12 April 2025

မြန်မာနိုင်ငံတွင်း ငလျင်ဘေးအန္တရာယ်ကူညီကယ်ဆယ်ရေးအတွက် ကုမ္ပဏီများ၏ လှူဒါန်းငွေ အနည်းဆုံး အမေရိကန်ဒေါ်လာ ၅၅.၈ သန်းသည် အမှန်တကယ်တွင် စစ်အုပ်စု ကျူးလွန်လျက်ရှိသည့် နိုင်ငံတကာရာဇဝတ်မှုများနှင့် နိုင်ငံတဝန်းလူထုအပေါ် ကျူးလွန်နေမှုများအတွက် အထောက်အပံ့ ဖြစ်သွားနိုင်ကြောင်း Justice For Myanmar က သတိပေးလိုက်သည်။
မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများသို့ လှုပ်ခတ်ခဲ့သည့် ၇.၇ မဂ္ဂနီကျုရှိသော ဖျက်အားပြင်းငလျင်ကြီး အပြီးတွင် စစ်အုပ်စုသည် နိုင်ငံတကာကုမ္ပဏီများနှင့် မြန်မာခရိုနီများထံမှ အလှူငွေများ တောင်းခံခဲ့သည်။
နိုင်ငံစုံအလှူရှင်များက စစ်တပ်ထိန်းချုပ်ထားသည့်လမ်းကြောင်းများမှတဆင့် အလှူငွေများ ပေးအပ်ခဲ့ ကြပြီး၊ ယင်းအလှူရှင်များထဲတွင် ဂျပန်နိုင်ငံ၏ နာမည်ကြီးကုန်စည်လက်လီဖြန့်ဖြူးရေးကုမ္ပဏီကြီး AEON၊ တရုတ်စီးပွားရေးလုပ်ငန်းစုကြီး CITIC Group နှင့် China National Petroleum Corporation (CNPC) တို့ ပါဝင်သည်။
AEON 1% Club Foundation သည် ဧပြီလ ၂ ရက်နေ့တွင် ယွမ် ၁၀ မီလီယံ (အမေရိကန်ဒေါ်လာ ၇၀,၀၀၀) တန်ဖိုးရှိ ကူညီကယ်ဆယ်ရေးပစ္စည်းများကို တိုကျိုမြို့ရှိ စစ်အုပ်စုထိန်းချုပ်ထားသည့် မြန်မာ သံရုံးထံ လှူဒါန်းခဲ့သည်။ ကုမ္ပဏီမှတ်ပုံတင်အချက်အလက်များအရ AEON သည် မြန်မာနိုင်ငံတွင် စီးပွားရေး လုပ်ငန်းများစွာ လုပ်ကိုင်ပြီး၊ လက်ရှိတွင်လည်း အသက်ဝင်နေဆဲဖြစ်သည်။
အငြင်းပွားဖွယ် တရုတ်-မြန်မာရေနံနှင့်သဘာဝဓါတ်ငွေ့ပိုက်လိုင်းကို လုပ်ကိုင်သည့် CNPC ကုမ္ပဏီ သည် ဧပြီလ ၈ ရက်နေ့တွင် စစ်အုပ်စုထိန်းချုပ်ထားသည့် မန္တလေးအစိုးရထံ အမေရိကန်ဒေါ်လာ ၅၀,၀၀၀ ကို လှူဒါန်းခဲ့သည်။
ဧပြီလ ၁ ရက်နေ့တွင် စစ်အုပ်စု ကျင်းပခဲ့သည့် အခမ်းအနားတစ်ခု၌ မြန်မာခရိုနီများက အများဆုံးလှူဒါန်းမှုများကို ပြုလုပ်ခဲ့ကြကြောင်း စစ်အုပ်စု မီဒီယာများတွင် ဖော်ပြထားသည်။ မြန်မာခရိုနီများနှင့် စီးပွားရေးမိတ်ဖက်များသည် ကျပ်သန်းပေါင်း ၁၀၄ ဘီလီယံ (စစ်အုပ်စု၏ ငွေလဲနှုန်းဖြင့် တွက်ချက်ပါက အမေရိကန်ဒေါ်လာ ၄၉.၇ မီလီယံ) ငွေသားနှင့် နောက်ထပ် ကျပ်သန်းပေါင်း ၁၂.၄ ဘီလီယံ (အမေရိကန်ဒေါ်လာ ၅.၉ မီလီယံ) တန်ဖိုးရှိ ထောက်ပံ့ရေးပစ္စည်းများကို မင်းအောင်လှိုင်အပါအဝင် စစ်အုပ်စု၏ အရေးပါသော ပုဂ္ဂိုလ်များထံ တိုက်ရိုက်လှူဒါန်းခဲ့သည်။
Justice For Myanmar က ဖော်ထုတ်နိုင်ခဲ့သည့် အလှူရှင်များတွင် ကမ္ဘောဇဘဏ်မှ ဇော်လင်းအောင်၊ ရွှေတောင်အုပ်စုမှ အောင်ဇော်နိုင်၊ အိုင်ဂျီအီးအုပ်စုမှ နေအောင်၊ မက်စ်အုပ်စုမှ ဇော်ဇော်၊ စီဘီဘဏ်မှ ခင်မောင်အေး၊ အောင်မြင်သူအုပ်စုမှ လှမျိုးနှင့် စူပါဆဲဗင်းစတားအုပ်စုမှ မြင့်ဇော်သိန်းတို့ ပါဝင်သည်။ အလှူရှင်များသည် မင်းအောင်လှိုင်လက်မှတ်ရေးထိုးထားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ခေါင်းစီးဖြင့် ဂုဏ်ပြုလက်မှတ်များ ရရှိခဲ့ပုံရကြောင်း ငွေကျပ် ၁ ဘီလီယံ (အမေရိကန်ဒေါ်လာ ၄၇၆,၀၀၀) လှူဒါန်းခဲ့သည့် စစ်လက်နက်ပွဲစား ထူးအုပ်စု၏ လူမှုကွန်ရက်တွင် တင်ခဲ့သည့် ဂုဏ်ပြုမှတ်တမ်းအရ သိရသည်။
စစ်အုပ်စုဆက်နွှယ် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် UMFCCI သည်လည်း မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်း၊ မြန်မာစားသုံးဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံဆန်စပါးအဖွဲ့ချုပ်တို့အပါအဝင် စစ်အုပ်စုဆက်နွှယ် အခြားကုန်သွယ်ရေးအဖွဲ့အစည်းများနှင့်အတူ စစ်အုပ်စု၏ နိုင်ငံအဆင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီထံ ပေးအပ်ရန် လျာထားသည့် ငွေသားနှင့် ထောက်ပံ့ရေး ပစ္စည်းများကို လှူဒါန်းခဲ့သည်။ နိုင်ငံအဆင့်ဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီကို မြန်မာ့ကြည်းတပ်အား ဦးဆောင်သူ စစ်ရာဇဝတ်ကောင် စိုးဝင်းက ဦးဆောင်သည်။
စစ်အုပ်စုခေါင်းဆောင်မင်းအောင်လှိုင်နှင့် ၎င်း၏လက်ထောက် စိုးဝင်းတို့သည် ရိုဟင်ဂျာများအပေါ် ကျူးလွန်သည့်ရာဇဝတ်မှုများအတွက် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး၏ စုံစမ်းစစ်ဆေးမှုများကို ရင်ဆိုင်နေရပြီး၊ အာဂျင်တီးနားဖက်ဒရယ်ရာဇဝတ်တရားရုံး၏ ဖမ်းဝရမ်းထုတ်မှုကိုလည်း ခံထားရသူများ ဖြစ်သည်။
စစ်အုပ်စုသည် အလှူငွေများလက်ခံရန် ပုဂ္ဂလိကဘဏ်များ၊ ထို့အပြင် နိုင်ငံပိုင် မြန်မာ့စီးပွားရေးဘဏ် တို့ကို အသုံးပြုသည်။ ဂျပန်နိုင်ငံတွင် စစ်အုပ်စုသည် MUFG ဘဏ်အကောင့်တစ်ခုမှတဆင့် တိုက်ရိုက် အလှူငွေလက်ခံမှုများ လုပ်ဆောင်လျက်ရှိသည်။ ယင်းဘဏ်သည် မြန်မာနိုင်ငံတွင်လည်း ဖွင့်လှစ်ထားသည့် နိုင်ငံစုံ ဂျပန်ဘဏ်တစ်ခု ဖြစ်သည်။
မြန်မာနိုင်ငံတွင် ကမ္ဘောဇဘဏ်၊ စီဘီဘဏ်၊ ဧရာဝတီဘဏ်နှင့် Yoma Strategic Holdings ကပိုင်ဆိုင် သည့် Wave Money တို့အပါအဝင် ပုဂ္ဂလိကဘဏ်များကလည်း စစ်အုပ်စုအတွက် အများအလှူငွေများကို ကောက်ခံပေးလျက်ရှိသည်။
ငလျင်ဘေးကြောင့် အကြီးအကျယ်ထိခိုက်ပျက်စီးခဲ့ရသော်လည်း မြန်မာစစ်အုပ်စုက ရက်စက် ကြမ်းကြုတ်သည့် လေကြောင်းတိုက်ခိုက်မှုများအား ဆက်လက်လုပ်ဆောင်ခဲ့ပြီး၊ လူမှုစာနာမှုဆိုင်ရာ ဘေးဆိုးကြီးကို ပိုမိုဆိုးရွားစေခဲ့သည်။ ဧပြီလ ၂ ရက်နေ့တွင် စစ်အုပ်စုက အပစ်ရပ် ကြေညာချက် ထုတ်ပြီး နောက်တစ်ရက်တွင်ပင် ဆိုးရွားပြင်းထန်သည့်တိုက်ခိုက်မှုများ ယင်းတို့ကိုယ်တိုင် ပြန်လည် လုပ်ဆောင်ပြီး အဆိုပါကြေညာချက် ပျက်ပြယ်သွားခဲ့သည်။
အမျိုးသားညီညွတ်ရေးအစိုးရ၏ လူ့အခွင့်အရေးဝန်ကြီးဌာနက ငလျင်လှုပ်ခတ်ခဲ့သည့် မတ်လ ၂၈ ရက် နေ့မှ ဧပြီလ ၉ ရက်နေ့အတွင်း လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုပေါင်း ၉၂ ခုကို မှတ်တမ်းတင်ထားခဲ့ပြီး၊ ယင်းတိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူ ၇၂ ဦး သေဆုံးခဲ့သည်။ တိုက်ခိုက်မှုများစွာကို ငလျင်ဘေးထိခိုက်ခဲ့သည့် မန္တလေးနှင့် စစ်ကိုင်းဒေသများအတွင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
စစ်အုပ်စုက လူမှုစာနာအကူအညီများအား လက်နက်အဖြစ် အသုံးပြုခဲ့ကြောင်း သတင်းများက အတည်ပြုနေသည်။ စစ်အုပ်စုက လူမှုစာနာအကူအညီများကို ပိတ်ပင်ခြင်း၊ သိမ်းဆည်းခြင်း၊ ကယ်ဆယ်ရေးလုပ်ငန်းများအား ၎င်းတို့ အကျိုးအမြတ်အတွက် အမြတ်ထုတ်ခြင်း၊ တစ်ဖက်တွင် ကူညီကယ်ဆယ်ရေးနှင့် ဆေးဘက်ဆိုင်ရာလုပ်သားများအား ပစ်မှတ်ထား၊ စောင့်ကြည့်ခြင်းများ လုပ်ဆောင်ခဲ့ပြီး၊ သတင်းမီဒီယာနှင့် ဆက်သွယ်ရေးများအား တင်းတင်းကြပ်ကြပ် ကန့်သတ် ပိတ်ပင်မှုများကို လုပ်ဆောင်လျက်ရှိသည်။
ယခုသဘာဝဘေးကြီးသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း စစ်အုပ်စု၏ အာဏာသိမ်းကြိုးပမ်းမှု နောက်ပိုင်း လူပေါင်း ၃.၅ သန်းကျော်အား နေရပ်စွန့်ခွာစေခဲ့သည့် မြန်မာနိုင်ငံတွင်း ရှိနှင့်ပြီးသော သေရေးရှင်ရေး အကျပ်အတည်းကြီးအား ပိုမိုဆိုးရွားစေခဲ့သည်။
လေးနှစ်ကျော်ကာလအတွင်း မြန်မာနိုင်ငံမှ ရှေ့တန်းလူမှုစာနာလုပ်သားများနှင့် ကျန်းမာရေးလုပ်သား များသည် စစ်အုပ်စုထိန်းချုပ်မှုပြင်ပရှိ ဒေသများသို့ အပါအဝင် မဖြစ်မနေလိုအပ်သည့် ပံ့ပိုးကူညီမှုများ ပေးအပ်နိုင်ရန် ၎င်းတို့အသက်များကိုပင် ပဓာနမထားဘဲ လုပ်ဆောင်ခဲ့သည်။ Justice For Myanmar အပါအဝင် အရပ်ဘက်အဖွဲ့အစည်း ၂၆၀ ကျော်တို့သည် အကူအညီများအား အမျိုးသား ညီညွတ်ရေးအစိုးရ၊ လူမျိုးစုတော်လှန်ရေးအဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်း ကွန်ရက်များနှင့် တိုင်ပင်၍ ရပ်ရွာလူထုဦးဆောင်အဖွဲ့များ၊ ဘေးအန္တရာယ်ဖြစ်ပွားသည့် မြေပြင်တွင် ကူညီလုပ်ဆောင်သူ များမှတဆင့် တိုက်ရိုက်ပေးအပ်ပြီး၊ စစ်အုပ်စုကို ကျော်လွှားရန် နိုင်ငံတကာအသိုင်းအဝန်းထံ တောင်းဆိုထားသည်။
သို့ရာတွင် ကုမ္ပဏီများသည် စစ်အုပ်စုထံ လှူဒါန်းမှုများကို ဆက်လက်လုပ်ဆောင်ခဲ့သည်။ စစ်အုပ်စုက ၎င်းတို့၏ နိုင်ငံတကာရာဇဝတ်မှုများကျူးလွန်သည့် စစ်ဆင်ရေးကို အရှိန်မြင့်ရန် ယခုသဘာဝဘေးဆိုး ကြီးအား အသုံးပြုနေသည်ဖြစ်ရာ စစ်အုပ်စုနှင့် ၎င်းတို့၏ ခရိုနီများထံ လှူဒါန်းမှုများသည် ငလျင်ဘေး ကြောင့် ထိခိုက်မှုများကို ပိုမိုဆိုးရွားစေမည်သာ ဖြစ်သည်။
ကုမ္ပဏီများအနေဖြင့် စစ်အုပ်စုအား ကူညီပံ့ပိုးခြင်း သို့မဟုတ် နိုင်ငံတကာ ရာဇဝတ်မှုများနှင့် ဆက်နွှယ်ခြင်း မဟုတ်ကြောင်း သေချာစေရန် တင်ကြိုစိစစ်မှုများ မဖြစ်မနေ လုပ်ဆောင်ရမည်။ စစ်အုပ်စုကို လှူဒါန်းမှုများသည် မသိကျိုးကျွန်၍ဖြစ်စေ၊ မိမိတို့၏ စီးပွားရေးအကျိုးအမြတ်အတွက် စစ်အုပ်စုကို မျက်နှာလိုမျက်နှာရ လုပ်လို၍ဖြစ်စေ ၄င်းတို့၏ လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများနှင့် စစ်ရာဇဝတ်မှုများတွင် ကြံရာပါဖြစ်နိုင်သည့် အန္တရာယ် ရှိပါသည်။
ဧပြီလ ၇ ရက်နေ့အထိ စာရင်းများအရ ငလျင်ဘေးကြောင့် သေဆုံးမှုသည် ၃၅၅၀ ကျော်ထိ ရှိလာပြီး၊ ၄၆၈၉ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၏ အချက်အလက်များအရ သိရသည်။
စီးပွားရေးလုပ်ငန်းများအနေဖြင့် “ထိခိုက်မှုမရှိရေး (do no harm) အပါအဝင် လူမှုစာနာရေး အခြေခံမူများနှင့်အညီ မြန်မာပြည်သူလူထု၏ စိတ်ဆန္ဒနှင့် လူမှုစာနာရေးတို့အပေါ် လေးစားသည့် လူမှုစာနာအကူအညီပေးအပ်ရေး လမ်းကြောင်းများကို ပံ့ပိုးကူညီပါရန် Justice For Myanmar က တောင်းဆိုသည်။
Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “စီးပွားရေးလုပ်ငန်းတွေရဲ့ ကူညီထည့်ဝင်မှုတွေက စစ်အုပ်စုရဲ့ ကမ်းကုန်အောင်ဆိုးဆိုးရွားရွားကျူးလွန်နေတဲ့ နိုင်ငံတကာ ရာဇဝတ်မှုတွေကို အထောက်အပံ့မဖြစ်ဖို့ ဥပဒေအရဖြစ်စေ၊ ကျင့်ဝတ်အရဖြစ်စေ တာဝန်ရှိပါတယ်။
မြန်မာခရိုနီတွေက “အကူအညီ” ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ အရင်ကတည်းက စစ်အုပ်စုကို ငွေတွေ ပံ့ပိုးခဲ့ပြီး စစ်အုပ်စုရဲ့ ရာဇဝတ်မှုကြီးတွေမှာ ကြံရာပါပတ်သက်ခဲ့ပါတယ်။ အဲ့ဒီထဲမှာ ရိုဟင်ဂျာတွေ အပေါ် လူမျိုးတုန်းသတ်ဖြတ်မှုကို တုံ့ပြန်ရာမှာလည်း ပါဝင်ပါတယ်။ အခုအခါမှာလည်း သူတို့က နိုင်ငံစုံ စီးပွားရေးလုပ်ငန်းကြီးတွေနဲ့အတူ လူသတ်စစ်အုပ်စုကို အကူအညီတွေပေးပြီး တရားဝင်မှုအတွက် လမ်းကြောင်းဖော်ပေးနေတာ ဖြစ်ပါတယ်။ ကုမ္ပဏီတွေကို စောင့်ကြည့်နေပြီး၊ အကယ်၍ စစ်အုပ်စုရဲ့ ရာဇဝတ်မှုတွေကို အားပေးကူညီတာတွေ တွေ့ရင် မဖြစ်မနေ တာဝန်ခံစေရမှာ ဖြစ်ပါတယ်။
မြန်မာပြည်သူတွေက အကြမ်းဖက်မြန်မာစစ်အုပ်စုကြောင့် ဖြစ်ပေါ်ခဲ့တဲ့ ဘေးဒုက္ခအကျပ်အတည်း များစွာကို ခံစားနေခဲ့ကြရပြီး၊ ပြီးခဲ့တဲ့လ ဖျက်အားပြင်းငလျင်က ဒီဒုက္ခအကျပ်အတည်းတွေကို ထပ်ပြီးထိုးနှက်လိုက်တာ ဖြစ်ပါတယ်။ အခုအခါမှာလည်း စစ်အုပ်စုရဲ့ နိုင်ငံရေးနဲ့ စစ်ရေး အကျိုးအမြတ်အတွက် အမြတ်ထုတ်တာကို ခံနေကြရပါတယ်။
ပြည်သူလူထုက ငလျင်ဘေးကြီးနဲ့အတူ စစ်အုပ်စုကျူးလွန်နေတဲ့ တိုက်ခိုက်မှုတွေ၊ စစ်အုပ်စုတရားမဝင် အာဏာသိမ်းကြိုးပမ်းမှုကြောင့် ဖြစ်ပွားခဲ့တဲ့ စီးပွားရေးအကျပ်အတည်းနဲ့ ပိုပြီးဆိုးရွားလာတဲ့ အကျိုးဆက်တွေကို တုံ့ပြန်ဖို့ရာ အကူအညီတွေကို အပူတပြင်း လိုအပ်နေပါတယ်။
နိုင်ငံတကာအသိုင်းအဝန်းအနေနဲ့ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေကို ကျူးလွန်သူနေတွေဆီက တဆင့်မဟုတ်ဘဲ ယုံကြည်ထိုက်တဲ့၊ တာဝန်ယူမှုရှိတဲ့၊ လွတ်လပ်တဲ့ ဒေသခံအကူအညီပေးနေသူတွေကတဆင့် အကူအညီတွေကို အလိုအပ်ဆုံးသောသူတွေဆီ တိုက်ရိုက်ရောက်စေဖို့ အရေးတကြီး ဆောင်ရွက်ရမှာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။
19 May 2026

29 June 2026

25 June 2026