သတင်းထောက် မမုဒြာ ဖမ်းဆီးစစ်ဆေးခံနေရခြင်းအပေါ် MWiM ၏ ထုတ်ပြန်ကြေညာချက်

သတင်းထောက် မမုဒြာ ဖမ်းဆီးစစ်ဆေးခံနေရခြင်းအပေါ် MWiM ၏ ထုတ်ပြန်ကြေညာချက်

Border News Agency (BNA) ၏ အမျိုးသမီးသတင်းထောက် မမုဒြာကို နှစ်ပတ်ကြာ ဖမ်းဆီးထိန်းသိမ်းထားခြင်းအပေါ် Myanmar Women in Media (MWiM) က စိုးရိမ်ကန့်ကွက်ကြောင်းနှင့် ချက်ချင်းလွှတ်ပေးရန် တောင်းဆိုခြင်း။

ရခိုင်အခြေစိုက် Border News Agency (BNA) ၏ မောင်တောအခြေစိုက် အမျိုးသမီးသတင်းထောက် မမုဒြာ ကို အာရက္ခတပ်တော် (ULA/AA) က စက်တင်ဘာလ ၂၀ ရက်နေ့မှစ၍ ယနေ့အထိ နှစ်ပတ်ကြာ ဖမ်းဆီးစစ်ဆေးလျက်ရှိသည်။ အမျိုးသမီး သတင်း‌ထောက် တစ်ဦးအား ဖမ်းဆီးထားခြင်းအပေါ် MWiM နှင့် မိတ်ဖက် အမျိုးသမီးအဖွဲ့အစည်းများက စိုးရိမ်ပူပန်မိပါသည်။

သတင်းထောက် မမုဒြာအား စက်တင်ဘာလ ၂၀ ရက် နံနက်ပိုင်းတွင် ULA/AA ၏ စစ်ထောက်လှမ်းရေးတပ်ဖွဲ့က နေအိမ်မှ လာရောက်ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း စက်တင်ဘာ ၂၂ ရက်နေ့  BNA ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

MWiM တောင်းဆိုချက်များ

၁။ ချက်ချင်း လွှတ်ပေးရန် တောင်းဆိုခြင်း သတင်းထောက် မမုဒြာသည် သတင်းမီဒီယာလုပ်ငန်းကို ထမ်းဆောင်နေခြင်းသာ ဖြစ်သည်။ သတင်းထောက်တစ်ဦးကို ယခုကဲ့သို့ ကြာရှည်စွာ ဖမ်းဆီးစစ်ဆေးနေခြင်းသည် ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံမှုနှင့် လွတ်လပ်စွာ သတင်းရယူတင်ပြခွင့်ကို တိုက်ရိုက်ထိပါးစေပါသည်။  ထို့ကြောင့် ULA/AA အနေဖြင့် ဒီမိုကရေစီ၏ အနှစ်သာရ ဖြစ်သော သတင်းလွတ်လပ်ခွင့်နှင့် သတင်းထောက် တစ်ဦး၏ သတင်းအလုပ် လုပ်ကိုင်နေခြင်းကို နားလည်ပြီး  သတင်းထောက် မမုဒြာကို အမြန်ဆုံး ပြန်လည် လွှတ်ပေးရန် MWiM က  တောင်းဆိုပါသည်။

၂။ သတင်းလွတ်လပ်ခွင့်ကို လေးစားရန် တောင်းဆိုခြင်း လက်နက်ကိုင် အဖွဲ့အစည်းများ အပါအဝင် သက်ဆိုင်ရာအဖွဲ့အစည်းများသည်  မီဒီယာသမားများအား ၎င်းတို့၏ တာဝန်ဝတ္တရားများကို လွတ်လပ်စွာ ဆောင်ရွက်ခွင့်ကို အပြည့်အဝ လေးစားရန် လိုအပ်ပါသည်။ သတင်းအလုပ်လုပ်ကိုင်ခြင်းကို အကြောင်းပြု၍ ဖမ်းဆီးခြင်းသည် သတင်းလွတ်လပ်ခွင့် (Freedom of Press) နှင့် ထုတ်ဖော်ပြောဆိုခွင့် (Freedom of Expression) ကို ထိခိုက်စေပါသည်။ မြန်မာနိုင်ငံသည် ၂၀၂၅ ခုနှစ် ကမ္ဘာ့သတင်းလွတ်လပ်ခွင့်အညွှန်းကိန်း (RSF) တွင် နိုင်ငံပေါင်း (၁၈၀) အနက် အဆင့် ၁၆၉ ဖြင့် အလွန်ဆိုးရွားစွာ ရပ်တည်နေသည့် အခြေအနေတွင် မီဒီယာသမားများအပေါ် ဖိအားပေးမှုများ ထပ်မံဖြစ်ပေါ်ခြင်းကို MWiM က ပြင်းထန်စွာ – ရှုတ်ချ ပါသည်။

၃။ အမျိုးသမီး မီဒီယာသမားများ၏ ဘေးကင်းလုံခြုံရေး MWiM သည် အမျိုးသမီး မီဒီယာသမားများအတွက် ဦးစားပေးလုပ်ဆောင်နေသော အဖွဲ့အစည်းဖြစ်သည့်အားလျော်စွာ၊ တိုက်ပွဲနယ်မြေနှင့် စိန်ခေါ်မှုများသော ဒေသများတွင် ရဲဝံ့စွာ တာဝန်ထမ်းဆောင်နေသော အမျိုးသမီးသတင်းထောက်များ၏ ဘေးကင်းလုံခြုံရေးအတွက် အထူးအလေးထား စိုးရိမ်ပူပန်ပါသည်။

နောက်ခံအချက်အလက် ကိုးကားချက်များ

ULA/AA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက မမုဒြာအား စစ်ပွဲကာလ လိုက်နာရမည့် စည်းကမ်းများအား ကျော်လွန်လုပ်ဆောင်နေမှုကြောင့် ခေါ်ယူစစ်ဆေးနေခြင်းဖြစ်ကြောင်း The  Irrawaddy သတင်းဌာနတွင် ဖြေဆိုထားသည်။

သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေးကော်မတီ (CPJ) ကလည်း စက်တင်ဘာ ၂၃ ရက်နေ့တွင် မမုဒြာကို AA မှ ချက်ချင်းလွှတ်ပေးရန် တောင်းဆိုထားသည်။

MWiM အနေဖြင့် အာဏာပိုင်အဖွဲ့အစည်းများ၊ လက်နက်ကိုင်အဖွဲ့အစည်းများအားလုံးအနေဖြင့် မီဒီယာသမားများ၏ လုပ်ငန်းခွင် လွတ်လပ်မှုနှင့် ဘေးကင်းလုံခြုံမှုကို လေးစားလိုက်နာရန် ထပ်မံတိုက်တွန်းလိုပါသည်။

ပူးတွဲထုတ်ပြန်သည့် အဖွဲ့အစည်းများ

ဤထုတ်ပြန်ချက်အား Myanmar Women in Media (MWiM) နှင့်အတူ အောက်ပါအဖွဲ့အစည်းများက ပူးတွဲ ထုတ်ပြန်ခြင်း ဖြစ်ပါသည်။

Myanmar Women in Media (MWiM)

Burmese Women’s Union (BWU)

Sisters 2 Sisters

ထပ်မံပူးပေါင်းသည့် အဖွဲ့များရှိပါက ထပ်တိုးထုတ်ပြန်ပါမည်။


pdf ဖိုင် ရယူရန် 

Announcements



Read Next

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Subscribe

Copyright © 2017 - 2026 All Rights Reserved - Progressive Voice (PV)
Website by Bordermedia