13 April 2021
By BBC Burmese
အသက် ၁၄နှစ် အရွယ်သာ ရှိသေးတဲ့ ပန်းအိဖြူဟာ ဒီမိုကရေစီအရေးမှာ တက်တက်ကြွကြွ ထောက်ခံသူ တစ်ယောက် ဖြစ်ပြီး TikTok မှာ ဒီမိုကရေစီသီချင်းပေါင်း မြောက်များစွာ သီဆိုတင်ဆက်ခဲ့သူ ဖြစ်ပါတယ်။
အမေဖြစ်သူ ဒေါ်သီတာစန်းက သမီးကို စိုးရိမ်လို့ လမ်းပေါ်ထွက် ဆန္ဒပြခွင့် မပြုခဲ့ပါဘူး။ ဒါပေမဲ့လည်း ဒီလို တားထားခဲ့တာတောင်မှ သမီးကို အသက်ဘေးကနေ မကယ်နိုင်ခဲ့ပါဘူး။
မတ်လ ၂၇ ရက်နေ့မှာ စစ်သားတွေရဲ့ လိုက်ပစ်လို့ ထွက်ပြေးလာကြတဲ့ ဆန္ဒပြသူတွေကို တံခါးဖွင့်ပေးဖို့ လုပ်နေရင်း သူ့အိမ်ထဲမှာပဲ ပန်းအိဖြူ သေနတ်ထိမှန် သေဆုံးခဲ့ရပါတယ်။
အဲဒီနေ့မှာ သူ့လို ကလေးငယ် ၁၁ ဦး အပါအဝင် လူ ၁၁၄ ဦးထက် မနည်း သေဆုံးခဲ့ပြီး ဒါဟာ စစ်တပ်က အာဏာသိမ်းခဲ့ပြီးကတည်းက လူအသေအပျောက် အများဆုံးနေ့ ဖြစ်ခဲ့ပါတယ်။
“ရုတ်တရက် သူလဲကျသွားတော့ ချော်လဲကျသွားတာလို့ပဲ ထင်လိုက်မိတယ်။ ဒါပေမယ့် သူ့ကျောက သွေးတွေထွက်လာတာ မြင်လိုက်ရတော့မှ သေနတ်မှန်သွားပြီဆိုတာ သိလိုက်တယ်”လို့ သူ့အမေ ဒေါ်သီတာစန်းက မျက်ရည်တွေကျရင်း ဘီဘီစီကို ပြောပြပါတယ်။
စစ်အာဏာသိမ်းခဲ့ပြီးကတည်းက လူအသေအပျောက် အများဆုံး ဖြစ်ခဲ့တဲ့ မတ်လ ၂၇ ရက်မှာ ပန်းအိဖြူ သူ့အိမ်ထဲမှာ သေနတ်ထိမှန် သေဆုံးခဲ့
ကျွန်မသမီးလေး မွေးတုန်းက ပန်းကလေးလို နုအိနေလို့ သူ့ကို ပန်းအိဖြူ ဆိုတဲ့ နာမည်ပေးခဲ့တာလို့ သူက ဆက်ပြောပါတယ်။
သူ့သမီးက အိမ်မှုကိစ္စတွေ ကူလုပ်ပေးတတ်သလို သူကြီးလာရင် မိဘမဲ့ ကလေးဂေဟာတစ်ခု ဖွင့်မယ် ဆိုပြီး ပြောလေ့ရှိတယ်လို့ ဒေါ်သီတာစန်းက ပြန်ပြောပြပါတယ်။
“သမီးမရှိတော့တဲ့ဘဝမှာ လူ့လောကထဲ နေချင်စိတ် မရှိတော့ပါဘူး။ သမီးအစား ကျွန်မပဲ သေလိုက်ချင်ပါတယ်”လို့ သူက ပြောပါတယ်။
ပန်းအိဖြူ သေဆုံးခဲ့မှုဟာ သူ့ရဲ့ မောင်လေး စိုင်းစိုင်း အပေါ်မှာလည်း အကြီးအကျယ် ရိုက်ခတ်ခဲ့ပါတယ်။ စိုင်းစိုင်းလေးဟာ သူ့အစ်မ ဆုံးတဲ့ ညက တစ်ညလုံး မအိပ်ဘဲ အစ်မရဲ့ TikTok တွေကို ထိုင်ကြည့်နေခဲ့တယ်” လို့ ဒေါ်သီတာစန်းက ပြောပြပါတယ်။
သူ့သမီး ဆုံးခဲ့ချိန်ကစလို့ သူတို့မိသားစု အဲဒီအိမ်ကနေ ပြောင်းခဲ့ကြပါတယ်။ သူတို့မိသားစုအပေါ် နောက်ထပ် ဘေးအန္တရာယ် ထပ်ကျလာမှာကို ဒေါ်သီတာစန်းက စိုးရိမ်နေတာပါ။
20 June 2025
Burmese Rohingya Organisation UK , Chin Human Rights Organization , Human Rights Foundation of Monland , Kachin Women’s Association Thailand , Karen Human Rights Group , Karen Peace Support Network , Karenni Civil Society Network , Karenni National Women’s Organization , Progressive Voice , RW Welfare Society
21 May 2025
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.