2 April 2025

မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ (SAC-M) သည် ပြီးခဲ့သည့် သောကြာနေ့တွင်မြန်မာနှင့် ထိုင်းနိုင်ငံတို့တွင် လှုပ်ခတ်ခဲ့သည့် ကြီးမားဆိုးရွားလှသော အတွဲလိုက်မြေငလျင်များအတွက် နှောင့်နှေးခြင်းကင်းပြီး ညှိနှိုင်းဆောင်ရွက်သော နိုင်ငံတကာတုံ့ပြန်မှုအားပေးအပ်ရန် ဆက်လက်တိုက်တွန်းလျက်ရှိသည်။
မြန်မာနိုင်ငံ၏အခြေအနေမှာ အလွန်ဆိုးရွားပျက်စီးလျက်ရှိသည်။ လူထောင်ပေါင်းများစွာ သေဆုံးမည်ကို စိုးရိမ်နေရပြီး၊နောက်ထပ်ထောင်ပေါင်းများစွာမှာ ပိတ်မိနေဆဲဖြစ်သည်၊ ဆေးရုံများမှာ လူနာများဖြင့်ပြည့်လျှံနေပြီး ဆေးဝါးရိက္ခာများပြတ်လပ်လျက်ရှိသည်၊ ထပ်ခါတလဲလဲ လှုပ်ခတ်နေသော နောက်ဆက်တွဲငလျင်ငယ်များက နေအိမ်များနှင့် အရေးပါသော အခြေခံအဆောက်အအုံများကို ထပ်မံပျက်စီးစေရန် ခြိမ်းခြောက်လျက်ရှိသည်။
ဤပျက်စီးဆုံးရှုံးမှုများကြားတွင် မြန်မာစစ်အုပ်စုသည် တိုက်ခိုက်မှုများကို ဆက်လက်ပြုလုပ်လျက်ရှိသည်။ သတင်းများအရ၊ မကွေး၊ ပဲခူးနှင့် စစ်ကိုင်းတိုင်းဒေသကြီးများ၊ ကချင်၊ ကရင်၊ ကရင်နီနှင့် ရှမ်းပြည်နယ်များအပါအဝင် ငလျင်ဒဏ်သင့်ဒေသများတွင် လေကြောင်းနှင့် အမြောက်များဖြင့် တိုက်ခိုက်မှုများပြုလုပ်ခဲ့သည်။ အပြင်းထန်ဆုံးထိခိုက်ခဲ့သောစစ်ကိုင်းတိုင်းတွင် ကယ်ဆယ်ရေးကြိုးပမ်းမှုများကို စစ်အုပ်စုက ပိတ်ဆို့တားဆီးနေကြောင်း ထွက်ပေါ်လာသော သတင်းများကလည်း ဆိုသည်၊ ၎င်းတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထိန်းချုပ်မှုအောက်ရှိ တိုင်းဒေသကြီး၏ဧရိယာများ အပါအဝင်ဖြစ်သည်။
Wall Street Journal, BBC, CNN, နှင့် Bloomberg တို့နှင့် တွေ့ဆုံမေးမြန်းမှုများတွင် SAC-M ၏ အကြံပေးပုဂ္ဂိုလ်များကနိုင်ငံတကာအသိုင်းအဝိုင်းအား အရေးပေါ်အကူအညီများကို ငလျင်ဒဏ်သင့် အသိုင်းအဝိုင်းအားလုံးထံသို့ ရောက်ရှိစေရေးသေချာစေရန် NUG၊ တိုင်းရင်းသားအဖွဲ့အစည်းများ၊ မြန်မာ့အရပ်ဘက်လူ့အဖွဲ့အစည်းနှင့် ၎င်းတို့၏အကောင်အထည်ဖော်ရေး မိတ်ဖက်ပါတနာများမှတဆင့် ဦးတည်ညွှန်ကြားရန် တိုက်တွန်းခဲ့ပြီးဖြစ်သည်။ ယနေ့ BBC World Service သို့ ပြောကြားရာတွင် Chris Sidoti က စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်အတွက် ဖမ်းဝရမ်းကိုအရေးတကြီးထုတ်ပြန်ပေးရန် နိုင်ငံတကာရာဇဝတ်မှုခုံရုံး (ICC) အား တောင်းဆိုခဲ့သည်၊ ၎င်းဝရမ်းအား ပြီးခဲ့သည့်နှစ်နိုဝင်ဘာလတွင် ICC အမှုစွဲအရာရှိက တောင်းဆိုခဲ့ခြင်းဖြစ်သည်။ “ဤအတွက် ဆင်ခြေပေးစရာမရှိ၊ ငါးလ သို့မဟုတ်ခြောက်လ ကြာပြီးသည့်တိုင် အမှုစွဲအရာရှိ၏ လျှောက်ထားမှုအပေါ် ဆုံးဖြတ်ချက်မချမှတ်သေးခြင်းသည် ကဲ့ရဲ့ပြစ်တင်ခံရဖွယ် ကျော်မကောင်း ကြားမကောင်းစရာပင်ဖြစ်သည်” ဟု သူကပြောကြားခဲ့သည်။
SAC-M သည် ကုလသမဂ္ဂအား အရေးယူဆောင်ရွက်ရန် တိုက်တွန်းသည့်စာများကို အခရာကျသည့် အရာရှိများထံသို့လည်း ပေးပို့ခဲ့သည်။
ယူကေနိုင်ငံခြားရေးဝန်ကြီး David Lammy ထံပေးပို့သောစာတွင် SAC-M က လုံခြုံရေးကောင်စီ၌ မြန်မာနိုင်ငံဆိုင်ရာဦးဆောင်ရေးသားသူ (penholder) ဖြစ်သည့် ယူကေအား တိုက်တွန်းခဲ့သည်မှာ မြန်မာနိုင်ငံအခြေအနေဆိုင်ရာ လုံခြုံရေးကောင်စီဆုံးဖြတ်ချက်အသစ်တခုကို အတည်ပြုချမှတ်ရန် ကြိုးပမ်းမှုများကို အရေးတကြီး ပြန်လည်စတင်ရန်ဖြစ်သည်။၂၀၂၂ ခုနှစ်တွင် အတည်ပြုခဲ့သော ကောင်စီ၏ နောက်ဆုံး မြန်မာနိုင်ငံဆိုင်ရာဆုံးဖြတ်ချက် UNSCR 2669 အပေါ်အခြေခံ၍၊ စာသားအသစ်သည် ပြည်တွင်းနှင့် နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့များအား ငလျင်ဒဏ်သင့်ဒေသအားလုံးသို့အပြည့်အဝနှင့် ချက်ချင်းဝင်ရောက်ခွင့်ပေးရန် တောင်းဆိုသင့်ပြီး၊ စစ်အုပ်စုထံသို့ လက်နက်၊ ခဲယမ်းမီးကျောက်နှင့်အခြားစစ်ဘက်ဆိုင်ရာပစ္စည်းကိရိယာများ ရောင်းချခြင်း၊ လွှဲပြောင်းခြင်းနှင့် လွှဲအပ်ခြင်းတို့ကို ပိတ်ဆို့တားမြစ်သင့်ကာ၊မြန်မာနိုင်ငံအတွက် တိုးမြှင့်ထားသော ငွေကြေးအထောက်အပံ့များအား တောင်းဆိုသင့်သည်။
ယူကေ နိုင်ငံခြားရေးဝန်ကြီး David Lammy ထံ SAC-M ပေးပို့သောစာအား ကြည့်ရှုရန်။
SAC-M သည် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် António Guterres ထံသို့လည်း စာတစ်စောင်ပေးပို့ခဲ့ပြီး၊ မြန်မာနိုင်ငံအခြေအနေဆိုင်ရာ ပွင့်လင်းအစည်းအဝေးတခု ချက်ချင်းကျင်းပရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီအား တောင်းဆိုပေးပါရန် တိုက်တွန်းခဲ့သည်။
ဤအစည်းအဝေးမှ အခရာကျသောအရာရှိများထံမှ နောက်ဆုံးရအခြေအနေအပ်ဒိတ်များအား တောင်းဆိုနိုင်ပြီး လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ၊ ဆေးဘက်ဆိုင်ရာ အကူအညီ၊ စက်ယန္တရားကြီးများနှင့် ကယ်ဆယ်ရေးအဖွဲ့များကိုနယ်စပ်ဖြတ်ကျော်လမ်းကြောင်းများနှင့် အလွန်အမင်းလိုအပ်နေသော အသိုင်းအဝိုင်းများထံသို့ ရောက်ရှိနိုင်စွမ်းရှိသည့်တိုင်းရင်းသားနှင့် အရပ်ဘက်လူ့အဖွဲ့အစည်းများမှတဆင့် ကုန်းလမ်း၊ လေကြောင်း၊ ရေကြောင်းတို့မှ ချက်ချင်းစေလွှတ်မှုကို ပံ့ပိုးကူညီရန်နှင့် ညှိနှိုင်းဆောင်ရွက်ရန်ကူညီနိုင်သည်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် António Guterres ထံ SAC-M ပေးပို့သောစာအား ကြည့်ရှုရန်။
ထို့အပြင်၊ SAC-M သည် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးသံတမန် Julie Bishop ထံသို့ စာတစောင်ပေးပို့ခဲ့သည်။SAC-M က အထူးသံတမန်၏ မြန်မာနိုင်ငံတဝန်း အပစ်အခတ်ရပ်စဲရေး တောင်းဆိုမှုကို ကြိုဆိုခဲ့သည်။ မတ်လ ၂၉ ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) သည် ငလျင်များအတွက် အားလုံးပါဝင်သော အရေးပေါ်တုံ့ပြန်မှု ခိုင်မာသေချာစေရေး ထိုးစစ်စစ်ဆင်ရေးများကို ကနဦး နှစ်ပတ်ကြာရပ်နားခဲ့သည်။ဧပြီလ ၁ ရက်နေ့တွင် အာရက္ခတပ်တော် (AA)၊ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) နှင့်တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ပါဝင်သော သုံးပွင့်ဆိုင်ညီနောင်မဟာမိတ်အဖွဲ့ကလည်းကူညီကယ်ဆယ်ရေးကြိုးပမ်းမှုများကို ဦးစားပေးရန် ထိုးစစ်စစ်ဆင်ရေးများကို မဟာမိတ်အဖွဲ့၏အစီအစဉ်ဖြင့် တလကြာရပ်နားကြောင်းကြေညာခဲ့သည်။
သို့သော် ထိုနေ့မှာပင် စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်က တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများမှ ကြေညာခဲ့သော လူသားချင်းစာနာမှုဆိုင်ရာ စစ်ပွဲရပ်နားမှုများကို ရန်လိုသည့်လုပ်ရပ်များအဖြစ်သတ်မှတ်ကာ ပယ်ချခဲ့ပြီး စစ်အုပ်စု၏ စစ်ရေးစစ်ဆင်မှုများ ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
SAC-M သည် အထူးသံတမန်အား အာဆီယံ၊ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် နိုင်ငံတကာအသိုင်းအဝိုင်းတို့ကို တုံ့ပြန်စေရန်အလို့ငှာ တွန်းအားပေးပါရန် တိုက်တွန်းခဲ့ရုံသာမက၊ အထူးသဖြင့် မြန်မာနိုင်ငံတွင် တရားဝင်ခန့်အပ်ထားသော ဌာနေညှိနှိုင်းရေးမှူး မရှိသည့်အခြေအနေတွင် ကုလသမဂ္ဂ၏ညှိနှိုင်းဆောင်ရွက်မှုကို ပံ့ပိုးပေးရန် သူမအားတိုက်တွန်းခဲ့သည်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Julie Bishop ထံ SAC-M ပေးပို့သောစာအား ကြည့်ရှုရန်။
19 May 2026

19 June 2026