16 April 2025

မြန်မာရဲတပ်ဖွဲ့ထံ ဒစ်ဂျစ်တယ်မှုခင်းဆေးပညာဆိုင်ရာ နည်းပညာ ရောင်းချပေးအပ်မှုကြောင့် အီးယူဥပဒေအား ချိုးဖောက်နိုင်ဖွယ်ရှိနေသည့် ပရက်ဂ်မြို့အခြေစိုက် ဒစ်ဂျစ်တယ်မှုခင်းဆေးပညာဆိုင်ရာ ကုမ္ပဏီ Compelson s.r.o. ကို စုံစမ်းစစ်ဆေးမှုတစ်ရပ် အမြန်ဆုံးလုပ်ဆောင်ပေးရန် ချက်နိုင်ငံအစိုးရအား Justice For Myanmar က တောင်းဆိုသည်။
Compelson ကုမ္ပဏီသည် MOBILedit Forensic Pro software အတွက် လိုင်စင်များစွာကို မြန်မာရဲတပ်ဖွဲ့ထံ ရောင်းချထားကြောင်း Justice For Myanmar ရရှိထားသည့် သက်သေအထောက်အထားများက အတည်ပြုသည်။
MOBILedit Forensic Pro ဆော့ဝဲလ်သည် လုံခြုံရေးအကာအကွယ်များအား ဖြတ်ကျော်နိုင်ခြင်းနှင့် လုံခြုံသောဆက်သွယ်ပြောဆိုမှုအပ်ပလီကေးရှင်းများမှ ဖျက်ထားပြီးသည့် အချက်အလက်များအား ပြန်လည်ဖော်ယူနိုင်ခြင်းတို့အပါအဝင် ဖုန်းများမှ အချက်အလက်များအား ထုတ်ယူပေးနိုင်သည်။ ယင်းနည်းပညာသည် မြန်မာစစ်အုပ်စုနှင့် လက်အောက်ခံရဲတပ်ဖွဲ့တို့မှ ၄င်းတို့အတွက် အန္တရာယ်ဟု ယူဆထားသူများအား ပစ်မှတ်ထားခြင်း၊ စောင့်ကြည့်ထောက်လှမ်းခြင်းနှင့် ဥပဒေမဲ့ဖမ်းဆီးခြင်းများ လုပ်ဆောင်ရာတွင် ပိုမိုကောင်းမွန်သည့် အစွမ်းအစများကို ပေးအပ်သည်။
Compelson ကုမ္ပဏီက စစ်အုပ်စုရဲတပ်ဖွဲ့၏ ဆိုက်ဘာရာဇဝတ်မှုဌာနထံ လိုင်စင်ဝယ်ယူမှုသက်တမ်းတိုးရန် ပေးပို့သော တိုက်တွန်းနှိုးဆော်သည့် အီးမေးလ်များစွာကို Justice For Myanmar က တွေ့ရှိခဲ့ပြီး၊ ယင်း သက်တမ်းတိုးဝယ်ယူမှုသည် ရဲတပ်ဖွဲ့အတွက် စောင့်ကြည့်ထောက်လှမ်းခြင်းနှင့် ဖိနှိပ်ခြင်းများ လုပ်ဆောင်နိုင်ရန် ကူညီပေးမည့် ဆော့ဝဲလ်တစ်ခုအား အဆင့်မြှင့်တင်နိုင်မည် ဖြစ်သည်။
၂၀၂၁ ခုနှစ်၊ ဇူလိုင်လအတွင်း ချက်နိုင်ငံအခြေစိုက် Compelson ကုမ္ပဏီ၏ နိုင်ငံတကာစီးပွားရေးဖွံ့ဖြိုးမှု ဝန်ထမ်းတစ်ဦးမှ စစ်အုပ်စုရဲတပ်ဖွဲ့ထံ ပေးပို့သော အီးမေးလ်တစ်စောင်တွင် Apple Watch (နာရီ) မှ “တိုက်ရိုက်ဖတ်ရှုခြင်း” လုပ်ဆောင်နိုင်ရန်၊ Linux၊ Android နှင့် မိုဘိုင်းဖုန်းတို့၏ ဟာကွက်များမှ ဝင်ရောက်ကြည့်ရှုနိုင်ရန်အတွက် ၎င်းတို့၏ ဆော့ဝဲလ်အား အဆင့်မြှင့်တင်ရန် တိုက်တွန်းပြောဆိုထားသည်။
စစ်တပ်၏ တရားမဝင်အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း စစ်အုပ်စုသည် တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ လူ့အခွင့်အရေးကာကွယ်သူများအပါအဝင် ပြည်သူပေါင်း ၂၉,၀၀၀ ကျော်အား တရားလက်လွတ် ဖမ်းဆီးခဲ့ပြီး၊ ၎င်းတို့သည် အချုပ်ထောင်အတွင်း ညှဉ်းပန်းနှိပ်စက်မှုနှင့် သေဆုံးမှုတို့ကို ရင်ဆိုင်ကြရသည်။ အဖမ်းဆီးခံရသူများ အချုပ်ထဲရောက်သွားစဥ်နှင့် စစ်ကြောမေးမြန်းခံရစဥ်အတွင်းနှင့် ၄င်းတို့ဖုန်းများ သိမ်းဆည်းယူဆောင်သွားခြင်းခံခဲ့ရကြောင်း အစီရင်ခံထားသည်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်၏ အစီရင်ခံစာများအရ အရပ်သားပြည်သူများအပေါ် စစ်အုပ်စု၏ စနစ်တကျ အလုံးအရင်းနှင့် ကျူးလွန်လျက်ရှိသည့် တရားလက်လွတ် ဖမ်းဆီးမှုများ၊ ညှဉ်းပမ်းနှိပ်စက်မှုများနှင့် သတ်ဖြတ်မှုများသည် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှု မြောက်သည်။
MOBILedit Forensic Pro ဆော့ဝဲလ်များသည် အီးယူ၏ အရပ်ဘက်-စစ်ဘက်နှစ်မျိုးသုံး ပစ္စည်းများစာရင်း၏ အမျိုးအစား 5A004 တွင် ပါဝင်ဖွယ်ရှိသည်။ ယင်းအမျိုးအစားများတွင် ဖုန်းများအတွင်းမှ အချက်အလက်များအား ထုတ်ယူရန်နှင့် လျှို့ဝှက်နံပါတ်များအား ကျော်လွှားရန်အတွက် ဒီဇိုင်းထုတ်ထားသည့် စနစ်များ ပါဝင်သည်။ ထို့ပြင် မြန်မာ/ဗမာနှင့် ပတ်သက်၍ ၂၀၁၈ ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့တွင် ချမှတ်ခဲ့သည့် အီးယူကြီးကြပ်မှုကောင်စီ၏ တားမြစ်အရေးယူမှုများ ၂၀၁၈/၆၄၇ ပုဒ်မ ၃ (ခ) နှင့်လည်း ငြိစွန်းနိုင်ဖွယ်ရှိခဲ့သည်။
ယင်းနည်းပညာကို မြန်မာနိုင်ငံသို့ လွှဲပြောင်းရန်အတွက် ပို့ကုန်လိုင်စင် လိုအပ်သည်။ လွှဲပြောင်းရောင်းချခဲ့သည့်ရက်စွဲပေါ်မူတည်၍ အီးယူ၏ စစ်ဘက်-အရပ်ဘက်နှစ်မျိုးသုံးပစ္စည်းဆိုင်ရာ အရေးယူမှု (၈၂၁/၂၀၂၁) သို့မဟုတ် မြန်မာနိုင်ငံအပေါ် စစ်လက်နက် ရောင်းချမှု ပိတ်ပင်မှုတို့ကိုလည်း ချိုးဖောက်ရာ ရောက်နိုင်သည်။
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလတွင် Justice For Myanmar သည် ဒဏ်ခတ်ပိတ်ဆို့မှုချိုးဖောက်ခြင်းများအား ဖော်ထုတ်တိုင်ကြားရေးနည်းလမ်းမှတဆင့် Compelson နှင့် ပတ်သက်ပြီး အီးယူထံ သတင်းပေးတိုင်ကြားခဲ့ သည်။ သို့ရာတွင် ယခုအချိန်အထိ အကြောင်းပြန်ကြားမှု မရရှိခဲ့ပေ။ တိုင်ကြားချက်မိတ္တူကို ချက်ပြည်သူ့ရုပ်သံ Český rozhlas Radiožurnál နှင့်လည်း ပေးပို့မျှဝေခဲ့သည်။
Radiožurnál ရုပ်သံသည် Compelson ၏ ပိုင်ရှင်ဖြစ်သူ Dušan Kožušník နှင့် ထိပ်တိုက်တွေ့ဆုံမေးမြန်းခဲ့ သည်။ ၎င်းက အဆိုပါဆော့ဝဲလ်ကို မြန်မာနိုင်ငံသို့ရောင်းချခဲ့သည်မှာ အာဏာသိမ်းကြိုးပမ်းမှုမတိုင်မီ ဖြစ်ကြောင်း ပြောဆိုသည်။ ထို့ပြင် ၎င်းက အဆိုပါဆော့ဝဲလ်သည် လျှို့ဝှက်နံပါတ်များအား ဖောက်ထွင်း ဝင်ရောက်နိုင်ခြင်း သို့မဟုတ် ဖျက်ထားပြီးအချက်အလက်များအား ပြန်ယူနိုင်မှု မရှိခြင်းကြောင့် ပို့ကုန်ခွင့်ပြုချက် ရယူရန်မလိုကြောင်း ဆိုပါသည်။ ယင်းပြောဆိုချက်သည် ကုမ္ပဏီ၏ ဈေးကွက်ကြော်ငြာမှုများနှင့် ဆန့်ကျင်နေသည်။
သို့ရာတွင် ချက်နိုင်ငံခြားရေးဝန်ကြီးက MOBILedit Forensic Pro ဆော့ဝဲလ်အား မြန်မာနိုင်ငံသို့ တင်ပို့ရန် ခွင့်ပြုချက်တောင်းခံပါက ခွင့်ပြုလိမ့်မည်မဟုတ်ကြောင်း Radiožurnál ရုပ်သံသို့ ပြောကြားခဲ့သည်။ ယင်း ပြောကြားချက်အရ အဆိုပါဆော့ဝဲလ်အား ချက်အာဏာပိုင်များထံမှ ခွင့်ပြုချက်မရှိဘဲ မြန်မာနိုင်ငံသို့ တင်ပို့ခဲ့ ကြောင်း ညွှန်ပြနေသည်။
ယခုကိစ္စနှင့်ပတ်သက်၍ ချက်စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနနှင့် ဘဏ္ဍာရေးလေ့လာဆန်းစစ်မှုရုံးတို့က လျှို့ဝှက်မှုအကြောင်းပြချက်ဖြင့် Radiožurnál သို့ မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။ ယင်းအဖွဲ့အစည်း သုံးဖွဲ့သည် စစ်လက်နက်နှင့် စစ်ဘက်-အရပ်ဘက်နှစ်မျိုးသုံးကုန်စည်များ ထိန်းချုပ်ရေးအတွက် တာဝန်ရှိ အဖွဲ့အစည်းများ ဖြစ်သည်။
ချက်အစိုးရအနေဖြင့် Compelson ကုမ္ပဏီသည် မြန်မာရဲတပ်ဖွဲ့ထံ ဒစ်ဂျစ်တယ်မှုခင်းဆေးပညာဆိုင်ရာ နည်းပညာ ရောင်းချထောက်ပံ့ခြင်းနှင့် ဝန်ဆောင်မှုပေးခြင်းအတွက် ချက်ဥပဒေ သို့မဟုတ် အီးယူဥပဒေတို့အား ချိုးဖောက်ခဲ့ခြင်း ရှိမရှိအပေါ် အမြန်ဆုံး စုံစမ်းစစ်ဆေးမှုတစ်ရပ် လုပ်ဆောင်ရန်နှင့် Compelson အပေါ် ပို့ကုန် ထိန်းချုပ်ရေးများ၊ ဒဏ်ခတ်ပိတ်ဆို့မှုများနှင့် ပြစ်ဒဏ်များ ချမှတ်ရန် Justice For Myanmar က တောင်းဆိုသည်။
ချက်အစိုးရအနေဖြင့် စစ်အုပ်စုထံ စစ်လက်နက်များ၊ စစ်ဘက်-အရပ်ဘက်နှစ်မျိုးသုံးကုန်စည်များနှင့် ပစ္စည်းကိရိယာ ရောက်ရှိခြင်းမှ ကာကွယ်ရန်အတွက် မြန်မာနိုင်ငံဆိုင်ရာအီးယူ အရေးယူပြဌာန်းချက်များကို အသက်ဝင်စေရန် တင်းတင်းကျပ်ကျပ် ဆောင်ရွက်ရမည် ဖြစ်သည်။
Compelson အနေဖြင့် ဖြစ်နိုင်လျှင် မြန်မာရဲတပ်ဖွဲ့ထံ ပေးအပ်ခဲ့သည့် ဆော့ဝဲလ်အား ဆက်လက်အသုံးပြု နိုင်ခြင်း မရှိစေရန် အဝေးထိန်းစနစ်ဖြင့် ဖျက်ပစ်သင့်သည်။
Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “Compelson ကုမ္ပဏီက လက်ရှိဖြစ်ပွားနေတဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ရှိတဲ့ မြန်မာရဲတပ်ဖွဲ့ဆီ အစွမ်းထက်တဲ့ စောင့်ကြည့်ထောက်လှမ်းရေးနည်းပညာကို သိလျက်နဲ့ ရောင်းချပေးအပ်ခဲ့တာ ဖြစ်ပါတယ်။
ကျမတို့ ဖော်ထုတ်လိုက်တဲ့ သက်သေ အထောက်အထားတွေမှာ Compelson ကုမ္ပဏီက ၂၀၂၁ ခုနှစ် တရားမဝင် အာဏာသိမ်းကြိုးပမ်းမှု နောက်ပိုင်းထိ မြန်မာစစ်အုပ်စု၊ ရဲတပ်ဖွဲ့တွေနဲ့ ထိတွေ့ဆက်ဆံခဲ့ပြီး၊ စောင့်ကြည့်ထောက်လှမ်းရေးနဲ့ ဖိနှိပ်မှုတွေကို လုပ်ဆောင်ရာမှာ အသုံးပြုခဲ့တဲ့ နည်းပညာကို အဆင့်မြှင့်တင်ဖို့အတွက် လိုင်စင်သက်တမ်းတိုးဖို့တွေ ကမ်းလှမ်းခဲ့ကြောင်း ပြသနေပါတယ်။
မြန်မာစစ်အုပ်စုက သူတို့ရဲ့ တရားမဝင်အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း လူထောင်ပေါင်းများစွာကို သတ်ဖြတ်ခဲ့ပြီး၊ တက်ကြွလှုပ်ရှားသူတွေနဲ့ သတင်းသမားတွေကို ပစ်မှတ်ထား၊ ဖမ်းဆီး၊ နှိပ်စက်တာတွေ လုပ်ဆောင်ဖို့ ထောက်လှမ်းရေးနဲ့ ဒစ်ဂျစ်တယ်မှုခင်းဆေးပညာဆိုင်ရာ နည်းပညာကို အသုံးပြုနေပါတယ်။ ဒီလိုအကြမ်းဖက်မှုတွေကို Compelson ဆော့ဝဲလ် က ကူညီပေးခဲ့နိုင်ပါတယ်။
ချက်နိုင်ငံအစိုးရအနေနဲ့ ချက်နိုင်ငံနဲ့ အီးယူဥပဒေတွေကို Compelson ကုမ္ပဏီက ချိုးဖောက်ခဲ့ခြင်း ရှိမရှိအပေါ် တင်းပြည့်ကျပ်ပြည့် စုံစမ်းစစ်ဆေးရမှာဖြစ်ပြီး၊ တာဝန်ခံမှုရှိစေရမှာ ဖြစ်ပါတယ်။
ချက်သမ္မတနိုင်ငံအနေနဲ့ သူရဲ့ကုမ္ပဏီတွေက စစ်ဘက်-အရပ်ဘက် နှစ်မျိုးသုံး ကုန်စည်တွေနဲ့ နည်းပညာတွေ ပေးအပ်ခဲ့တာကြောင့် စစ်အုပ်စုရဲ့ ဒစ်ဂျစ်တယ်အာဏာရှင်စနစ်နဲ့ လက်ရှိကျူးလွန်နေတဲ့ ရာဇဝတ်မှုကြီးတွေမှာ အားပေးကူညီနေတာမျိုးမဖြစ်ဖို့ တာဝန်တစ်ရပ် ရှိပါတယ်။
Compelson အနေနဲ့လည်း သူတို့ဆော့ဝဲလ်ကို မြန်မာစစ်အုပ်စုက နောက်ထပ်အသုံးပြုမရနိုင်ရေးအတွက် လုပ်နိုင်သမျှအဆင့်တိုင်းကို လုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။
19 May 2026

29 June 2026

25 June 2026