
တက္ကသိုလ်ဆရာသမဂ္ဂများကိုယ်စားပြုကော်မတီ (Representative Committee of University Teacher Associations(RC of UTAs)သည် ၂၀၂၅ခုနှစ်၊ ဇွန်လ(၁၃)ရက်နေ့ နေ့စွဲဖြင့် CRPH က ပြဌာန်းလိုက်သော အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှုဆိုင်ရာ နိုင်ငံ့ဝန်ထမ်းဥပဒေကို အောက်ဖော်ပြပါ အကြောင်းအရင်းများအားအခြေပြုပြီး ပြင်းပြင်းထန်ထန် ကန့်ကွက်လိုက်သည်။
၁။ ဥပဒေသည် တော်လှန်ရေး (၄)နှစ်ကျော် ကာလအတွင်း စွမ်းဆောင်ရည်ပိုင်းဆိုင်ရာ ပြဿနာများရှိနေသော တော်လှန်ရေးအာဏာပိုင်များ၊ အဖွဲ့အစည်းများ၏ပုံရိပ်ကို ပြန်လည်မြှင့်တင်ရန်အတွက်ရည်ရွယ်ပြီး CDM ဝန်ထမ်းများကို ခုတုံးလုပ်အသုံးချကာ နိုင်ငံရေးအမြတ်ထုတ်သည့်သဘောဟု ယူဆယုံကြည်ခြင်း။
၂။ ဥပဒေသည် ဒီမိုကရေစီ၏အနှစ်သာရတခုဖြစ်သည့် လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ကို ပြောင်ပြောင်တင်းတင်း ဖောက်ဖျက်ထားပြီး၊ အဆိုပါအယူအဆသည် အစဉ်အလာတခုဖြစ်ခဲ့ပါက အနာဂတ်ဖက်ဒရယ်နိုင်ငံတော်အတွက် အလွန်အန္တရာယ် ကြီးမားသည့် ခြိမ်းခြောက်မှုတခုဖြစ်ခြင်း။
၃။ ဘက်ပေါင်းစုံနက်ရှိုင်းစွာ ကွဲလွဲနေမှုရှိနေပြီး၊ အမုန်းတရားများကြောင့် ပြည်တွင်းပဋိပက္ခများနှင့် ပြည့်နှက်နေသည့် နိုင်ငံတခုအတွက် ညီညွတ်မှုကို အထောက်အကူ မပြုစေသည်သာမက ထပ်မံပြိုကွဲနိုင်ပြီး အစွန်းရောက်လူအဖွဲ့အစည်း (Polarized Society) အဖြစ် တွန်းပို့စေခြင်း။
၄။ တော်လှန်ရေး၏ ပုံရိပ်အား လက်စားချေရေးကို ဦးတည်သည့်တော်လှန်ရေးတရပ်အဖြစ် ဂုဏ်သိက္ခာမှေးမှိန်စေခြင်း။
၅။ CDM ဝန်ထမ်းများကို အာဏာသိမ်းစစ်ကောင်စီက နှိပ်ကွပ်ခြင်းကိုအတုယူကာ စစ်ကောင်စီကဲ့သို့ကျင့်ကြံလာခြင်း။
၆။ လူထုအားကို အခြေပြုထားရသည့် တော်လှန်ရေးတခုတွင် လူထုစည်းရုံးရေးကို ဦးတည်ရမည့်အစား၊ ဒီမိုက ရေစီစံနှုန်းနှင့်ဆန့်ကျင်ပြီး လူထုကို တော်လှန်ရေးနှင့်ဝေးကွာအောင်မောင်းထုတ်၍ အာဏာသိမ်းစစ်ကောင်စီအတွက် စည်းရုံးရေးဆင်းပေးနေသကဲ့သို့ဖြစ်ခြင်း။
၇။ အနာဂတ်နိုင်ငံနှင့် လူအဖွဲ့အစည်းပြန်လည်တည်ဆောက်ရေးတွင် ရင်ဆိုင်ရလာနိုင်သည့် လူသားအရင်းအမြစ် ကပ်ဘေး (Human Resource Outbreak)ကို မြော်မြင်တွေးဆချက်များကင်းမဲ့ခြင်း။
တက္ကသိုလ်ဆရာသမဂ္ဂများကိုယ်စားပြုကော်မတီ
Representative Committee of University Teacher Associations (RC of UTAs)
19 May 2026

19 June 2026