ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်ကောင်စီတပ်များ၏ မီးရှို့မှုများနှင့် တရားလက်လွတ်ဖမ်းဆီးမှုများ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်ကောင်စီတပ်များ၏ မီးရှို့မှုများနှင့် တရားလက်လွတ်ဖမ်းဆီးမှုများ

၂၀၂၅ ခုနှစ်၊ ဩဂုတ်လ နောက်ဆုံးအပတ်မှ စက်တင်ဘာလကုန်အထိ ရွာငံမြို့နယ်တွင် စစ်ကောင်စီတပ်များ၏ မီးရှို့ ဖျက်ဆီးမှုများကြောင့် လူနေအိမ်ခြေ ၆၀၊ စပါးကျီ ၉၀၊ စစ်ဘေးရှောင် (IDP) စခန်းတစ်ခုနှင့် တောင်ယာတဲ အ များအပြား ပျက်စီးခဲ့သည်။ စပါးကျီများ မီးရှို့ခံရမှုကြောင့် ကျပ်သိန်း ၁၅၀၀ တန်ဖိုးရှိ ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည်။ ထို့အပြင် ၈ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအပါအဝင် အရပ်သား ၅ ဦးကို တရားလက်လွတ်ဖမ်းဆီးခဲ့သည်။

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ နောက်ဆုံးအပတ်မှစတင်၍ ကလောအခြေစိုက် ခြေမြန်တပ်မ (၅၅) နှင့် မိတ္ထီလာအခြေစိုက် ခြေမြန်တပ်မ (၉၉) လက်အောက်ခံ စစ်ကောင်စီတပ်သား ၅၀၀ ခန့်သည် ရွာငံမြို့နယ်အနောက်ပိုင်း၊ ရွာငံ-မိတ္ထီလာ နယ်စပ်ရှိ ကျေးရွာများတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ကို “နယ်မြေရှင်းလင်းရေး” စစ်ဆင်ရေးများ ပြုလုပ်ခဲ့သည်။ ယင်းကြောင့် ဇူလိုင်လ နောက်ဆုံးအပတ်မှ ဩဂုတ်လ ဒုတိယအပတ်အထိ PDF တပ်ဖွဲ့ဝင်များနှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

ဩဂုတ်လ ၁၈ ရက်နေ့ နေ့လယ်ပိုင်းတွင် စစ်ကောင်စီတပ်များက ရဟတ်ယာဉ်ဖြင့် ကျောက်တောကျေးရွာကို ဗုံးနှစ် လုံး၊ ညောင်ပင်သာကျေးရွာကို ဗုံးတစ်လုံး ကြဲချခဲ့ရာ အရပ်သားနေအိမ်အချို့ ပျက်စီးခဲ့သည်။ ထို့နောက် ဩဂုတ်လ ၁၉ ရက်မှ ၂၁ ရက်နေ့အထိ မန္တလေးတိုင်း၊ သာစည်မြို့နယ်၊ ပြည်ညောင်ကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီ တပ်များက ကျောက်တောနှင့် ညောင်ပင်သာကျေးရွာမှ ရွာသားများ ခိုလှုံနေသည့် တောတောင်များအတွင်းသို့ ၁၅၅ မမ ဟောင်ဝစ်ဇာအမြောက်များဖြင့် ပစ်ခတ်ခဲ့သည်။ ဩဂုတ်လ ၂၁ ရက်နေ့တွင် စစ်ကောင်စီလေယာဉ်များက ကျောက်တောနှင့် ညောင်ပင်သာကျေးရွာများပေါ်သို့ နောက်ထပ်ဗုံးသုံးလုံး ကြဲချခဲ့သည်။

ဩဂုတ်လ ၂၃ ရက်နေ့တွင် စစ်ကောင်စီစစ်ကြောင်းမှ အင်အား ၈၀ ခန့်သည် ကျောက်တောကျေးရွာသို့ ရောက်ရှိ လာပြီး ရွာကိုသိမ်းပိုက်ကာ နေအိမ်များမှ ပစ္စည်းများကို လုယက်ခြင်း၊ ကျွဲ၊ နွား အပါအဝင် မွေးမြူရေးတိရစ္ဆာန် များကို သတ်ဖြတ် စားသောက်ခြင်းများ ပြုလုပ်ခဲ့သည်။ ဩဂုတ်လ ၂၅ ရက်နေ့ ည ၇ နာရီခန့်တွင် အဆိုပါစစ်သား များသည် ကျေးရွာကို မီးတင်ရှို့ပြီး နောက်တစ်နေ့နံနက်တွင် ပြန်လည်ဆုတ်ခွာသွားခဲ့သည်။ မီးရှို့မှုကြောင့်  နေ အိမ် ၃၇ လုံး မီးလောင်ပြာကျခဲ့သည်။

စက်တင်ဘာလ ပထမအပတ်အတွင်း ခြေမြန်တပ်မ (၅၅) မှ စစ်သားများနှင့် ၎င်းတို့၏ လက်အောက်ခံ ပြည်သူ့ စစ်များအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ခန့်သည် မင်းပလောင်ကျေးရွာမှ ဒေသခံများ ခိုလှုံနေသည့် တောထဲ သို့ ချီတက်လာခဲ့သည်။ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလတွင် နေအိမ်များ မီးရှို့ခံရပြီးနောက် တောထဲတွင် တဲထိုးနေထိုင်နေ ရသော ရွာသားများသည် နောက်တစ်ကြိမ် ထပ်မံထွက်ပြေးခဲ့ရသည်။ ချီတက်လာသော စစ်ကြောင်းသည် နေရပ် စွန့်ခွာနေရသော မင်းပလောင်ရွာသားများ၏ ယာယီတဲများကို မီးရှို့ဖျက်ဆီးခဲ့သည်။

စက်တင်ဘာလ ၁၃ ရက်နေ့တွင် ခြေမြန်တပ်မ (၉၉) လက်အောက်ခံ စစ်ကောင်စီတပ်သား ၁၂၀ ခန့်သည် ကျောက် တောကျေးရွာသို့ ထပ်မံဝင်ရောက်လာပြီး ရွာပြင်ရှိ တောင်ယာတဲများကို မီးရှို့ခဲ့သည်။ စက်တင်ဘာလ ၁၄ ရက်နှင့် ၁၅ ရက်နေ့များတွင် ၎င်းတို့သည် မီးရှို့မှုများကို ဆက်လက်ပြုလုပ်ခဲ့ရာ ကျောက်တောကျေးရွာမှ နောက်ထပ် နေ အိမ် ၂၃ လုံးနှင့် စပါးကျီ ၉၀ ကို ဖျက်ဆီးခဲ့ပြီး ခန့်မှန်းတန်ဖိုးငွေမှာ ကျပ်သိန်း ၁၅၀၀ ဖြစ်သည်။

စက်တင်ဘာလ ၁၅ ရက်နေ့တွင် အဆိုပါစစ်ကြောင်းသည် ကျောက်တောကျေးရွာအနီးရှိ တောင်ကုန်းများနှင့် တော များ အတွင်းသို့ ချီတက်ခဲ့သည်။ ၎င်းတို့သည် အရပ်သားများ ပုန်းခိုနေသည့် ဂူတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပြီး လူ ၆ ဦးကို ဖမ်းဆီးခဲ့သည်။ ဖမ်းဆီးခံရသူများမှာ သာစည်မြို့နယ်၊ ဖိုးသနိုင်ကျေးရွာမှ ဦးမောင်မြင့် (အသက် ၅၄ နှစ်)၊ ဒေါ်တင်မိုးလှိုင် (အသက် ၃၅ နှစ်)၊ မပွင့်ပွင့် (အသက် ၈ နှစ်) နှင့် ကျောက် တော ကျေးရွာမှ ဦးသန်းလှိုင် (အသက် ၅၃ နှစ်)၊ ဒေါ်ခင်ညိုမြင့် (အသက် ၅၁ နှစ်) တို့ဖြစ်ကြသည်။ ၎င်းတို့အား လုံး ကို မိတ္ထီလာသို့ ခေါ်ဆောင်သွားခဲ့သည်။

စက်တင်ဘာလ ၂၄ ရက်နေ့တွင် ညောင်ပင်သာနှင့် ကျောက်တောကျေးရွာမှ ရွာသားများ ခိုလှုံနေသည့် တောထဲရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုမှုဖြစ်ပွားခဲ့သည်။ ကလေးသုံးဦးအပါအဝင် လူ ၁၀ ဦး သေဆုံးခဲ့သည်။ စက်တင်ဘာလ နောက်ဆုံးအပတ်တွင် စစ်ကောင်စီတပ်များသည် တောထဲရှိ နေရပ် စွန့် ခွာနေရသော ကျောက်တောရွာသားများ၏ ယာယီတဲ ၅ လုံးကို ထပ်မံဖျက်ဆီးခဲ့သည်။

လက်ရှိတွင် စစ်ကောင်စီတပ်များသည် ကျောက်တောနှင့် ညောင်ပင်သာကျေးရွာများတွင် တပ်စွဲထားဆဲဖြစ်သည်။ နေရပ်စွန့်ခွာနေရသော အရပ်သား ၅၀၀ နီးပါးသည် ၎င်းတို့၏နေအိမ်များသို့ ပြန်ရန် ကြောက်ရွံ့နေကြဆဲဖြစ်ပြီး အနီးဝန်းကျင်ရှိ တောများထဲတွင် ဆက်လက်နေထိုင်နေကြရသည်။ ၎င်းတို့အတွက် အစားအသောက်နှင့် အမိုးအ ကာအပါအဝင် အရေးပေါ်အကူအညီများ  လိုအပ်လျက်ရှိသည်။

ဆက်သွယ်ရန်

စိုင်းဟော်ရှဲန်                   +66 94 728 6696                       Signal  (ရှမ်း, အင်္ဂလိပ်)

ယိင်းလျန်းဟန်                +1 825 425 4099                       Signal (မြန်မာ)

စိုင်ဟတ်စစ်                    +1 343 304 5332                       Signal  (အင်္ဂလိပ်၊ ရှမ်း)


pdf ဖိုင် ရယူရန် မြန်မာ | အင်္ဂလိပ်

Announcements


PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Subscribe

Copyright © 2017 - 2026 All Rights Reserved - Progressive Voice (PV)
Website by Bordermedia