ပေါက်မြို့နယ် NUG ကျောင်းမှ ဆရာ ၁ ဦး ရက်စက်စွာ အသတ်ခံရ – ဦးစောထွန်းမိုး

18 October 2022

ပေါက်မြို့နယ် NUG ကျောင်းမှ ဆရာ ၁ ဦး ရက်စက်စွာ အသတ်ခံရ – ဦးစောထွန်းမိုး

သတ်ဖြတ်ခံရသည့် ကျောင်းဆရာ ဦးစောထွန်းမိုး

By The Irrawaddy

မကွေးတိုင်း၊ ပေါက်မြို့နယ်ရှိ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) နှင့် ချိတ်ဆက် ဖွင့်ထားသည့် ကျောင်း၌ စာသင် နေသည့် ကျောင်းဆရာတဦး ကိုယ်လက်အင်္ဂါများ ခုတ်ဖြတ်ကာ အသတ်ခံရကြောင်း ဒေသ သတင်းရင်းမြစ် များထံ မှ သိရသည်။

ဦးစောထွန်းမိုးဆိုသည့် ကျောင်းဆရာကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် ပျူစောထီးများ ပါဝင်သည့် အင်အား ၁၃၀ ခန့်ပါ စစ်ကြောင်းက အောက်တိုဘာ ၁၆ ရက်က ပေါက်မြို့နယ် တောင်ပိုင်းရှိ သစ်ညီနောင်ကျေးရွာမှ ဖမ်းဆီး ခေါ်ဆောင်ကာ ၂ မိုင်ခန့်အကွာရှိ တောင်မြင့်ရွာတွင် ထိုသို့သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။

မျက်မြင်သက်သေများ အဆိုအရ အောက်တိုဘာ ၁၆ ရက် နံနက် ၁၁ နာရီဝန်းကျင်က စစ်ကောင်စီ စစ်ကြောင်း ရွာသို့ ဝင်လာစဉ်က လက်ပြန်ကြိုးတုပ်ခံထားရသည့် ဦးစောထွန်းမိုးကို တွေ့ရသလို စစ်ကြောင်း တောင်မြင့်ရွာ မှထွက်၍ ပတော်ကံရွာတွင် ညအိပ်တပ်စွဲကာ အောက်တိုဘာ ၁၇ ရက် နံနက်ပိုင်း တောင်မြင့်ရွာသို့ ပြန်ဝင်ချိန်အထိ ဦးစော ထွန်းမိုးကို စစ်ကြောင်းနှင့်အတူ အသက်ရှင်လျှက် မြင်ရသေးကြောင်း ဒေသခံများ၏ ပြောပြချက် အရ သိရသည်။

အဆိုပါ တောင်မြင့်ရွာ အထက်တန်းကျောင်းတွင် တပ်စွဲပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထွက်ခွာသွားသည့်နောက် ဦးစောထွန်းမိုး၏ ရုပ်အလောင်းကို ကျောင်းရှေ့၌ ချိတ်ဆွဲထားသည်ကို အောက်တိုဘာ ၁၇ ရက်က တွေ့မြင်ခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

ရုပ်အလောင်းကို မြင်တွေ့ခဲ့ရသည့် ဒေသခံ တဦးက “ခေါင်းပြတ်ကို ကျောင်းတံခါးမှာ ချိတ်ထားခဲ့တယ်။ ခန္ဓာကိုယ်ကို လည်း တံခါးမှာ မှီထားခဲ့တယ်။ ပြီးတော့ လက် ၃ ချောင်းကို အရင်းကနေ ဖြတ်ပြီးတော့ ပေါင်ကြားထဲမှာ ထားပစ်ခဲ့ တယ်” ဟု ဆိုသည်။

အသက် ၄၆ နှစ်အရွယ်ရှိ ဦးစောထွန်းမိုးသည် အစိုးရ ဝန်ထမ်းအဖြစ် မလုပ်ဘဲ နှစ် ၂၀ ကြာ အလွတ်တန်းကျောင်း ဆရာတဦးအဖြစ် နေထိုင်ခဲ့သူဖြစ်ပြီး ကိုယ်ပိုင်ဘော်ဒါကျောင်းတခုကို ထည်ထောင်ခဲ့သူလည်း ဖြစ်သည်။

အာဏာသိမ်းပြီးနောက် အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) လက်အောက်တွင် ဖွင့်လှစ်ထားသည့် စာသင် ကျောင်း၌ စေတနာ့ ဝန်ထမ်းအဖြစ် ပညာသင်ကြားပေးနေသူ ဖြစ်ကြောင်း စုံစမ်း သိရှိသည်။

ဦးစောထွန်းမိုး၏ လုပ်ဖော်ကိုင်ဖက်တဦးက “ကျောင်းသားတွေ အပေါ်မှာတော့ စေတနာ ထားတယ်။ ဒီကြားကာလမှာ ပညာသင်တာကို သိသွားပြီး သူတို့ လက်ထဲရောက်ရင်တောင်မှ ဒီလို အခြေအနေတွေ ဖြစ်နိုင်တယ် ဆိုတာ သိတဲ့ ကြားကနေပြီး စွန့်စားပြီးတော့ စေတနာထား လုပ်ခဲ့တာ။ နိုင်ငံ့သားကောင်း တယောက်အနေနဲ့ သမိုင်းပေး တာဝန်ကို တထောင့်တနေရာကနေ သယ်ပိုး ထမ်းရွက်သွားတယ်လို့ပဲ ကျနော်က ပြောချင်တယ်” ဟု ပြောသည်။

ပေါက်မြို့နယ် တောင်ပိုင်း အနှံ့တွင် စာသင်ကြားပေးခဲ့သည့် ဦးစောထွန်းမိုးသည် ၉ တန်းနှင့် ၁၀ တန်းကျောင်းသား များအတွက် သင်္ချာဘာသာရပ်ကို အဓိက သင်ကြားပေးသူ ဖြစ်ဖြစ်ပြီး ၎င်းတွင် သား ၁ ဦး ကျန်ရှိခဲ့ကြောင်း သိရသည်။

ယခုကဲ့သို့ လူမဆန်စွာသတ်ဖြတ်ခဲ့ခြင်းမှာ စစ်ကောင်စီတပ်သည် တမင် ရည်ရွယ်ကာ ခြိမ်းခြောက်လိုသဖြင့် လုပ် ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများက သုံးသပ်ကြသည်။

ဒေသခံ တဦးက “သူတို့ အခုလို သတ်ဖြတ်သွားတာက နောက်ထပ် ကျောင်းဆရာတွေလည်း စာမသင်ရဲအောင်၊ ကလေးတွေကိုလည်း ကျောင်းမတက်ရဲအောင်၊ ကာကွယ်ရေး တပ်ဖွဲ့တွေကို မလှုပ်ရှားရဲအောင်လို့ ရက်ရက်စက်စက် ကို လုပ်ပြသွားတာပဲ” ဟု ဆိုသည်။

ပေါက်မြို့နယ်တွင် အောက်တိုဘာ လဆန်းပိုင်းကတည်းက အဆိုပါ စစ်ကြောင်းမှာ တရွာဝင် တရွာထွက် ကျေးရွာများ ကို ဝင်ရောက် စီးနင်းနေခြင်း ဖြစ်ပြီး စစ်ယူနီဖောင်းများတွင် နံပါတ်များ မတွေ့ရှိရသဖြင့် မည်သည့် တပ်မ၊ တပ်ရင်း က ဖြစ်သည်ကို မသိရှိရသော်လည်း ပေါက်မြို့နယ်တွင်း အနောက်မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေဖြစ်သော မကွေး တိုင်း၊ ပခုက္ကူမြို့ အခြေစိုက် တမခ ၁၀၁ က တပ်ဖွဲ့ဝင်များ လှုပ်ရှားလေ့ ရှိကြောင်း ဒေသကာကွယ်ရေး တပ်ဖွဲ့များ ထံမှ သိရသည်။

စစ်ကြောင်း ဝင်ရောက်ခဲ့သည် ပေါက်မြို့နယ် တောင်ပိုင်းက ကျေးရွာများအနက်မှ သီးချောက်၊ တောင်မြင့်၊ ပတော်ကံ၊ ခင်ရှည်နှင့် ပြစ်ထဲ ရွာ ၅ ရွာကို မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် သစ်ညီနောင်၊ ကျားပစ်ကန်၊ ခွေးအတွင်၊ ဝန်လဲ၊ သရဖီ၊ လယ်လန်း၊ မြေခြား၊ တောင်ချို၊ ဒေါသာ က ဒေသခံပြည်သူ သောင်းချီ စစ်ဘေးရှောင်နေရပြီး ပြစ်ထဲရွာက ဒေသခံ၂ ဦးလည်း ပျောက်ဆုံးနေသဖြင့် ရှာဖွေနေ ဆဲ ဖြစ်ကြောင်း သိရသည်။

ကျောင်းဆရာ ဦးစောထွန်းမိုး သတ်ဖြတ်ခံရမှုနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းတစုံတရာ ထုတ်ပြန်ထားခြင်း မရှိသေးသလို စစ်တပ်အာဘော် တယ်လီဂရမ်ချန်နယ်များတွင်လည်း သတင်း ဖော်ပြထားခြင်း မတွေ့ရပေ။

အခြေခံပညာရေး ဝန်ထမ်းများ အထွေထွေ သပိတ်ကော်မတီ (BEGSC) ၏ ယနေ့ ထုတ်ပြန်ချက်၌ ဦးစောထွန်းမိုးအား ဖမ်းဆီးပြီး ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်ခဲ့ခြင်း၊ စာသင်ကျောင်းအား မီးရှို့ဖျက်ဆီးခြင်းများကို ကျူးလွန်ကာ ကလေးသူငယ် ကျောင်းသား/ကျောင်းသူများနှင့် ပြည်သူလူထုအား ပညာသင်ကြားရေး မပြုလုပ်ရဲအောင် လုပ် ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ပြင်းထန်စွာ ကန့်ကွတ်ရှုတ်ချကြောင်း ထုတ်ပြန်ထားသည်။

ထို့ပြင် အောက်တိုဘာ ၁၇ ရက်က ဧရာဝတီတိုင်း၊ ဇလွန်မြို့နယ်ရှိ CDM အလယ်တန်း ကျောင်းအုပ်ဆရာကြီး ဦးရဲသီ ဟ အား နေအိမ်၌ပင် ဓားဖြင့် ၇ ချက်ထိုး၍ သတ်ဖြတ်ခြင်းခံရကာ ကွယ်လွန်သွားခဲ့ကြောင်း BEGSC ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

စစ်အာဏာသိမ်းပြီးနောက် ၁၉ လတာအတွင်း CDM လှုပ်ရှားမှုတွင် ပါဝင်သော ပညာရေး ဝန်ထမ်း၂၂၅ ဦး ဖမ်းဆီးခံ ထားရပြီး၂၇ ဦး သတ်ဖြတ်ခံထားရကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ၏ စာရင်းများတွင် ဖော်ပြထားသည်။

English version.


Original Post: The Irrawaddy

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia