CRPH နှင့် NUG ကို မထောက်ခံကြောင်း လက်မှတ်မထိုးဘဲ တိမ်းရှောင်နေသည့် NLD အမတ်၏ ဖခင် ဦးတင်အုန်းကို စစ်တပ်က သေနတ်ဖြင့် ၁၅ ချက် ပစ်ခတ်သတ်ဖြတ်

16 July 2021

CRPH နှင့် NUG ကို မထောက်ခံကြောင်း လက်မှတ်မထိုးဘဲ တိမ်းရှောင်နေသည့် NLD အမတ်၏ ဖခင် ဦးတင်အုန်းကို စစ်တပ်က သေနတ်ဖြင့် ၁၅ ချက် ပစ်ခတ်သတ်ဖြတ်

ရန်ကုန်၊ ဇူလိုင် ၁၆

By Khit Thit Media

ဦးတင်အုန်း၏ ရုပ်အလောင်း

စစ်ကောင်စီက CRPH နှင့် NUG ကို မထောက်ခံကြောင်း NLD အမတ်ကို ဖိအားပေး လက်မှတ်ထိုးခိုင်းရာတွင် မထိုးဘဲ တိမ်းရှောင်နေသည့် မကွေးတိုင်းဒေသကြီး လွှတ်တော်အမတ် ဦးရန်မျိုးအောင်၏ ဖခင်ဖြစ်သူကို ယနေ့ စစ်ကောင်စီတပ်များက ပစ်သတ်လိုက်ကြောင်း မိသားစုဝင်များနှင့် ဒေသခံများထံမှ သိရှိရသည်။

မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ် အမှတ် (၁)မ​ကွေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်မျိုး၏ ဖခင်ဦးတင်အုန်းအသက် ၆၇ နှစ်သည်  ယနေ့ ဇူလိုင်လ ၁၆ ရက်နေ့ နံနက် ၁၀ နာရီ သငှားကျေးရွာ ယာခင်းထဲတွင် အလုပ်လုပ်နေစဉ် အကြမ်းဖက်စစ်ကောင်စီတပ်များက လာရောက်ပြီး ပစ်ခတ်သတ်ဖြတ်သွားကြောင်း သိရှိရသည်။

“အကြမ်းဖက်စစ်ကောင်စီက စစ်သား၊ရဲ၊အရပ်ဝတ်နဲ့ကျေးရွာသတင်းပေး စုစုပေါင်းအယောက် ၂၀ လောက်က  သေနတ်အချက်ပေါင်း ၃၀ ကျော်ပစ်ခတ်ပြီး ဦးတင်အုန်းကို ဖမ်းဆီးပါတယ်။  ဦးခေါင်းနောက်စေ့၊ လည်ပင်းအပါဝင်သေနတ်ဒဏ်ရာ ၁၅ ချက်မှန်တယ်။ နေရာမှာပဲ ပွဲချင်းပြီး ဆုံးပါးသွားပါသည်။အလောင်းကို ဆင်ပေါင်ဝဲပြည်သူဆေးရုံသို့ ယူဆောင်သွားတယ်။ ရင်ကိုခွဲပြီး ဝမ်းတွင်းကလီစာများကို ထုတ်ယူထားပြီး အလောင်းကို ဒီနေ့ မွန်းလွဲ ၃ နာရီမှာ ပြန်လည်ယူဆောင်ခွင့်ပြုခဲ့ပါတယ်” ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ဦးတင်အုန်းသည် သားသမီး ၅ ဦးရှိပြီး ၎င်း၏ သားတစ်ဦး ဖြစ်သူ ဦးရန်မျိုးအောင်သည် ဆင်ပေါင်ဝဲမြို့နယ်မှ အမှတ် ၁ မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဖြစ်သည်။

“ဦးရန်မျိုးအောင်က ကျောင်းဆရာပေါ့။ နောက်မှ အမတ်အဖြစ် ရွေးကောက်ပွဲဝင်တာ။ သူက ၂၀၂၀ ရွေး ကောက်ပွဲမှာ အနိုင်ရတယ်။ အဲဒါစစ်​ကောင်စီဘက်က CRPH နဲ့ NUG ကို မထောက်ခံကြောင်း လက်မှတ်ထိုးခိုင်းတော့ မထိုးဘဲ ရှောင်နေတာ။ အဲဒါကို သူ့အဖေ ဦးတင်အုန်းကို လာပြီး ပစ်သတ်သွားတာပေါ့။ ဥပဒေမဲ့ သတ်ဖြတ်တာပါ။ ဒေသခံတွေကတော့ မခံမရပ်နိုင်ဖြစ်တာပေါ့” ဟု ဒေသခံတစ်ဦးက ဆိုသည်။

ဦးတင်အုန်း၏ ရုပ်အလောင်းသည် လက်ရှိတွင် နေအိမ် ပြန်လည် ရောက်ရှိနေပြီဖြစ်ပြီး ဇူလိုင်လ ၁၇ ရက်နေ့ သဂြိုလ်မည်ဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- စစ်ကောင်စီတပ်များက သေနတ်ဖြင့် ၁၅ ချက် ပစ်ခတ်သတ်ဖြတ်ခြင်းခံလိုက်ရသော ဦးတင်အုန်း။

English version.


Original Post: Khit Thit Media

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia