14 June 2025

မုံရွာအကျဉ်းထောင်အတွင်းတွင် မတရား ဖမ်းဆီးထိန်းသိမ်းခံထားရသော နိုင်ငံရေးအကျဉ်းသားများအား ထောင်အာဏာပိုင်များမှ ၂၀၂၅ ခုနှစ် ဇွန်လ ၁၁ ရက်နေ့တွင် သံခြေကျဉ်းများခတ်ကာ အိုးဘိုအကျဉ်းထောင် (မန္တလေး) သို့ ပြောင်းရွှေ့ခဲ့ကြောင်း သိရှိရသည်။ ထိုသို့ပြောင်းရွှေ့ရာတွင် မုံရွာလူထုသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင် နှင့် ချောင်းဦးလူထုသပိတ်ခေါင်းဆောင် ကိုမာန်ဇာမြေမွန် တို့ ပါဝင်ကြောင်း ထပ်မံသိရှိရသည်။
နိုင်ငံရေးအကျဉ်းသားများအားလုံး အိုးဘိုအကျဉ်းထောင် (မန္တလေး) သို့ ရောက်ရှိချိန်တွင် ထောင်ဝန်ထမ်းများမှ တုတ်များ သံကြိုးများဖြင့် ရိုက်နှက် နှိပ်စက်ကြကြောင်း သိရသည်။ ထိုသို့ရိုက်နှက်မှုကြောင့် နိုင်ငံရေးအကျဉ်းသားများမှာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရပြီး ဆေးကုသမှုလုံးဝ မပြုလုပ်ပေးကြောင်းလည်းသိရှိရသည်။ ကိုဝေမိုးနိုင် နှင့် ကိုမာန်ဇာမြေမွန်တို့သည်လည်း ရိုက်နှက်ခံရပြီး ဆေးဝါးကုသခွင့်မပေးဘဲ သံခြေကျဉ်းခတ်ကာ တိုက်ပိတ်ထားကြောင်း သိရသည့်အတွက် လူထုသပိတ်ခေါင်းဆောင်များအပါအဝင် နိုင်ငံရေးအကျဉ်းသားများ၏ အသက်ရှင်သန်မှုနှင့် ကျန်းမာရေးအခြေနေအားလုံးတို့သည် စစ်အာဏာရှင် လက်ပါးစေ ထောင်အာဏာပိုင်များက တာဝန်ခံရမည်ဖြစ်ကြောင်း ကြေညာအပ်သည်။
စစ်အာဏာရှင်၏ စစ်ဖိနပ်အောက်တွင်ပျော်ပါးပြီး စစ်အာဏာရှင် သက်ဆိုးရှည်ရေးအတွက် ထောက်ပံ့ကူညီနေသော ထောင်အာဏာပိုင်များအနေဖြင့် သိစေရန်မှာ သင်တို့၏ နှိပ်စက်ညှင်းပန်းမှုများကို မှတ်တမ်းတင်ထားရှိပြီး မဝေးတော့သည့်ကာလတွင် ပြည်သူလူထုမှ သင်တို့အား တရားစီရင် အပြစ်ပေးအရေးယူသွားမည်
ဖြစ်ကြောင်း သိစေအပ်သည်။
19 May 2026

19 June 2026