အတုအယောင်ရွေးကောက်ပွဲ သတင်းလွှာ (ဇန်နဝါရီ ၁၂ – ၁၄)

14 January 2026

အတုအယောင်ရွေးကောက်ပွဲ သတင်းလွှာ (ဇန်နဝါရီ ၁၂ – ၁၄)

ဤအကျဥ်းချုပ်သည် အကြမ်းဖက်အာဏာသိမ်းစစ်တပ်က “ရွေးကောက်ပွဲ” ဟု ခေါင်းစဉ်တပ် ဖန်တီးရန် ကြိုးပမ်းမှုများနှင့် ဆက်စပ်သည့် ဥပဒေများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် နှိမ်နင်းဖြိုခွင်းမှု အခြေအနေများကို နေ့စဉ် စောင့်ကြည့်ဖော်ပြထားခြင်း ဖြစ်ပါသည်။  ဤသတင်းနှင့် နောက်ဆုံးရ အခြေအနေများသည် ဇန်နဝါရီ ၁၂ ရက် မွန်းတည့်ချိန်မှ ဇန်နဝါရီ ၁၄ ရက် မွန်းတည့်ချိန်အထိ ဖြစ်စဉ်များကို ရေတွက်ဖော်ပြထားခြင်း ဖြစ်သည်။

အတုအယောင်ရွေးကောက်ပွဲ ဖြစ်စဉ်များနှင့် ပတ်သက်၍ ယခင်မှတ်တမ်းများကို ဤနေရာတွင် ကြည့်ရှုနိုင်ပါသည် – Feb 2021 – Dec 2021, Jan 2022-Dec 2022, Jan 2023 – Dec 2023, Jan 2024 – Dec 2024, Jan 2025, Feb 2025, March 2025, April 2025, May 2025, June 2025, July 2025, August 2025, September 2025, October 2025,   November 2025, December 2025    

အတုအယောင်ရွေးကောက်ပွဲ သတင်းလွှာများအတွက် ဤနေရာတွင် ကြည့်ရှုပါ – 27 December, 28 December, 29 December, 30 December, 5 Janauary, 11 Janauary, 12 January,

အတုအယောင်ရွေးကောက်ပွဲ ပထမအဆင့်  သုံးသပ်ချက်ကို ဤနေရာတွင် ကြည့်ပါ – Phase 1 Overview,

အတုအယောင် ရွေးကောက်ပွဲဆိုင်ရာ အထွေထွေ နောက်ဆုံးရသတင်းများ

ဇန်နဝါရီ ၁၁ ရက်: အင်းစိန်မြို့နယ် (ရန်ကုန်တိုင်း) တွင် အကြမ်းဖက်အာဏာသိမ်း စစ်တပ် လက်ပါးစစေ ပြည်ခိုင်ဖြိုးပါတီ (USDP) သည် မဖြစ်မနေ လိုအပ်သော စာရွက်စာတမ်း အထောက်အထားများ မပါရှိသည့် မသမာသော ကြိုတင်မဲများဖြင့် အနိုင်ရရှိခဲ့ကြောင်း အတုအယောင် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သော ပါတီအများအပြားက ပြောဆိုကြသည်။ ရွာမအနောက်ရပ်ကွက်ရှိ အထက (၆) မဲရုံနှင့် ဒညင်းကုန်းလမ်းဆုံအနီးရှိ အမက (၂၃) မဲရုံတို့တွင် မဲစာရင်း “ပုံစံ ၁၃” မပါရှိဘဲ ရောက်ရှိလာသော ကြိုတင်မဲ (၂၄၀) ကို အကြမ်းဖက်အာဏာသိမ်း စစ်တပ် တာဝန်ရှိသူများက ရေတွက်ခဲ့သည်။ ပြည်သူ့ပါတီ (People’s Party) နှင့် အခြားကိုယ်စားလှယ်လောင်းများက တရားဝင် ကန့်ကွက်ခဲ့သော်လည်း အကြမ်းဖက်အာဏာသိမ်း စစ်တပ်၏ ရွေးကောက်ပွဲကော်မရှင်က ထိုမဲများကို အတည်ပြုပေးခဲ့သည်။ ဤဖြစ်ရပ်သည် ထိုနေ့နံနက်ပိုင်းက စစ်ခေါင်းဆောင် မင်းအောင်လှိုင် လာရောက်စစ်ဆေးခဲ့သော မြို့နယ်အတွင်း၌ပင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ 

ဇန်နဝါရီ ၁၂ ရက်: ကြည့်မြင်တိုင်မြို့နယ် (ရန်ကုန်တိုင်း) တွင် အဆင့် (၂) ရွေးကောပွဲအတွင်း တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ဦးခင်လှိုင် (ဇောတိက) က ပြည်သူ့လွှတ်တော်နေရာအတွက် အကြမ်းဖက်အာဏာသိမ်း စစ်တပ် လက်ဝေခံ USDP ကိုယ်စားလှယ်လောင်းကို အနိုင်ရရှိခဲ့သည်။ ကနဦးရလဒ်များအရ ဦးခင်လှိုင်သည် မဲရုံ (၄၈) ရုံအနက် (၄၇) ရုံ၌ အပြတ်အသတ် အနိုင်ရရှိကာ မဲပေါင်း ၁၄,၀၀၀ ကျော် ရရှိခဲ့ပြီး USDP ကိုယ်စားလှယ်လောင်းမှာ မဲ ၄,၀၀၀ ခန့်သာ ရရှိခဲ့သည်။ ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) ကိုယ်စားလှယ်လောင်းမှာ မဲ ၂,၀၀၀ ကျော်ဖြင့် တတိယနေရာတွင် ရပ်တည်ခဲ့သည်။ မြို့နယ်အတွင်း မဲပေးပိုင်ခွင့်ရှိသူ ၆၀,၀၀၀ နီးပါးအနက် ၅၀ ရာခိုင်နှုန်းခန့် မဲလာပေးခဲ့ကြောင်း အကြမ်းဖက်အာဏာသိမ်း စစ်တပ်၏ UEC နှင့် နီးစပ်သော သတင်းရင်းမြစ်များက ပြောဆိုသည်။

ဇန်နဝါရီ ၁၂ ရက်: အတုအယောင် ရွေးကောက်ပွဲ အဆင့် (၂) တွင် ယှဉ်ပြိုင်ခဲ့သည့် မြို့နယ် (၁၀၀) အနက် (၇၆) မြို့နယ်၌ USDP က အနိုင်ရရှိခဲ့ကြောင်း အကြမ်းဖက်အာဏာသိမ်း စစ်တပ် လက်ပါးစေ USDP ပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးမောင်မြင့်က လူမှုကွန်ရက်မှတစ်ဆင့် ပြောကြားခဲ့သည်။ သို့သော် ကြည့်မြင်တိုင်မြို့နယ် (ရန်ကုန်တိုင်း)၊ ရှမ်းပြည်နယ်တောင်ပိုင်းမှ မြို့နယ် (၄) မြို့နယ်နှင့် မွန်ပြည်နယ်မှ မြို့နယ် (၃) မြို့နယ်အပါအဝင် မဲဆန္ဒနယ် (၈) နယ်တွင် ပါတီအနေဖြင့် ရှုံးနိမ့်ခဲ့ကြောင်း ၎င်းက ဝန်ခံခဲ့သည်။

ဇန်နဝါရီ ၁၂ ရက်: ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် တောင်ပိုင်းတို့တွင် အဆင့် (၂) ရွေး‌ကောက်ပွဲ၌ မဲပေးစက်များ ချွတ်ယွင်းခြင်း၊ အတင်းအကျပ် မဲပေးခိုင်းခြင်း၊ စစ်တပ်က အင်အားသုံး နေရာယူထားခြင်းနှင့် ခြိမ်းခြောက်ခြင်းများ ရှိခဲ့ကြောင်း ဒေသခံများက ပြောကြားသည်။ မောက်မယ်နှင့် မိုင်းဖြတ်မြို့နယ်များတွင် မဲပေးပြီးနောက် မဲပေးစက်များက အတည်ပြုဖြတ်ပိုင်းများ ထုတ်မပေးနိုင်ခဲ့သဖြင့် ရလဒ်ကွာဟမှုများ ဖြစ်ပေါ်ကာ မဲပေးခြင်းကို ယာယီရပ်ဆိုင်းခဲ့ရကြောင်း မဲဆန္ဒရှင်များက ဆိုသည်။ ထို့ပြင် လူငယ်များက မဲမပေးဘဲ နေခဲ့ကြသဖြင့် မဲလာပေးသူ အများစုမှာ သက်ကြီးရွယ်အိုများ ဖြစ်ကြသည်။ သို့သော် သက်ကြီးရွယ်အို မဲဆန္ဒရှင်များသည် အီလက်ထရောနစ် မဲပေးစက်များကို အသုံးပြုရန် အခက်အခဲ ရှိခဲ့ကြသဖြင့် ကြန့်ကြာမှုများနှင့် ရလဒ်အပေါ် ရှုပ်ထွေးမှုများ ဖြစ်ပေါ်ခဲ့သည်။ ရပ်စောက်နှင့် ရွာငံမြို့နယ်များ (ရှမ်းပြည်နယ်တောင်ပိုင်း) တွင် အကြမ်းဖက်အာဏာသိမ်း စစ်တပ်တပ်ဖွဲ့ဝင်များက မဲရုံများကို အနီးကပ် စောင့်ကြပ်ခဲ့ကြရာ လက်နက်ကိုင်တပ်ဖွဲ့များ မဲရုံအနီး မရှိစေရဟူသော

ရွေးကောက်ပွဲဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ချိုးဖောက်ရာရောက်ပြီး မဲဆန္ဒရှင်များကို ခြိမ်းခြောက်သကဲ့သို့ ဖြစ်စေခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဇန်နဝါရီ ၁၂ ရက်: မွန်ပြည်နယ်တွင် အကြမ်းဖက်အာဏာသိမ်း စစ်တပ် ထိန်းချုပ်ထားသော UEC က အတုအယောင် ရွေးကောက်ပွဲ ဒုတိယအဆင့် ရလဒ်များကို ကြေညာခဲ့သည်။ USDP က အမတ်နေရာ (၂၁) နေရာဖြင့် အများစု “အနိုင်ရ” ခဲ့ပြီး၊ မွန်ညီညွတ်ရေးပါတီ (MUP) က ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော်များတွင် စုစုပေါင်း (၁၇) နေရာ အနိုင်ရရှိခဲ့သည်။ ကျန်ရှိသော (၄၅) နေရာကို ပါတီငယ် (၅) ပါတီက ရရှိခဲ့သည်။

ဇန်နဝါရီ ၁၃ ရက်: အကြမ်းဖက်အာဏာသိမ်း စစ်တပ်က အဆင့် (၂) ရွေး‌ကောက်ပွဲကို  ရှမ်းပြည်နယ်တွင် မြို့နယ် (၁၇) မြို့နယ်၌  ကျင်းပရာတွင် မြောက်ပိုင်းရှိ တန့်ယန်းနှင့် မိုင်းရယ်မြို့နယ် နှစ်မြို့နယ်၌သာ မဲပေးပွဲ ပြုလုပ်နိုင်ခဲ့သည်။ ရှမ်းလူမျိုးဦးရေ များပြားသော ထိုဒေသများတွင် ရှမ်းနိုင်ငံရေးပါတီများက သမိုင်းစဉ်တစ်လျှောက် အနိုင်ရလေ့ရှိခဲ့သော်လည်း အကြမ်းဖက်အာဏာသိမ်း စစ်တပ် ထိန်းချုပ်ထားသော ယခုရွေးကောက်ပွဲတွင်မူ အကြမ်းဖက်အာဏာသိမ်း စစ်တပ် လက်ပါးစေ USDP က မြို့နယ်နှစ်ခုစလုံးကို သိမ်းပိုက်ခဲ့သည်။ တန့်ယန်းမြို့နယ်တွင် မဲလာပေးသူ အလွန်နည်းပါးခဲ့ပြီး USDP သည် ကြိုတင်မဲများဖြင့် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

ဇန်နဝါရီ ၁၃ ရက်: ရန်ကုန်တိုင်းရှိ မြို့နယ်အများအပြားတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက မဲလုံးဝလာမပေးသော “ဧည့်စာရင်း” နေထိုင်သူများအတွက် ကြိုတင်မဲလက်မှတ်များကို ကြိုတင်ဖြည့်စွက်ထားခဲ့ကြောင်း ဒေသခံများက ပြောကြားသည်။ အာဏာပိုင်များက ထိုသူများသည် မဲပေးရန် ကင်းလွတ်ခွင့်ရှိသည်ဟု ပြောဆိုခဲ့သော်လည်း ၎င်းတို့၏ မဲလက်မှတ်များကိုမူ အလိုအလျောက် ထည့်သွင်းရေတွက်ခဲ့သည်။

အတုအယောင် ရွေးကောက်ပွဲအတွက် အကြမ်းဖက်အာဏာသိမ်းစစ်တပ်၏ ဖိအားပေးမှုများ

ဇန်နဝါရီ ၁ – ၁၁ ရက်: ပေါင်မြို့နယ် (မွန်ပြည်နယ်) တွင် အတုအယောင် ရွေးကောက်ပွဲအတွက် မဲပေးပိုင်ခွင့်ရှိသူ အရေအတွက် တိုးမြှင့်ရန် ရည်ရွယ်လျက် အကြမ်းဖက်အာဏာသိမ်း စစ်တပ်၏ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက နိုင်ငံသားစိစစ်ရေးကတ် (မှတ်ပုံတင်)

အစားထိုးလဲလှယ်ပေးရေး အထူးစီမံချက်တစ်ရပ်ကို ပြုလုပ်ခဲ့သည်။ ပုံမှန်အားဖြင့် ကျပ် (၂) သိန်းမှ (၆) သိန်းအထိ ပေးရလေ့ရှိပေမဲ့ လာဘ်ထိုးစရာမလိုဘဲ မှတ်ပုံတင်ကတ်များ ရရှိခဲ့ကြောင်း ဒေသခံများက ပြောကြားသည်။

ဇန်နဝါရီ ၁၁ ရက်: အင်းစိန်မြို့နယ် (ရန်ကုန်တိုင်း)၊ ရွာမအရှေ့ရပ်ကွက်တွင် အကြမ်းဖက်အာဏာသိမ်း စစ်တပ်ခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများသည် အဆင့် (၂) ရွေး‌ကောက်ပွဲ မတိုင်မီ ဒေသခံများအား မဲလက်မှတ်များနှင့်အတူ ငွေကြေးဝေငှကာ “မဲဝယ်” မှုများ ပြုလုပ်ခဲ့ကြောင်း ဧရာဝတီသတင်းဌာနက ဖော်ပြသည်။ မဲလာပေးသူ များပြားစေရန်အတွက် နိုင်ငံရေးပါတီတစ်ခုက “လမ်းစရိတ်” အဖြစ် ထောက်ပံ့ပေးခြင်းဖြစ်သည်ဟု ဆိုကာ ငွေကြေးဝေငှခဲ့ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးက အတည်ပြု ပြောကြားသည်။

ဇန်နဝါရီ ၁၃ ရက်: ဒေါ်အောင်ဆန်းစုကြည်အား သမိုင်းစဉ်တစ်လျှောက် ထောက်ခံခဲ့သော မဲဆန္ဒနယ်ဖြစ်သည့် ကော့မှူးမြို့နယ် (ရန်ကုန်တိုင်း) တွင် မဲလာပေးသူ အလွန်နည်းပါးသော်လည်း အကြမ်းဖက်အာဏာသိမ်း စစ်တပ် လက်ပါးစေ USDP က “အနိုင်ရ” ကြောင်း ကြေညာခဲ့သည်။ ဒေသခံ အုပ်ချုပ်ရေးမှူးများသည် မဲဆန္ဒရှင်များကို ခြိမ်းခြောက်ခဲ့ပြီး USDP အတွက် ပေါ်ပေါ်ထင်ထင် မဲဆွယ်စည်းရုံးခဲ့ကြောင်း သတင်းရရှိသည်။ ပြည်သူအများစုက ရွေး‌ကောက်ပွဲကို ကြောက်လန့်နေပြီး သပိတ်မှောက်ခဲ့ကြသဖြင့် မဲပေးသူဦးရေ ၃၅-၄၀ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့သည်။

အတုအယောင်ရွေးကောက်ပွဲအပေါ်  ခုခံဆန့်ကျင်မှုများ

ဇန်နဝါရီ ၁၁ ရက်: မုဒုံနှင့် ရေးမြို့နယ် (မွန်ပြည်နယ်) တို့တွင် ရာမညမွန်တပ်တော် (Ramonnya Mon Army) က အကြမ်းဖက်အာဏာသိမ်း စစ်တပ် စခန်း (၅) ခုကို တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်အာဏာသိမ်း စစ်တပ်တပ်ဖွဲ့ဝင် အနည်းဆုံး (၄) ဦး သေဆုံးခဲ့သည်။ အဆင့် (၂) ရွေးကောက်ပွဲ ကာလအတွင်း စစ်ရေးပစ်မှတ်များကိုသာ ရွေးချယ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါအဖွဲ့က ပြောကြားသည်။

ဇန်နဝါရီ ၁၂ ရက်: ကျောက်တံတားမြို့နယ် (ရန်ကုန်တိုင်း)၊ ရန်ကုန်မြို့တော်ခန်းမရှေ့တွင် အသက် (၂၁) နှစ်အရွယ် မောင်မင်းထက်က “တရားမဝင် ရွေးကောက်ပွဲကို ဆန့်ကျင်ကြ” ဟူသော စာသားပါ

ဆိုင်းဘုတ်ကို ကိုင်ဆောင်ကာ ရဲဝံ့စွာ ဆန္ဒပြခဲ့သည်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင် လုံခြုံရေး အထပ်ထပ်ဖြင့် မဲရုံများကို လိုက်လံစစ်ဆေးနေချိန်၌ပင် ၎င်းက တစ်ကိုယ်တော် ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။ အကြမ်းဖက်အာဏာသိမ်း စစ်တပ် တပ်ဖွဲ့ဝင်များက ၎င်းကို ချက်ချင်း ဖမ်းဆီးခဲ့သည်။

ဇန်နဝါရီ ၁၂ ရက်: မင်းတုန်းမြို့နယ် (မကွေးတိုင်း) တွင် ရွေးကောက်ပွဲ မဲပုံးများကို သယ်ဆောင်လာသော အင်အား (၂၅၀) ပါ အကြမ်းဖက်အာဏာသိမ်း စစ်တပ် ယာဉ်တန်းကို တော်လှန်ရေးတပ်ဖွဲ့များက ခြုံခိုတိုက်ခိုက်ခဲ့သည်။ PDF သရက်ခရိုင် တပ်ရင်း (၄) ရဲဘော်များက အကြမ်းဖက်အာဏာသိမ်း စစ်တပ် တပ်ဖွဲ့ဝင် (၄) ဦးကို သတ်ဖြတ်နိုင်ခဲ့ပြီး အခြားသူများကို ဒဏ်ရာရရှိစေခဲ့သည်။

ဇန်နဝါရီ ၁၃ ရက်: အတုအယောင် ရွေးကောက်ပွဲ ပြီးဆုံးပြီးနောက် အကြမ်းဖက်အာဏာသိမ်း စစ်တပ်အနေဖြင့် ၎င်းတို့၏ ရွေးကောက်ပွဲ “အနိုင်ရရှိမှု” ကို တရားဝင်ဖြစ်စေရန်နှင့် ထိန်းချုပ်မှု ခိုင်မာစေရန် ကြိုးပမ်းလာမည်ဖြစ်သဖြင့် “ဒုတိယလှိုင်း” အနေဖြင့် အရပ်သားများအပေါ် အကြမ်းဖက်မှုများ တိုးမြှင့်လာနိုင်ကြောင်း တော်လှန်ရေးခေါင်းဆောင်များက သတိပေး ပြောကြားသည်။ အကြမ်းဖက်အာဏာသိမ်း စစ်တပ်သည် မတ်လတွင် လက်ဝေခံ လွှတ်တော်ကို ခေါ်ယူရန်နှင့် ဧပြီလတွင် အစိုးရဖွဲ့ရန် စီစဉ်နေသည်။ သို့သော် အကြမ်းဖက်အာဏာသိမ်း စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများသည် လျော့နည်းသွားမည် မဟုတ်ကြောင်း NUG ပြောခွင့်ရပုဂ္ဂိုလ် ဦးနေဘုန်းလတ်က ပြောဆိုသည်။ အကြမ်းဖက်အာဏာသိမ်း စစ်တပ်သည် ရန်ကုန်နှင့် မန္တလေးကဲ့သို့ တည်ငြိမ်သော ဒေသများမှ တပ်များကို ကရင်နီနှင့် ရခိုင်ပြည်နယ် စစ်မျက်နှာများသို့ ရွှေ့ပြောင်းနေပြီး၊ တရုတ်ကြားဝင်စေ့စပ်ပေးသော ရှမ်းပြည်နယ်မြောက်ပိုင်း အပစ်အခတ်ရပ်စဲရေးကို အခွင့်ကောင်းယူကာ တော်လှန်ရေး မဟာမိတ်အဖွဲ့များကို ဖြိုခွဲရန် ကြိုးပမ်းနေကြောင်း CDM သတင်းရင်းမြစ်များက ပြောသည်။

ဇန်နဝါရီ ၁၄ ရက်: ပူတာအိုမြို့နယ် (ကချင်ပြည်နယ်) တွင် ပူတာအိုမြို့၌ အတုအယောင် ရွေးကောက်ပွဲ အဆင့် (၁) ပြီးစီးပြီးနောက် မချမ်းဘောမြို့ဝန်းကျင်နှင့် နမ်ဆာဘွမ်၊ နမ်ရှည်ဘွမ် ကျေးရွာများတွင် အကြမ်းဖက်အာဏာသိမ်း စစ်တပ်က ရွှေတူးဖော်ရေးလုပ်ငန်းများကို ပြန်လည်စတင်ခဲ့သည်။ ဒီဇင်ဘာလ အစောပိုင်းက အကြမ်းဖက်အာဏာသိမ်း စစ်တပ်သည် လုပ်ငန်းများကို ယာယီရပ်ဆိုင်းခဲ့ပြီး လုပ်ကွက်ပိုင်ရှင်များနှင့် အလုပ်သမားများကို ဖမ်းဆီးကာ စက်ပစ္စည်းများကို

သိမ်းဆည်းခဲ့သေးသည်။ အာဏာသိမ်းရန် ကြိုးပမ်းချိန်မှစ၍ အကြမ်းဖက်အာဏာသိမ်း စစ်တပ်နှင့် သတ္တုတူးဖော်ရေး လုပ်ကွက်ရှင်များသည် ပူးပေါင်းကာ ပူတာအိုခရိုင်အတွင်း ရွှေထွက်ရှိရာ ဒေသများမှ ကျေးရွာများကို အတင်းအဓမ္မ ပြောင်းရွှေ့စေခြင်းနှင့် အလွန်အကျွံ တူးဖော်ခြင်းများကို ပြုလုပ်ခဲ့ကြသည်။

အကြမ်းဖက်အာဏာသိမ်း စစ်တပ်၏ ဖမ်းဆီးချုပ်နှောင်မှုများ

ဇန်နဝါရီ ၁၃ ရက်: စမ်းချောင်းမြို့နယ် (ရန်ကုန်တိုင်း) တွင် ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်၏ နေအိမ်ကို အကြမ်းဖက်အာဏာသိမ်း စစ်တပ်က ဝင်ရောက်စီးနင်းခဲ့ပြီး ၎င်းနှင့်အတူ ဗဟိုကော်မတီဝင်တစ်ဦးကိုပါ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။ အကြမ်းဖက်အာဏာသိမ်း စစ်တပ်တပ်ဖွဲ့ဝင် အင်အား (၂၀) ခန့်က ဝင်ရောက်စီးနင်း ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် ယခင်က NP News နှင့် အင်တာဗျူးတစ်ခုတွင် အကြမ်းဖက်အာဏာသိမ်း စစ်တပ်အနေဖြင့် USDP ကို ကျောထောက်နောက်ခံ ပြုပေးခြင်းဖြင့် ရွေးကောက်ပွဲ၌ “တန်းတူယှဉ်ပြိုင်ခွင့်ကို ဖျက်ဆီးနေသည်” ဟု ဝေဖန်ခဲ့ဖူးသည်။

အကြမ်းဖက်အာဏာသိမ်း စစ်တပ်က အရပ်သားများအား တိုက်ခိုက်ခြင်းနှင့် လေကြောင်းတိုက်ခိုက်မှုများ

ဇန်နဝါရီ ၁၁ ရက်: ကရင်နီပြည်နယ်တွင် အတုအယောင် ရွေးကောက်ပွဲ အဆင့် (၂) ကာလအတွင်း အကြမ်းဖက်အာဏာသိမ်း စစ်တပ်တပ်များက လူနေရပ်ကွက်များကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်။ ဖရူဆိုမြို့နယ်တွင် အကြမ်းဖက်အာဏာသိမ်း စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် လောထော်တနောကျေးရွာရှိ နေအိမ်တစ်လုံး ပျက်စီးခဲ့ပြီး အခြားအိမ်တစ်လုံးပါ ထိခိုက်ခဲ့သည်။ ဒီမောဆိုမြို့နယ်တွင် ငွေတောင်အခြေစိုက် ခမရ (၁၀၂) တပ်ဖွဲ့ဝင်များက မြို့နယ်အနောက်ဘက်ခြမ်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီး စစ်ရဟတ်ယာဉ်များကလည်း ကောင်းကင်မှ ကင်းလှည့်ခဲ့သည်။ အတုအယောင် ရွေးကောက်ပွဲအတွက် နယ်မြေလုံခြုံရေး ရယူရန် ဒီမောဆို-ဖရူဆို လမ်းမကြီးတစ်လျှောက်တွင် အကြမ်းဖက်အာဏာသိမ်း စစ်တပ်က အင်အားဖြည့်တင်းနေကြောင်း တော်လှန်ရေး သတင်းရင်းမြစ်များက ပြောသည်။ ဖရူဆိုနှင့် ဒီမောဆိုမြို့နယ် နှစ်ခုစလုံးသည် အဆင့် (၂) တွင် ပါဝင်သည်။

 

ဇန်နဝါရီ ၁၁ ရက်: စစ်ကိုင်းတိုင်းရှိ ဘုတလင်၊ ရေဦးနှင့် ချောင်းဦးမြို့နယ်များတွင် အတုအယောင် ရွေးကောက်ပွဲ အဆင့် (၂) ကာလအတွင်း အကြမ်းဖက်အာဏာသိမ်း စစ်တပ်က စာသင်ကျောင်းများ၊ ဘုန်းကြီးကျောင်းများနှင့် ကျေးရွာများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ အကြမ်းဖက်အာဏာသိမ်း စစ်တပ်သည် မြို့ပေါ်နေရာများတွင်သာ ရွေးကောက်ပွဲ ပြုလုပ်နိုင်ခဲ့ပြီး ဘုတလင်မြို့နယ်တွင် မဲရုံတစ်ရုံသာ ဖွင့်လှစ်နိုင်ခဲ့သည်။ စစ်ကိုင်းတိုင်းတွင် အဆင့် (၂) ကျင်းပရန် သတ်မှတ်ထားသော မြို့နယ် (၁၁) မြို့နယ်အနက် အဆိုပါ မြို့နယ် (၃) မြို့နယ် ပါဝင်ပြီး အများစုမှာ တော်လှန်ရေး အားကောင်းသော နယ်မြေများ ဖြစ်သည်။

ဇန်နဝါရီ ၁၂ – ၁၃ ရက်: ထားဝယ်မြို့နယ် (တနင်္သာရီတိုင်း)၊ ဘဝပင်ကျေးရွာအနီးတွင် ဇန်နဝါရီ ၁၂ ရက်က အကြမ်းဖက်အာဏာသိမ်း စစ်တပ်၏ လက်နက်ကြီး (၂) လုံး ကျရောက်ပေါက်ကွဲခဲ့သည်။ ဇန်နဝါရီ ၁၃ ရက်တွင် ဘဝပင်နှင့် ဝါးကုန်းကျေးရွာများအနီးသို့ နောက်ထပ် လက်နက်ကြီး (၄) လုံး ကျရောက်ပေါက်ကွဲခဲ့သည်။ အကြမ်းဖက်အာဏာသိမ်း စစ်တပ်၏ တိုက်ခိုက်မှုများကြောင့် ဒေသခံများသည် အထူးသတိထား နေထိုင်နေကြရသည်။

ဇန်နဝါရီ ၁၃ ရက်: စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ပင်စိမ်းခင်းကျေးရွာကို အကြမ်းဖက်အာဏာသိမ်း စစ်တပ် တိုက်လေယာဉ်က ပေါင် ၅၀၀ ဗုံးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်တစ်ဦး သေဆုံးပြီး အခြား ၃ ဦး ဒဏ်ရာရရှိခဲ့သည်။ လေကြောင်းတိုက်ခိုက်မှု မတိုင်မီ တိုက်ပွဲဖြစ်ပွားခြင်း မရှိပေ။

ဇန်နဝါရီ ၁၃ ရက်: စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်တွင် အကြမ်းဖက်အာဏာသိမ်း စစ်တပ် ခမရ (၃၀၉) က ကသာမြို့အနီးရှိ ဇေတီကုန်းနှင့် ပိန္နဲကုန်းကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်။ ၂၀၂၅ ဒီဇင်ဘာ ၂၆ ရက်မှစ၍ KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များသည် ကသာမြို့ကို သိမ်းပိုက်ရန် တိုက်ခိုက်လျက်ရှိသည်။ တော်လှန်ရေးတပ်ဖွဲ့များက မြို့ပြင်ရပ်ကွက်များနှင့် ဝန်းကျင်ကျေးရွာ အများစုကို ထိန်းချုပ်ထားပြီး အကြမ်းဖက်အာဏာသိမ်း စစ်တပ်ကမူ ခမရ (၃၀၉) နှင့် မြို့ပေါ် အကန့်အသတ် နေရာများကိုသာ ထိန်းချုပ်ထားသည်။ မြို့ခံအများစု ထွက်ပြေးတိမ်းရှောင်နေကြသော်လည်း မြို့၏ အချို့အပိုင်းများတွင် အရပ်သားအချို့ ကျန်ရှိနေသေးသည်။ 

ဇန်နဝါရီ ၁၃ ရက်: တနင်္သာရီမြို့နယ် (တနင်္သာရီတိုင်း) တွင် တနင်္သာရီမြို့မှ စစ်ကူများ ရောက်ရှိလာပြီးနောက် အကြမ်းဖက်အာဏာသိမ်း စစ်တပ်တပ်များသည် ဘန်လောနှင့် ခြောက်မိုင်ကျေးရွာများ ဝန်းကျင်၌ စစ်ဆင်ရေးများ တိုးမြှင့်လုပ်ဆောင်ခဲ့သည်။ စစ်ဆင်ရေးကာလအတွင်း လမ်းများနှင့် ကျေးလက်ဒေသများတွင် တွေ့ရှိရသော အရပ်သားများကို အကြမ်းဖက်အာဏာသိမ်း စစ်တပ်တပ်များက ဖမ်းဆီးခဲ့ကြောင်း ဒေသခံများက ပြောကြားသည်။

နိုင်ငံရေးပါတီဆိုင်ရာ နောက်ဆုံးရ အခြေအနေများ

ဇန်နဝါရီ ၁၂ ရက်: ရှမ်းပြည်နယ်၊ ကွန်ဟိန်း၊ လဲချားနှင့် မိုင်းကိုင်မြို့နယ်များတွင် ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) က အနိုင်ရရှိခဲ့သော်လည်း ၂၀၁၀ ခုနှစ်ကတည်းက ၎င်းတို့ ထိန်းချုပ်ထားခဲ့သော အမာခံနယ်မြေ မိုင်းပန်မြို့နယ်ကိုမူ USDP ထံ ရှုံးနိမ့်ခဲ့ကြောင်း SNDP ဥက္ကဋ္ဌ စိုင်းအိုက်ပေါင်းက ပြောကြားသည်။ မဲပေးစက်ရလဒ်များကို ကြိုတင်မဲ ၂,၀၀၀ ခန့် ဝင်ရောက်လာပြီးနောက် ရလဒ်ပြောင်းပြန် ဖြစ်သွားစေခဲ့ခြင်း ဖြစ်သည်။ မိုင်းယောင်းနှင့် တန့်ယန်းမြို့နယ်များတွင် စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ၏ ကြိုတင်မဲများကြောင့် ရလဒ်များသည် အကြမ်းဖက်အာဏာသိမ်း စစ်တပ် လက်ပါးစေ USDP ဘက်သို့ အသာစီးရသွားခဲ့ကြောင်း ပါတီက ဆိုသည်။ မတ္တရာမြို့နယ်တွင်လည်း အလားတူ ပုံစံမျိုး ဖြစ်ပွားခဲ့ပြီး ၎င်းတို့၏ ကိုယ်စားလှယ်လောင်းသည် စက်ဖြင့် မဲရေတွက်မှုတွင် ဦးဆောင်နေခဲ့သော်လည်း ကြိုတင်မဲများ ပေါင်းထည့်လိုက်ချိန်တွင် ရှုံးနိမ့်သွားခဲ့ကြောင်း ပါတီက မှတ်ချက်ပြုသည်။

ဒစ်ဂျစ်တယ် အာဏာရှင်စနစ် 

အတုအယောင် ရွေးကောက်ပွဲအပေါ်  နိုင်ငံတကာ၏ တုံ့ပြန်မှုများ

ဇန်နဝါရီ ၁၃ ရက်: မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) က အာဆီယံ (ASEAN) အနေဖြင့် အကြမ်းဖက်အာဏာသိမ်း စစ်တပ်၏ အတုအယောင် ရွေးကောက်ပွဲကို ပြတ်ပြတ်သားသား ပယ်ချရန် တိုက်တွန်းခဲ့ပြီး ဒုတိယအဆင့်တွင် ရန်ကုန်၌ ကျယ်ပြန့်သော သပိတ်မှောက်မှုများနှင့် မဲရုံများ ခြောက်ကပ်နေခဲ့ကြောင်း ပြောကြားခဲ့သည်။ လုပ်ငန်းစဉ်သည် ယုံကြည်စိတ်ချရမှု မရှိသည့်အပြင် အဓိက နိုင်ငံရေးပါတီများကို ဖယ်ထုတ်ထားကြောင်း ထောက်ပြလျက် SAC-M ၏ အမှုဆောင်ဒါရိုက်တာ ဘန်လီ (Ben Lee) က အာဆီယံအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းများကို ထောက်ခံအားပေးရန် တောင်းဆိုခဲ့သည်။ အတုအယောင် ရွေးကောက်ပွဲကို အတင်းအကျပ် ဖိအားပေး ကျင်းပခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် အလေးပေးဖော်ပြထားပြီး၊ ဒီဇင်ဘာလ တစ်လတည်းတွင်ပင် အကြမ်းဖက်အာဏာသိမ်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှု (၁၁၉) ကြိမ် ပြုလုပ်ခဲ့ကာ အရပ်သား (၁၇၆) ဦး သေဆုံးခဲ့ရသည့် အချက်အလက်များကို ကိုးကား ဖော်ပြခဲ့သည်။


ဒေါင်းလုတ်ရယူရန် မြန်မာဘာသာ | အင်္ဂလိပ်ဘာသာ

Announcements


PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Subscribe

Copyright © 2017 - 2026 All Rights Reserved - Progressive Voice (PV)
Website by Bordermedia