ပြည်သူများ အပေါ် စစ်ကောင်စီ၏ အကြမ်းဖက်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများကို အရေးယူနိုင်ရန် လွတ်လပ်ပြီး အမှီအခိုကင်းသည့် လူ့အခွင့်ရေးကော်မရှင်အသစ် တစ်ရပ် ဖွဲ့စည်းရန် လွတ်လပ်သော နိုင်ငံအဆင့် လူ့အခွင့်အရေးဌာနဆိုင်ရာ အရပ်ဘက်လူထုအဖွဲ့အစည်းများ အလုပ်အဖွဲ့ (မြန်မာ) မှ လုပ်ဆောင်သွားမည်ဟု ဖေဖော်ဝါရီ ၁၈ ရက်က အွန်လိုင်းသတင်းစာရှင်းလင်းပွဲမှ သိရသည်။
“သီးခြားလွတ်လပ်တဲ့ လူ့အခွင့်အရေးကော်မရှင် တစ်ရပ် လိုအပ်နေသလိုပဲ ကျွန်မတို့ နိုင်ငံတကာမှာ စစ်အုပ်စုရဲ့ ချိုးဖောက်နေတဲ့ ကိစ္စတွေကို ကိုယ်စားပြု ပြောဆိုတာတွေ၊ ပြည်သူလူထုအားလုံးရဲ့ လူ့အခွင့်အရေးကို ကျောသား၊ ရင်းသား မခွဲခြားဘဲနဲ့ ဘယ်အစိုးရတက်တက်၊ ဘယ်အဖွဲ့အစည်းပဲ ဖြစ်ဖြစ် သူတို့ရဲ့ ထိန်းချုပ်မှု မပါဝင်ဘဲနဲ့ လွတ်လပ်ပြီး တရားမျှတမှုတွေ ပေးနိုင်ဖို့ လိုအပ်ပါတယ်” အဆိုပါအဖွဲ့ တာဝန်ရှိသူ မဇီပီက ပြောသည်။
လက်ရှိတွင် အလုပ်အဖွဲ့ (မြန်မာ)မှ နိုင်ငံအဆင့် သီးခြားလွတ်လပ်သော လူ့အခွင့်အရေး ကော်မရှင် တစ်ရပ် ဖြစ်ပေါ်ရေး အတွက် နိုင်ငံတကာ အကြံပေးအဖွဲ့များဖြင့် ပူးပေါင်း၍ ဥပဒေကြမ်းကို ရေးဆွဲထားပြီး ဖြစ်သည်ဟုလည်း သိရသည်။
မြန်မာပြည်သူများ လူ့အခွင့်အရေးချိုးဖောက်ခံရမှုများအတွက် အကာအကွယ် အပြည့်အဝ ပေးနိုင်ရန် သီးခြားလွတ်လပ်သော လူ့အခွင့်အရေး ကော်မရှင် တစ်ရပ် ဖြစ်ပေါ်ရန်နှင့် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် (MNHRC) အား အရှေ့တောင်အာရှ ကွန်ရက်များမှပါ အပြီးသတ်ဖယ်ရှားနိုင်ရန် နိုင်ငံတကာအဖွဲ့အစည်းများအား တိုက်တွန်းသွားမည်ဟုလည်း သိရသည်။
စစ်ကောင်စီ လက်အောက်ခံ လူ့အခွင့်အရေးကော်မရှင် (MNHRC) သည် GANHRI အဖွဲ့မှ ဖယ်ရှားလိုက်သော်လည်း နိုင်ငံအဆင့် လူ့အခွင့်အရေးကော်မရှင်များဆိုင်ရာ အာရှပစိဖိတ်ဖိုရမ်နှင့် အရှေ့တောင်အာရှနိုင်ငံအဆင့် လူ့အခွင့်အရေးဌာနများ ဖိုရမ်တို့တွင် ပါဝင်နေဆဲ ဖြစ်သည်။
“စစ်တပ်ကျုးလွန်သမျှ ကာကွယ်နေတာတောင်မှ နိုင်ငံတကာမှာ ပါဝင်နေနိုင်သေးတယ်ဆိုတာက ဘယ်လူ့အခွင့်အရေး စံချိန်စံညွှန်းတွေနဲ့မှ ကိုက်ညီမှု မရှိဘူး” ဟု မဇီပီက ပြောသည်။
အာဏာသိမ်း စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို အကာအကွယ်ပေးနေသည့် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို ကမ္ဘာလုံးဆိုင်ရာ နိုင်ငံအဆင့်လူ့အခွင့်အရေးဌာနများမဟာမိတ်အဖွဲ့ (Global Alliance of National Human Rights Commission – GANHRI) က ဇန်နဝါရီ ၁၆ ရက်တွင် ဖယ်ရှားကြောင်း ထုတ်ပြန်ခဲ့သည်။
ထိုသို့ ထုတ်ပြန်ပြီးနောက်တွင် စစ်ကောင်စီမှ အဆိုပါ ကော်မရှင်တွင် ပါဝင်သည့် လူဟောင်းများဖြင့် မြန်မာ့အမျိုးသားလူ့အခွင့်အရေးကော်မရှင် အသစ်ကို ပြန်လည်ဖွဲ့စည်းခဲ့သည်။
ယခင် ကော်မရှင်မှ လူဟောင်းများဖြင့် ပြန်လည်ဖွဲ့စည်းထားသည့် ကော်မရှင် အသစ်အား အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မှ အသိအမှတ် မပြုဟု ဖေဖော်ဝါရီ ၁၃ ရက်က ထုတ်ပြန်ခဲ့သည်။
ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်အတွင်း ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာများအား အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ကျူးလွန်ခဲ့သည့် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် နှင့် ဒုတိယဗိုလ်ချုပ်မှုးကြီး စိုးဝင်းတို့အပါအဝင် စစ်တပ်အရာရှိ ၂၃ ဦးအား အာဂျင်တီးနားတရားရုံးမှ ဖေဖော်ဝါရီ ၁၄ ရက်တွင် ဖမ်းဝရမ်း ထုတ်ပြန်ခဲ့သည်။
အာဏာသိမ်းစစ်ကောင်စီ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် လေးနှစ်တာကာလအတွင်း အပြစ်မဲ့ပြည်သူ ၆၂၉၁ ဦး သေဆုံးခဲ့ပြီး ၂၈၆၁၁ ဦးမှာ အတင်းအဓမ္မ ဖမ်းဆီးခံထားရသည်ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေး အသင်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပုံစာ – ဖေဖော်ဝါရီ ၁၀ ရက် ညသန်ခေါင်ယံအချိန် မိုးကုတ်မြို့အနောက်ပိုင်း စစ်ကောင်စီတပ်မှ ဗုံးကြဲခံရစဉ် (TNLA)