုံလိုက်ရပါတယ်။

“မျက်စိရှေ့တင်ပဲ။ အစက သူတို့ဘာလာ လုပ်ပါလိမ့်ပေါ့။ လာလှူတာမှတ်လို့။ ဆေးတွေလာသိမ်းတာ ဆိုတော့မှ  ‘ဪ…ပတ်တီးတစ်လိပ်တောင် မကျန်ခဲ့ဘူး’…” လို့ မျက်မြင်အခြေအနေကို သူက ပြန်ပြောပြပါတယ်။

အဲဒီနောက် ဆေးရုံက ကျန်းမာရေးဝန်ထမ်းတွေက ဆေးရုံလာပြသူတွေအားလုံးကို ပြန်လွှတ်ပြီး သူတို့ သားအမိကိုလည်း နောက် သုံးရက်ကြာမှ ပြန်လာဖို့ ရက်ချိန်းပေးခဲ့ပါတယ်။

သူ့သားလေးဟာ မရပ်မနား နှာခေါင်းသွေးလျှံတာနဲ့  ဝမ်းအမဲသွားတာ စတဲ့ အရေးပေါ်အခြေအနေ ဖြစ်ထားဖူးသူပါ။ ဒါကြောင့် နောက်ထပ် သုံးရက်အကြာမှာ ကာကွယ်ဆေးထိုးခွင့်ရပေမယ့် ရတက်မအေးနိုင်ပါဘူး။

“ဆေးတွေရှိနေသေးရင် ကိုယ့်ကလေး တစ်ခုခုအရေးပေါ်ထဖြစ်ရင်တောင် ပြေးလာပြီး သက်သာအောင်ကုလို့ ရသေးတယ်။ အခုက ဘာမှကို ချန်မထားခဲ့ဘူးဆိုတော့ စိတ်ထဲမှာမကောင်းဘူး” လို့ သူက ပြောပါတယ်။

အဲဒီနေ့  ဇန်နဝါရီလ ၁၂  ရက်နေ့မှာ ရုတ်တရက် ဆေးပစ္စည်းတွေကို ဖုတ်ဖရမြို့နယ်ဆေးရုံ Phop Phra Hospital က လာသိမ်းယူမယ့်အကြောင်းကို ဒုက္ခသည်စခန်းအတွင်းကလူတွေ ကြိုမသိထားပါဘူး။ နောက် သုံးရက် ကြာတော့ ဆေးတွေသက်တမ်းကုန်၊ မကုန်ကို စိစစ်ဖို့ဆိုတာ သိခဲ့ရတာလို့ အုန်းဖြန့်ဒုက္ခသည်စခန်းရဲ့ ဆေးရုံတာဝန်ရှိသူတွေက ဆိုပါတယ်။

“လိုအပ်တဲ့အချိန်ကျရင် ပြန်ပြီးတော့ ပေးပါမယ်ဆိုပြီးတော့ ၁၆ ရက်နေ့မှာ (ဖုတ်ဖရဆေးရုံတာဝန်ရှိသူတွေက) စခန်းလူကြီးတွေနဲ့ ကျွန်တော်တို့ကို လာပြီးတော့ ရှင်းပြတယ်”

စခန်းထဲကဆေးရုံမှာ ကုလို့မရနိုင်တဲ့ လူနာတွေကို  ၇၀ ကီလိုမီတာ (မိုင် ၄၀ ကျော်)  ဝေးတဲ့ ဖုတ်ဖရမြို့နယ်ဆေးရုံဆီ လွှဲပေးဖို့ပါ ညွှန်ကြားခဲ့တယ်လို့ သူကပြောပါတယ်။

ဒါဟာ USAID ငွေနဲ့ လည်ပတ်ခဲ့တဲ့ နိုင်ငံတကာကယ်ဆယ်ရေးကော်မတီ (International Rescue Committee) ရဲ့ အကူအညီတွေရပ်တန့်သွား တာကြောင့် အသက်ငင်နေတဲ့ ထိုင်း-မြန်မာနယ်စပ်နားက လူဦးရေသိန်းနဲ့ချီနေထိုင်ရာ ကရင်ဒုက္ခသည်စခန်း ငါးခုအတွင်းက ဆေးရုံတွေကို အဆင့်လျှော့ချတော့မယ့် ရှေ့ပြေးလုပ်ရပ်ဖြစ်ပြီး ထိုင်းအစိုးရရဲ့ မြို့နယ်ဆေးရုံတွေကို သွားရောက်ကုသရမယ့် အစီအစဉ်သစ်တရပ်ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်ကြောင့် လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀ လောက်ကတည်းက ထွက်ပြေးလာတဲ့ ကရင်စစ်ဘေးရှောင် ဒုက္ခသည်တွေဟာ ဒီစခန်းတွေမှာ စတင် အခြေချနေထိုင်ခဲ့တာဖြစ်တယ်လို့ ကရင်ဒုက္ခသည်များကော်မတီ(KRC)ရဲ့ အတွင်းရေးမှူး စောပွယ်ဆေးက ပြောပါတယ်။

ဆယ်စုနှစ်ပေါင်းများစွာ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေကြရတဲ့ ကရင်ဒုက္ခသည်တွေဟာ နိုင်ငံတကာအကူအညီတွေ ရပ်တန့်ခဲ့တဲ့နောက် နောက်ထပ်အကျပ်အတည်းတွေနဲ့ပါ ထပ်မံရင်ဆိုင်နေကြရပါတယ်။

မတ်လထဲမှာ ဝန်ထမ်းအရေအတွက်ကိုပါ ထပ်မံလျှော့ချသွားမှာဖြစ်ပြီး ထိုင်းကျန်းမာရေးဝန်ကြီးဌာနရဲ့ လုပ်ထုံးလုပ်နည်းအတိုင်း ကိုင်တွယ်တော့မှာဖြစ်တယ်လို့ ကရင်ဒုက္ခသည်များကော်မတီ (KRC) ရဲ့ အတွင်းရေးမှူး စောပွယ်ဆေးက ပြောပါတယ်။

လတ်တလောမှာတင် လူနာတွေဟာ ထိုင်းအစိုးရရဲ့ မြို့နယ်ဆေးရုံတွေကို သွားလာဖို့ အခက်အခဲ၊ ကုန်ကျစရိတ်နဲ့ ကျန်းမာရေး အာမခံဖိုး မတတ်နိုင်တာကြောင့် ကျန်မာရေးစောင့်ရှောက်မှု လက်လှမ်းမမီဖြစ်နေကြပြီး IRC အကူအညီနဲ့ လည်ပတ်ခဲ့တဲ့တုန်းကလို စခန်းတွင်းက ဆေးရုံတွေမှာတင် လွှမ်းခြုံနိုင်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုမျိုးကိုသာ ပြန်မျှော်လင့်မိတယ်လို့ ဒုက္ခသည်အသိုင်းအဝိုင်းက ပြောပါတယ်။

“အပြောင်းအလဲတွေဖြစ်သွားတော့ ဒုက္ခသည်လူနာတွေ အလူးအလဲခံရတဲ့ အပေါ်မှာ ကျွန်တော်တို့အနေနဲ့ လုပ်ပေးလို့မရတဲ့ အကန့်အသတ်က ရှိနေတယ်။ အရင် ပုံမှန်အနေအထားအတိုင်း လုပ်ပိုင်ခွင့်တွေ ဆက်ပြီး ရမယ်ဆိုရင်တော့ ဒါက လူထုအတွက် အဆင်ပြေမယ်လို့ မျှော်လင့်ရတာပေါ့” လို့ အုန်းဖြန့်ဆေးရုံတာဝန်ရှိ သူတစ်ဦး က ပြောပါတယ်။

ဆေးရုံသွား အခက်အခဲနဲ့ မနိုင်မနင်း ဆေးကုသစရိတ်တွေ

ဒုက္ခသည်စခန်းတွေကနေ မြို့နယ်ဆေးရုံတွေကို သွားဖို့ လိုအပ်လာပြီဆိုရင်  အရင်က လူနာလွှဲစာနဲ့အတူ IRC က ကားနဲ့ စရိတ်ငြိမ်းလိုက်ပို့ပေးပါတယ်။ IRC ရပ်သွားတဲ့နောက်မှာတော့ မြို့နယ်ဆေးရုံတွေကို အရောက်သွားနိုင်ဖို့ ကားစီစဉ်ရတာမှာတင် စိန်ခေါ်မှုတစ်ခုဖြစ်လာတယ်လို့ ဒုက္ခသည်တွေကကို ပြောပါတယ်။

လူဦးရေ တစ်သောင်းကျော်နေထိုင်တဲ့ အုန်းဖြန့်စခန်းကနေဆိုရင် တစ်နာရီခွဲကြာဝေးတဲ့ ဖုတ်ဖရမြို့နယ် ဆေးရုံကို ကိုယ့်အစီအစဉ်နဲ့ကိုယ်သွားဖို့ စခန်းက ကိုယ်ထူကိုယ်ထကားစီစဉ်ထားပြီး ဆီဖိုးအဖြစ် တစ်ယောက်ကို ထိုင်းဘတ်ငွေ ၂၀၀ (ကျပ် ၁၅၀၀၀ ခန့်)  ကောက်ခံရတယ်လို့ အုန်းဖြန့်ဆေးရုံတာဝန်ရှိသူ နောက်ထပ်တစ်ဦး က ပြောပါတယ်။

ဒီကားက လူအများဆုံး ၁၂ ယောက်ပဲ ဆံ့တာကြောင့် မကြာခဏ လူမဆံ့တဲ့ပြဿနာတွေလည်း ကြုံရတယ်လို့ သူက ဆိုပါတယ်။ “ဒီမနက်ဆို ၁၇ ယောက်။ အဖိုးကြီး၊ အဖွားကြီးတွေရော ကျပ်သိပ်ပြီး ထည့်ပေးလိုက်ရတာ။ ပြန်လာရင် ဆေးရုံဆင်းတဲ့သူ နှစ်ယောက် ထပ်တိုးမယ်”

အရေးပေါ်အတွက် မြို့နယ်ဆေးရုံကားက ခရီးတစ်ဝက်မှာ လာစောင့်ခေါ်ပေးတာကြောင့် နေ့ပိုင်းမှာဆိုရင် အနီးအနားရှိ အုန်းဖန်မြို့နယ်ဆေးရုံက ထောက်ပံ့ပေးထားတဲ့ အရေးပေါ်ကားနဲ့ လမ်းတစ်ဝက်အထိ သွားရပြီး ညပိုင်းမှာတော့ ကိုယ့်အစီအစဉ်နဲ့ ကိုယ်သာ အရောက်သွားရပြန်တယ်လို့ သူကရှင်းပြပါတယ်။

ဆေးရုံရောက်သွားတဲ့အခါမှာလည်း ကျန်းမာရေးအာမခံ မဝယ်ထားပါက ထိုင်းဘတ်ငွေသောင်းနဲ့ချီအထိ အတောင်းခံရပြီး အကြွေးမှတ်ထားခံရတာကြောင့် နောက်တစ်ကြိမ်ထပ်သွားဖို့ အဆင်မပြေဖြစ်ကြရတယ်လို့ ဆေးသွားကုဖူးတဲ့ ဒုက္ခသည်တွေက ပြောပါတယ်။

“ဆေးရုံတက်ပြီး ခွဲစိတ်ရတဲ့သူတွေဆို (ဘတ်ငွေ) သောင်းဂဏန်းလောက် ကျတယ်။ သုံးသောင်း ကနေ ငါးသောင်း (မြန်မာကျပ်ငွေ ၂၃ သိန်းကနေ ၃၈ သိန်းခွဲခန့်) ရှိတယ်။ ဒါပေမဲ့ ဒုက္ခသည်တွေက မပေးနိုင်တဲ့ အခါကျရင် ထောင်ဂဏန်းလောက်ပဲ ပေးခဲ့တာပေါ့ ။ သူတို့က မှတ်တော့ မှတ်ထားပေးမယ်ပေါ့ ။ တကယ်လို့ နောက်တစ်ခါပြန်လာရင် ဒီအကြွေးကို ပြန်ဆပ်ရမယ်နော် ဆိုတဲ့ စကားကို ပြန်ထည့်ပေးလိုက်တယ်။ ဆိုတော့ ဒုက္ခသည်တွေမှာ ဒီဟာအတွက် ဖိစီးမှုတစ်ခု” လို့ အုန်းဖြန့် စခန်းက ဆီးချိုနဲ့ ကျောက်ကပ်နာတာရှည် ဝေဒနာသည်တစ်ဦးက အခြေအနေကို ရှင်းပြပါတယ်။

USAID အထောက်အပံ့တွေရပ်ပြီးနောက်ပိုင်း အသက် ၁၈ ကနေ ၃၅ နှစ်ကြား ဒုက္ခသည်တွေကို ထိုင်းအစိုးရက တရားဝင်အလုပ်လုပ်ခွင့်ပေးတာနဲ့အတူ တစ်နှစ်စာ ထိုင်းဘတ်ငွေ ၂,၇၀၀ (မြန်မာကျပ်ငွေ နှစ်သိန်းကျော်) တစ်ခါတည်းပေးသွင်းရတဲ့ ကျန်းမာရေး အာမခံကို အသက်ကန့်သတ်ချက်မရှိ လုပ်ခွင့်ပေးထားပါတယ်။

ဒါပေမဲ့လည်း အသက်သတ်မှတ်ချက်ထဲ အကျုံးဝင်တဲ့အထဲက လူနည်းစုသာ နယ်ဝေးမှာ အလုပ်ရကြပြီး အများစုက ဝင်ငွေမရှိဘဲ  ကျန်းမာရေးအာမခံ မဝယ်နိုင်တဲ့ အခြေအနေဖြစ်နေတာကြောင့် ညှိနှိုင်းဖို့ စခန်းတာဝန်ရှိသူတွေကနေတဆင့် ဒုက္ခသည်တွေက တောင်းဆိုကြပါတယ်။

“ခက်ခဲတဲ့ ကာလဆိုတော့ လူတိုင်းမလုပ်နိုင်နေဘူး။အဲ့ဒီခါကျတော့ မိသားစုထဲမှာ လေးယောက်ရှိရင် တစ်ယောက်ခွဲ လုပ်တာ ဒါမျိုးလေးတွေ လုပ်တော့လုပ်နေကြပြီ။ အကုန်လုံးတော့ မလုပ်နိုင်ဘူးပေါ့” လို့ အုန်းဖြန့်စခန်းဆေးရုံတာဝန်ရှိသူ က ပြောပါတယ်။

ဒီကျန်းမာရေးအာမခံနဲ့ဆို ပြင်ပလူနာဌာနမှာ နေ့လယ်ပိုင်းပြရင် ထိုင်းဘတ်ငွေ ၃၀  (မြန်မာငွေ ၂၃၀၀ ခန့်)  သာ ပေးရတော့မှာဖြစ်ပြီး ညပိုင်းဆိုရင် ထိုင်းဘတ်ငွေ ၁၀၀ (မြန်မာငွေ ၇၇၀၀ ခန့်) ဝန်းကျင်ကုန်မယ်လို့ သူက ရှင်းပြပါတယ်။

အလားတူ လူဦးရေ သုံးသောင်းခွဲရှိ  Mae La မယ်လစခန်းကနေ ထဆောင်ရန်းမြို့နယ်ဆေးရုံမှာ Tha Son Yang Township Hospital မှာ သွားပြတဲ့အခါလည်း ဘတ်သောင်းနဲ့ချီတဲ့အထိ ကုန်ကျတာတွေရှိပြီး မပေးနိုင်ရင် အကြွေးမှတ်ထားခံရတာနဲ့ နောက်တစ်ကြိမ်ပြန်သွားပြရင် လူနာမကြည့်ခင် အကြွေးအရင်အတောင်းခံရတာတွေ ကြုံနေရတယ်လို့ သူနာပြုဆရာမတစ်ဦးက  ပြောပါတယ်။

“ပိုက်ဆံပါလား တန်းမေးတာ။ နှစ်သောင်းလောက်ကျတယ်ဆို တစ်ဝက် ဒါမှမဟုတ် ထောင်ဂဏန်းပဲပေးနိုင်ရင် ပေးထား။ ပိုက်ဆံမရှိတဲ့အခါကျတော့ ဒီတိုင်းပဲထားတယ်။ နောက်ပိုင်းကျ သွားပြရင် Blacklist ထဲမှာ ထည့်လိုက်ပြီး နောက်တစ်ခါဆေးရုံတက်ရင် မကြည့်တော့ဘူးပေါ့”

ဝန်ထမ်းလျှော့ချတော့မယ်

လာမယ့် မတ်လပိုင်းမှာဆိုရင် စခန်းတွင်းက ဆေးရုံတွေကို ဆေးပေးခန်း သို့မဟုတ် အလယ်အလတ်ဆေးရုံအဖြစ်ပဲ အဆင့်လျှော့ချလိုက်တဲ့အခါ ကျန်းမာရေးဝန်ထမ်းတွေကိုလည်း လက်ရှိအရေအတွက်ကနေ ထက်ဝက်မက လျှော့ချသွားမှာဖြစ်တယ်လို့ ကရင်ဒုက္ခသည်များကော်မတီ (KRC) အတွင်းရေးမှူး စောပွယ်ဆေးက ပြောပါတယ်။

ဆက်လက်ခန့်ထားမယ့် ဝန်ထမ်းလစာကို ထိုင်းအစိုးရက ပေးသွားမှာဖြစ်ပြီး “ထိုင်းကလည်း စာနာထောက်ထားတဲ့ အနေနဲ့ တာဝန်ယူလိုက်တာ” လို့သူက ဆိုပါတယ်။

လူဦးရေ ၃၇,၀၀၀ ရှိ မယ်လစခန်းက ဆေးရုံဆိုရင် လတ်တလော ဝန်ထမ်း ၄၀ နီးပါးရှိပေမယ့် ဝန်ထမ်း ၂၀ ဝန်းကျင်သာ ထားတော့မှာဖြစ်ပြီး IRC လည်ပတ်စဉ်က မယ်လစခန်းဆေးရုံတစ်ခုလုံးရဲ့ ဝန်ထမ်းစုစုပေါင်းဟာ အယောက် ၅၀၀ ဝန်းကျင်ရှိတယ်လို့ သူနာပြုဆရာမက ပြောပါတယ်။

လတ်တလောမှာ သူနာပြု တစ်ယောက်နဲ့ ကျွမ်းကျင်ကျန်းမာရေးလုပ်သား တစ်ယောက်က လူနာဆောင် တစ်ဆောင်ကို တာဝန်ယူရာကနေ နောက်ထပ် တစ်ဆောင်တိုးပြီး လူနာဆောင် နှစ်ဆောင်ကို မျှကြည့်ရတော့မှာလို့ သူက ရှင်းပြပါတယ်။

မယ်လဒုက္ခသည်စခန်းဆေးရုံမှာ စုစုပေါင်း လူနာဆောင် ခုနစ်ဆောင်ရှိပြီး တစ်နေ့ကို ခန့်မှန်းခြေ လူနာ ၁၀၀ ဝန်းကျင်ကနေ ၂၀၀ နီးပါးအထိ လာပြလေ့ရှိပြီး ဒီလူနာတွေအားလုံးဟာ မြို့နယ်ဆေးရုံမှာ ဆေးကုသမှု ရဖို့ ပိုက်ဆံပေးနိုင်တဲ့အခြေအနေ မရှိဘူးလို့ သူကပြောပါတယ်။

“မြို့နယ်ဆေးရုံရောက်ရင် သူတို့တောင်းသမျှ ပေးရတော့မယ်။ လက်ထဲမှာ ပိုက်ဆံမရှိရင် မလွယ်ဘူး။ အသက် တစ်ချောင်းဆက်ရဖို့က ပမာဏများများပေးရတော့မှာ”

လတ်တလောမှာ အုန်းဖြန့်စခန်းအတွက် ကျန်းမာရေးဝန်ထမ်း အယောက် ၅၀ ဝန်းကျင်ရှိရာကနေ  အယောက် ၂၀ ပဲ ထားဖို့ ဖုတ်ဖရမြို့နယ်ဆေးရုံကညွှန်ကြားထားတယ်လို့ အုန်းဖြန့်စခန်းဆေးရုံတာဝန်ရှိသူ က ဆိုပါတယ်။

IRC လည်ပတ်စဉ်က အုန်းဖြန့်စခန်းမှာ ကျန်းမာရေးဝန်ထမ်းအယောက် ၂၀၀ ကျော်ရှိရာကနေ IRC ရပ် သွားကတည်းက ဝန်ထမ်းဦးရေဟာ လေးပုံ တစ်ပုံနီးပါးပဲ ကျန်တော့တာကို  အခုဖေဖော်ဝါရီကုန်ရင် ထက်ဝက်မက ထပ်မံလျော့သွားဦးမှာလို့ သူကပြောပါတယ်။

“ဝန်ထမ်းဦးရေက တအားကြီးလျော့သွားတဲ့အတွက် စခန်းနေလူဦးရေက များပြီးတော့ ဆားဗစ်ပေးရမယ့် ဝန်ထမ်းအရေအတွက် နည်းလာတဲ့အခါ သိပ်ပြီး မမျှတာမျိုးရှိလာတော့ အခက်အခဲတွေ ကြုံလာနိုင်တာပေါ့ ”  သူက ဆိုပါတယ်။

ကရင်ဒုက္ခသည်စခန်းထဲ မယ့်လအို နဲ့ မယ့်လအု နှစ်ခုကတော့ တခြားသော နိုင်ငံတကာအဖွဲ့အစည်း အကူအညီရှိတော့ မထိခိုက်ဘူးလို့ KRC အတွင်းရေးမှုး စောပွယ်ဆေးက ပြောပါတယ်။

မြင့်တက်လာတဲ့ သေဆုံးနှုန်းနဲ့ ရွေးချယ်စရာမဲ့ အခြေအနေ

USIAD အကူအညီ ပြတ်သွားပြီး IRC ရပ်သွားတဲ့နောက် ဒုက္ခသည်စခန်းတွေအတွင်း လူသေနှုန်းဟာ  အရင် ကထက် နှစ်ဆနီးပါး မြင့်တက်လာတာကို စာရင်းဇယားတွေက ညွှန်ပြနေတယ်လို့   ကျန်းမာရေးဝန်ထမ်းတွေက ပြောပါတယ်။

အုန်းဖြန့်စခန်းဆေးရုံရဲ့ အချက်အလက်တွေအရ တစ်လကို ပျမ်းမျှ သေနှုန်းဟာ  ၂၀၂၄ ခုနှစ် မှာ လေးယောက် ဝန်းကျင်ပဲ ရှိရာကနေ IRC ရပ်သွားတဲ့ ၂၀၂၅ ခုနှစ် မှာ ရှစ်ယောက်ဝန်းကျင်အထိ ဖြစ်သွားတယ်လို့ ဆေးရုံတာဝန်ရှိသူက ဆိုပါတယ်။

“လူနာတွေက IPD (အတွင်းကုသဆောင်) မရှိတော့ဘူးဆိုတော့ နိုင်သလောက် အိမ်မှာ ကြိတ်မှိတ်ခံစားပြီး ရှိတဲ့ ဆေးလေးနဲ့ နေတယ်။ အဆင်မပြေတဲ့အချိန်ကျမှ ဆေးရုံရောက်လာတယ်။ အဲဒီအခါကျမှ မမီတော့ဘူးပေါ့နော်။ အဲ့ဒီမှာ သေဆုံးနှုန်းတက်လာတဲ့အကြောင်းအရင်းတွေက IPD ပိတ်လိုက်ရတယ်။ ဒါမျိုးတွေလို့ ယူဆရတယ်” လို့ သူက ရှင်းပြပါတယ်။

မယ်လစခန်းဆေးရုံမှာလည်း  မြို့နယ်ဆေးရုံကနေရလာတဲ့ အထောက်အပံ့တွေဟာ သက်တမ်းကုန်ခါနီး  ဆေးဝါးတွေနဲ့ ချို့ယွင်းနေတဲ့ စက်ပစ္စည်းတွေသာဖြစ်တယ်လို့ မယ်လဒုက္ခသည်စခန်းက သူနာပြုဆရာမက ပြောပါတယ်။

ဒါကြောင့် “ဒုက္ခသည်တွေရဲ့ အသက်ဟာ ပုရွက်ဆိတ်တစ်ကောင်လောက်တောင် တန်ဖိုးမရှိတော့ဘူး။ ” လို့ သူက ငြီးတွားပါတယ်။

KRC အတွင်းရေးမှုး စောပွယ်ဆေးကတော့ ဒုက္ခသည်ကွန်ဗင်ရှင်းကို လက်မှတ်မထိုးထားတဲ့ ထိုင်းနိုင်ငံမှာ ဒုက္ခသည် သိန်းနဲ့ချီဟာ နှစ်ပေါင်း ၅၀ ကြာသည့်တိုင် ယာယီစစ်ဘေးရှောင်အဆင့်အနေနဲ့ပဲ ရှိနေတာကြောင့် ထိုင်းအစိုးရရဲ့ စီမံမှုကို လက်ခံရုံကလွဲပြီး တခြားရွေးချယ်စရာ မရှိဘူးလို့ ဆိုပါတယ်။

“အပြောင်းအလဲ တစ်ခုခုဖြစ်ပြီဆိုရင် တော်တော်လေးကို ခက်ခက်ခဲခဲ ခံစားရတယ်ပေါ့နော်။ သို့သော် အခုက တခြားမှီခိုစရာလည်းမရှိတော့ဘူးပေါ့နော်။ ထိုင်းနိုင်ငံကိုပဲ မှီခိုရမယ့် အနေအထား” လို့ သူက ပြောပါတယ်။

အုန်းဖြန့်စခန်းဆေးရုံရဲ့ နောက်ထပ်တာဝန်ရှိသူတစ်ဦးကလည်း စခန်းတွင်းက ဆေးရုံတွေကို အဆင့်မလျှော့ချပဲ ဆက်လက်ကုသနိုင်ဖို့ အကူအညီပေးတဲ့နည်းလမ်းကသာ ဒုက္ခသည်တွေအတွက် ပိုအဆင်ပြေတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့လည်း ဒီဆန္ဒဟာ လက်တွေ့ ဖြစ်ဖို့ခက်နေပြီး ဒုက္ခသည်တွေရဲ့ ဘဝတွေဟာ “အမိမဲ့သား ရေနည်းငါး တွေလိုပဲပေါ့။ ဘယ်သူ့ကို အဖေခေါ်လို့ ခေါ်ရမှန်းလည်းမသိဘူး။” လို့ ပြောပါတယ်။

ဒီဆောင်းပါးအတွက် IRC ကို အင်တာဗျူးဖို့ အီးမေလ်ပို့ဆက်သွယ်ခဲ့ပေမယ့် အခုအချိန်အထိ အကြောင်း မပြန်သေးပါ။


မူရင်းပို့စ်ကို Myanmar Now တွင်ဖတ်ရန်

Announcements


PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Subscribe

Copyright © 2017 - 2026 All Rights Reserved - Progressive Voice (PV)
Website by Bordermedia