Report 605 Views

ရှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့တွင် တူးဖော်ရန်စီစဥ်နေသည့် ကျောက်မီးသွေးတွင်းအနီး၌ စစ်ကောင်စီတပ်မှ ဒေသခံ ပြည်သူများအား ကင်းတပ်စခန်းအသစ်တည်ဆောက်ပေးရန်အဓမ္မခိုင်းစေ

April 19th, 2022  •  Author:   Shan Human Rights Foundation  •  1 minute read
Featured image

၂၀၂၂ ခုနစ် မတ်လကုန်ပိုင်းတွင် ရှမ်းပြည်တောင်ပိုင်းနမ့်စန်မြို့နယ် နောင်ဟီးကျေးရွာအုပ်စုမှ ဒေသခံပြည်သူ တစ်ရာကျော်တို့ကို စစ်ကောင်စီတပ်သားများက ကင်းတပ်စခန်းအသစ် တည်ဆောက်ပေးရန်အဓမ္မခိုင်းစေခဲ့သည်။ထိုတပ်စခန်းအသစ်တည်နေရာမှာ မန္တလေးအခြေစိုက်ငွေရည်ပုလဲကုမ္ပဏီ၏ လက်အောက်ခံကုမ္ပဏီမှ အသစ်တူးဖော်ရန်စီစဥ်နေသည့်ကျောက်မီးသွေးတွင်းကြီးနှင့် ၁ မိုင်ခန့်သာကွာ၀ေးသည်။

မတ်လ ၂၉ ရက် ၃၀ ရက်များတွင် နမ့်မိုကျေးရွာမှ ကျေးရွာသူရွာသား ၁၀၆ ဦးတို့သည် နမ့်စန်မြို့အရှေ့မြောက်ဘက်မှ ၁၅ မိုင်ခန့်ကွာ၀ေးသော နောင်ဟီးကျေးရွာအုပ်စုကုန်းတီးရွာမြောက်ဘက်တွင် စစ်ကောင်စီ ကင်းစခန်းအသစ်ကိုသွားဆောက်ပေးခဲ့ရသည်။ စစ်ကောင်စီတပ်သားများသည် ကျေးရွာသူရွာသားများအားကတုတ်ကျင်းတူးခြင်း၊သစ်၀ါးများခုတ်ခြင်း၊ ခြံစည်းရိုးကာစခြင်း အစရှိသည် တို့ကိုအဓမ္မခိုင်းစေခဲ့ကြသည်။

အဆိုပါကင်းတပ်စခန်းသည် နမ့်မိုဒေသခံပြည်သူလုံးဆာ၏ ယာမြေပေါ်တွင် သွားရောက်တည်ဆောက်ထားခြင်းဖြစ်ပြီး ထိုသို့သွားဆောက်ရာတွင် လည်းကြိုတင်အသိပေးခွင့်တောင်းခဲ့ခြင်းမရှိသည့်အပြင် မည်သည့်လျော်ကြေး ငွေကိုမှလဲပေးအပ်ခဲ့ခြင်းမရှိပေ။

မတ်လ ၂၃ ရက်နေ့တွင် ရှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံရွှေတြိဂံတိုင်စစ်ဌာနချုပ်လက်အောက်ခံ မိုင်းကန်းမြို့နယ် အခြေစိုက် ခလရ ၅၅၃ တပ်မှအင်အား ၃၅ ဦး ခန့်ပါရှိသောစစ်ကြောင်းသည် နမ့်စန်-ခိုလမ်ကားလမ်းမကြီးမှတစ်ဆင့် နောင်ဟီးကျေးရွာအုပ်စု ကွန်ဆိုင်း ကျေးရွာသို့ရောက်လာပြီး ကွန်ဆိုင်းကျေးရွာစာသင်ကျောင်းတွင် ညပေါင်းများစွာ ညအိပ်ရပ်နားပြီးနောက် တိလင်ကျေးရွာတွင် ၁ ညအိပ်ကာ မတ်လ ၂၈ ရက်နေ့တွင် နမ့်မိုကျေးရွာ သို့ရောက်ရှိလာခဲ့သည်။ စစ်ကောင်စီတပ်သားများသည် နမ့်မိုကျေးရွာ ဘုန်းကြီးကျောင်းတွင် ညအိပ်ပြီး ထိုနေ့ည ၆ နာရီတွင် ကျေးရွာသူကြီးကိုခေါ်ယူ၍ နမ့်မိုကျေးရွာတွင်ရှိသော အိမ်ထောင်စုစာရင်းများကိုမေးမြန်းခဲ့သည်။ နမ့်မို ရွာ တွင်အိမ်ထောင်စု ၆၃ စုရှိရာ အိမ်ထောင်စုတစ်စုလျှင် တစ်ဦးကျ မဖြစ်မနေ၄င်းတို့တပ်စခန်းကိုသုံးရက် အ တွင်း တည်ဆောက်ပေးရန် ခိုင်းစေခဲ့သည်။သို့သော် ရွာသူရွာသားများမှ နှစ်ရက်အတွင်းလူ ၁၀၆ ဦးဖြင့် အပြီးလုပ်ရန် ဆုံးဖြတ်ခဲ့ကျသည်။

မတ်လ ၃၁ ရက်တွင် စစ်ကောင်စီတပ်သားများသည် နမ့်မိုကျေးရွာဘုန်းကြီးကျောင်းမှ တပ်စခန်းအသစ် သို့ ပြောင်း ရွေ့ခဲ့ကျသည်။ အဆိုပါတပ်စခန်းသည်ခိုလမ်မြို့ရှိ စစ်ကောင်စီတပ်၏ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်နှင့် မိုင် နှစ်ဆယ်ခန့်သာကွာ၀ေးပြီး ယခုကဲ့သို့ စစ်ရေးတိုးချဲ့မှုအသစ်များကြောင့် ၄င်းတို့ဒေသတွင်း လူ့အခွင့်အရေးချိုးဖောက်ခံရမှုများပိုမိုဆိုးရွားလာမည်ကိုစိုးရိမ်နေကြသည်။

၂၀၂၁ ခုနစ်နို၀င်ဘာလတွင်ထုတ်ပြန်သော စစ်ကောင်စီ သယံဇာတနှင့်သဘာ၀ပတ်၀န်းကျင် ထိန်းသိမ်းရေး၀န်ကြီး ဌာန၏ တစ်နိုင်လုံးသယံဇာတတူးဖော်မှုခွင့်ပြုစာရင်းတွင် နမ့်စန်မြို့နယ် နောင်ဟီးကျေးရွာအုပ်စုတွင် တူးဖော်ရန်စီစဥ်နေသည့် စုစုပေါင်းဧက ၅၀၀ကျော် ကျယ်၀န်းသည့် ကျောက်မီးသွေးတွင်း ၅ခုလည်းပါ၀င်သည်။ အဆိုပါကျောက်မီးသွေးတွင်းအားလုံးသည် ငွေရည်ပုလဲ ကုမ္ပဏီ၏ လက်အောက်ခံ မန္တလေးဖြန့်ချီရေးနှင့် သတ္တုတူးဖော်ရေး ကုမ္ပဏီမှတူးဖော်ရန်ခွင့်ပြုချက်ရရှိထားခြင်းဖြစ်သည်။

ဒေသခံများ၏ပြောကြားချက်အရ ပြီးခဲ့သည့်လတွင် ကုမ္ပဏီတာ၀န်ရှိသူများက နမ့်စန်မြို့အာဏာပိုင်များအား ကျောက် မီးသွေးစမ်းသပ်မှုများကိုမကြာမှီစတင်တော့မည်ဟုအကြောင်း ကြားခဲ့ကြောင်းသိရသည်။

အသစ်တူးဖော်ရန်စီစဥ်နေသည့် ကျောက်မီးသွေးတွင်းဧရိယာသည် ဒေသခံတောင်သူလယ်သမားများ ၏အဓိက ၀င်ငွေဖြစ်သောပြောင်းစိုက်ပျိုးရာယာမြေပေါ်တွင်တည်ရှိနေရာ ၄င်းတို့အတွက်အထူးစိုးရိမ် စိတ်များဖြစ်လာစေသောရင်း မြစ်ဖြစ်နေသည်။

စစ်ကောင်စီ သယံဇာတနှင့်သဘာ၀ပတ်၀န်းကျင် ထိန်းသိမ်းရေး ဦးစီးဌာန၏ ၀က်ဆိုက်၏ဖော်ပြချက်များအရ ငွေရည်ပုလဲသည် လက်ရှိတွင် ရှမ်းပြည်မြောက်ပိုင်း၏ အကြီးဆုံးကျောက်မီးသွေးတူးဖော်ထုတ်လုပ်သူဖြစ်ပြီး ၄င်းတို့၏ သီပေါ၊တန့်ယန်းနှင့် မိုင်းရယ်မြို့များရှိကျောက်မီးသွေးတွင်းများသည် သဘာ၀ပတ်၀န်းကျင်နှင့် ဒေသခံများ၏ ကျန်းမာရေးနှင့်လူနေမှုဘ၀ကိုပြင်းထန်စွာထိခိုက်ဖျက်ဆီးလျက်ရှိသည်။

မန္တလေးဖြန့်ချီရေးနှင့် သတ္တုတူးဖော်ရေး ကုမ္ပဏီသည် လက်ရှိတွင် ရှမ်းပြည်တောင်ပိုင်းရပ်စောက်မြို့တွင်လည်း အခြားကျောက်မီးသွေးတွင်းတခုကို တူးဖော်နေသည်။

ဆက်သွယ်ရန်

စိုင်းဟော်ရှဲန်      +66 94-728-6696                   (ရှမ်း၊ အင်္ဂလိပ်)

စိုင်းဆန်လွယ်     +66: 88 680 4913                  (ရှမ်း၊ မြန်မာ)   

English version.


Download PDF: ShanBurmeseEnglish