ထိုင်းလွှတ်တော်တွင်ကျင်းပသည့် မြန်မာ့အရေးဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးခဲ့သည့် ရှေ့ပြေးအသံအဖွဲ့ (Progressive Voice Myanmar) တည်ထောင်သူဒေါ်ခင်ဥမ္မာနှင့် ဆက်သွယ်မေးမြန်းချက်။

March 6th, 2024  •  Author:   Karen Information Center  •  1 minute read
Featured image

ထိုင်းနိုင်ငံအမျိုးသားလုံခြုံရေးကော်မတီကဦးဆောင်ပြီး မြန်မာ့အရေးဆွေးနွေးပွဲတရပ်ကို စစ်ကောင်စီအပါအဝင်၊ စစ်တပ်အတိုက်အခံဖြစ်သည့် အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)၊ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့ခေါင်းဆောင်များ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ကျောင်းသားသမဂ္ဂခေါင်းဆောင်များပါ ဖိတ်ခေါ်၍ ထိုင်းလွှတ်တော်အတွင်း၌ ပြီးခဲ့သည့် မတ်လ ၂ ရက်နေ့နှင့် ၃ ရက်နေ့တို့တွင် ပြုလုပ်ကျင်းပခဲ့ပါသည်။

အဆိုပါ မြန်မာ့အရေးဆွေးနွေးပွဲတွင် နယ်စပ်ဖြတ်ကျော် လူသားချင်းစာနာမှုအကူအညီပေးရေး၊ ထိုင်း-မြန်မာ နယ်စပ်လုံခြုံရေးအပေါ် အကျိုးသက်ရောက်မှု စသည်တို့နှင့် ပတ်သက်ပြီး အဓိကထား ဆွေးနွေးခဲ့‌ကြကြောင်း သိရသည်။

မြန်မာကိုယ်စားလှယ်များဘက်မှ ထိုင်းလွှတ်တော်သို့ တင်ပြအဆိုပြု ဆွေးနွေးချက်များ၊ ထိုင်းလွှတ်တော်ဘက်မှ သဘောထားနှင့် ထိုင်းနိုင်ငံ၏ စိုးရိမ်ချက်၊ သုံးသပ်ချက်များအား သိရှိနိုင်ရန် ဆွေးနွေးတွင် ပါဝင်ဆွေးနွေးခဲ့သူတစ်ဦးဖြစ်သည့် ရှေ့ပြေးအသံအဖွဲ့တည်ထောင်သူ (Progressive Voice Myanmar) ဒေါ်ခင်ဥမ္မာနှင့် ဆက်သွယ်မေးမြန်းခဲ့ပါသည်။

မေး။ ။ ထိုင်းလွှတ်တော်ဘက်ကို ဘာတွေတင်ပြဆွေးနွေးခဲ့ပါလဲ။ လွှတ်တော်ဘက်က သဘောထားကရော ဘယ်လိုရှိပါလဲ။

ဖြေ။ ။ ထိုင်းလွှတ်တော်ရဲ့အစည်းအဝေးက ထိုင်းနိုင်ငံရဲ့အမျိုးသားလုံခြုံရေးကော်မတီကနေပြီးတော့ လုပ်တာမှာ ကျမတို့ဆွေးနွေးပြောပြတဲ့အပေါ်မှာ သူတို့ဘက်က နားလည်တယ်လို့ ကျမမြင်တယ်။ လွှတ်တော် အမတ်တွေ လာတယ်။ အစိုးရပိုင်းဆိုင်ရာ တာဝန်ရှိသူတွေ၊ တခြားနိုင်ငံရေးပါတီက လွှတ်တော်အမတ်တွေ၊ စီးပွားရေးနယ်ပယ်ကသူတွေနဲ့ နိုင်ငံတကာအဝန်းအဝိုင်းလည်း လာတယ်ပေါ့နော်။ ကျမတို့ မြန်မာပြည်ဘက်က လူတွေရောပေါ့။ သူတို့ လုပ်ဖို့မလုပ်ဖို့ အကြံပြုထားတာအပေါ်မှာ သူတို့နားလည်မယ်ထင်တယ်။ လူသားစာနာ အကူအညီကို လုပ်တာက ထိုင်းအစိုးရကလုပ်တာလေ။ လွှတ်တော်အစည်းအဝေးမှာ နိုင်ငံခြားရေးဝန်ကြီးဘက်က မလာဘူး။ သူ့ကိုသတင်းပါးပေးပါဆိုပြီး ကျမတို့ တင်ပြလိုက်တယ်။

တကယ်ဒုက္ခရောက်နေတဲ့ စစ်ဘေးရှောင်တွေဆီ အကူအညီရောက်စေချင်တယ်ဆိုရင်တော့ ဒီလိုဒုက္ခရောက် စေတဲ့ စစ်အုပ်စုဆီကနေတဆင့် သွားတာ ပူးပေါင်းဆောင်ရွက်တာ စစ်အုပ်စုရဲ့လက်ဝေခံ ဩဇာခံ စစ်အုပ်စု ခိုင်းသမျှ လုပ်ပေးရတဲ့ မြန်မာ့ကြက်ခြေနီနဲ့အတူ အလုပ်မလုပ်ဖို့ပေါ့နော်။ မြန်မာ့ကြက်ခြေနီကို ဦးဆောင်သူတွေ က စစ်တပ်ဘက်ကဖြစ်ပြီး တာဝန်ယူမှုတာဝန်ခံမှု မရှိဘဲ စစ်တပ်အကြိုက်လိုက်လုပ်ရတော့ ထိုင်းကြက်ခြေနီ အနေနဲ့လည်း နာမည်ကျမယ်။ ထိုင်းကြက်ခြေနီ ဆိုတာက ဟိုးအရင်ထိုင်းဘုရင့်သမီးတော်ကနေ ဦးဆောင်တာ ဖြစ်တယ်။ သူဦးဆောင်တဲ့ ထိုင်းကြက်ခြေနီ အသင်းက သွေးစွန်းနေတဲ့ စစ်ကောင်စီလက်ရဲ့ ထိန်းချုပ်ခံနေရတဲ့ မြန်မာ့ကြက်ခြေနီအဖွဲ့နဲ့ လူထုထောက်ခံမှု မရှိတဲ့အဖွဲ့နဲ့ သွားလုပ်မယ်ဆိုရင် ထိုင်းကြက်ခြေနီအနေနဲ့ နာမည် ပျက်မယ်။ စစ်အုပ်စုကနေ ဆက်လုပ်မယ့် အကြမ်းဖက်မှုတွေမှာလည်း အားပေးသလို ဖြစ်လိမ့်မယ်။

စစ်အုပ်စုက လူသားစာနာအကူအညီကို လက်နက်သဖွယ် အသုံးပြုမယ့်ကိစ္စမှာလည်း အားပေးရာရောက်မယ် ဆိုတာကို ကျမတို့ဆွေးနွေးကြတော့ သူတို့အနေနဲ့ တော်တော်လေးနားလည်ကြတယ်လို့ မြင်တယ်။ ဘာလို့လဲ ဆိုတော့ ပြောကြတဲ့သူအားလုံးက နောက်ပိုင်း ထပ်ဆွေးနွေးကြတဲ့အခါ မြန်မာ့ကြက်ခြေနီရဲ့အနေအထားက မကောင်းဘူးဆိုတာကို ဆွေးနွေးဖြစ်ကြတယ်။ သူတို့သဘောထားက ကျမတို့နဲ့မကွာဘူးလို့ ထင်တယ်။ ဒါပေမဲ့ ထိုင်းအစိုးရဘက်က ဆုံးဖြတ်ချက်ချတဲ့ဟာ ဖြစ်တဲ့အခါကြတော့ လွှတ်တော်နဲ့ ကျမတို့နဲ့ ရပ်တည်ချက် တူတယ်ဆိုရင်တောင်မှ အစိုးရကို သဘောထားပြောင်းအောင် နားချရဦးမှာတော့ ရှိမယ်။ သဘောထား ပြောင်းအောင် လွှတ်တော်ဘက်က ဆွေးနွေး ညှိနှိုင်းတာတွေ လုပ်ရဦးမယ်လို့ မြင်တယ်။

မေး။ ။ ထိုင်းဘက်က စစ်ကောင်စီအပါအဝင်ပေါ့နော် သူနဲ့အတိုက်အခံအဖွဲ့ဖြစ်တဲ့ NUG နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ကို ဖိတ်ခေါ်ခဲ့တဲ့အပေါ် ဒေါ်ခင်ဥမ္မာရဲ့အမြင်ကို ပြောပြပေးပါ။

ဖြေ။ ။ ထိုင်းဘက်ကနေလည်း နိုင်ငံရေးအရ တရားဝင်မှုရှိတဲ့ NUG တို့ တိုင်းရင်းသားလက်နက်ကိုင်တွေ၊ ခေါင်းဆောင်တွေကို ဖိတ်တယ်ပေါ့နော်။ လွှတ်တော်ထဲမှာ ဒီလိုမျိုးအစည်းအဝေး သေချာလုပ်တယ်ဆိုတာက ထိုင်းလွှတ်တော်သည် သူတို့ရဲအမျိုးသားကာကွယ်ရေး၊ လုံခြုုံရေးအရ ကိုင်တွယ်ဖြေရှင်းရတဲ့အခါ ထိုင်းနိုင်ငံ အတွင်းမှာ မြန်မာနိုင်ငံကစစ်အုပ်စုရဲ့ အကြမ်းဖက်မှုပြဿနာဟာ သူ့ရဲ့ထိုင်းနိုင်ငံအတွင်းက လုံခြုံရေးကိုပါ နှောင့်ယှက်မှု၊ ထိပါးမှု အကျိုးသက်ရောက်မှု ဖြစ်နေပြီဆိုတာမြင်လို့ ဒါမျိုးဆွေးနွေးတာတွေ လုပ်ရတာဖြစ်တယ်။

မေး။ ။ ပြည်သူ့စစ်မှုထမ်းဥပဒေ အသက်သွင်းပြဌာန်းပြီးနောက်ပိုင်း ထိုင်းနိုင်ငံထဲကို မြန်မာနိုင်ငံကလူငယ် အများအပြား ဝင်ရောက်လာနေတာလည်းရှိတော့ ထိုင်းနိုင်ငံရဲ့အခြားသော စိုးရိမ်ချက်တွေကရော ဘာတွေ ဖြစ်မလဲ။

ဖြေ။ ။ သူတို့နိုင်ငံထဲကို မြန်မာပြည်ကလူတွေ အများကြီးရောက်လာတာ ပျော်လို့ထွက်ပြေးလာကြတာ မဟုတ်ဘူး။ စစ်အုပ်စုက အကြမ်းဖက်တာကိုခံရလို့ ထွက်ပြေးလာကြတဲ့အပေါ်မှာ သူတို့ဘက်ကကြည့်ရင် လူတွေ အများကြီးရောက်လာတယ်။ သူတည်ဆောက်ထားတဲ့ လူ့အသိုင်းအဝိုင်းမှာ စိန်ခေါ်ချက်တွေ ဖြစ်နိုင်တယ်။ ပြီးတော့ ရောဂါဘယတွေ လုံခြုံရေးအရ ကျန်းမာရေးအရ စောင့်ရှောက်ခံရမှာ မရှိဘဲ ပုန်းခိုပြီး အဖမ်းခံရမှာ ကြောက်လို့ နေနေရတဲ့အခါ နောက်ဆက်တွဲ ပြဿနာတွေ အများကြီးဖြစ်လာတာက ထိုင်းနိုင်ငံရဲ့ ပြည်သူတွေရဲ့ ကျန်းမာရေးစနစ်အပေါ် အကျိုးသက်ရောက်မှုတွေ ဖြစ်လာမယ်။ လူတွေအများကြီး ရောက်လာတော့ လူမှုရေး ပြဿနာတွေ အများကြီးဖြစ်မယ်။ အိမ်တွင်းအကြမ်းဖက်မှု ဖြစ်တဲ့အခါမှာလည်း သူတို့နိုင်ငံရဲ့ဥပဒေအရ တရားဝင်မှုအောက်မှာ ရှိမနေဘူးဆိုရင် နောက်ဆုံး ရန်ဖြစ်လို့ ထသတ်ကြတယ်ဆိုရင်တောင်မှ ထိုင်းဥပဒေမှာ မရှိထားဘူးဆိုရင် ဒီလိုဆိုးကျိုးတွေကို ကိုင်တွယ်ဖြေရှင်းရတာ ခက်ခဲတယ်။ ဒါကြောင့် သူတို့ဒီလိုဖြေရှင်းရတာလို့ ကျမမြင်တယ်။

မေး။ ။ ဒေါ်ခင်ဥမ္မာအနေနဲ့ရော ထိုင်းလွှတ်တော်ဘက်ကို ဘာတွေအကြံပေး ဆွေးနွေးခဲ့သေးပါလဲ၊ သိပါရစေ။

ဖြေ။ ။ မြန်မာနိုင်ငံက လူတွေအများကြီးရောက်လာရင် သူတို့အနေနဲ့ အလုပ်သမားတွေ အများကြီးရတာတော့ မှန်တယ်။ ဒါပေမဲ့ နောက်ဆက်တွဲကိစ္စတွေ အများကြီးရှိတော့ သူတို့အနေနဲ့ နယ်စပ်ကုန်သွယ်ရေးတွေလည်း မပိတ်ချင်ဘူးလေ။ ဆိုတော့ သူတို့ကို ကျမကအကြံပေးခဲ့တာက နယ်စပ်ကုန်သွယ်ရေးကို ထိုင်းနိုင်ငံတင်မက ကျမတို့ပြည်သူတွေလည်း လိုအပ်တော့ ကုန်သွယ်ရေး မပြတ်သွားရအောင် နယ်မြေအလိုက် အုပ်ချုပ်ရေး တာဝန်ယူထားတဲ့ KNU လို IEC ကရင်နီလို ဒေသခံအစိုးရတွေနဲ့ တိုက်ရိုက် ချိတ်ဆက်ပြီးတော့ ကုန်သွယ်ရေးကို လုပ်ပါ။ နေပြည်တော်မှာရှိနေတဲ့ တရားမဝင် စစ်အုပ်စုနဲ့ ချိတ်ဆက်နေတာကို ရပ်လိုက်ပါတော့။ ကရင်လား၊ ကရင်နီလား နယ်မြေအရ အားလုံးမှာ နယ်မြေစိုးမိုးမှုယန္တရားတွေ ရှိနေတော့ ထိုင်းကစီးပွားရေးသမားတွေ အနေနဲ့လည်း နယ်စပ်ကုန်သွယ်ရေးကို KNU၊ KNPP စသဖြင့် ဒေသအလိုက် အစိုးရတွေနဲ့ လုပ်ကိုင်သင့်တယ်လို့ အကြံပေးခဲ့ပါတယ်။

မေး။ ။ အထက်မှာပြောသွားတဲ့ ထိုင်းနိုင်ငံအနေနဲ့ စိုးရိမ်ချက်တွေလျော့ပါးသွားပြီး တော်လှန်ရေးအတွက် အကျိုးမြတ်ရရှိအောင် NUG အပါအဝင် တခြားသော ထိုင်းနဲ့နယ်နမိတ်ထိစပ်နေတဲ့ တော်လှန်ရေးအင်အားစုတွေ အနေနဲ့ ဘာတွေလုပ်သင့်တယ်လို့ မြင်ပါလဲ။

ဖြေ။ ။ ထိုင်းနိုင်ငံအနေနဲ့ သူတို့ရဲ့နယ်မြေ နယ်စပ်လုံခြုံရေးကို ထိပါးလာမယ့် စိုးရိမ်ချက်တွေ လျော့ပါး သွားအောင် လုပ်မယ်ဆိုရင် NUG, NUCC, KNU, IEC, မွန်ပြည်သစ် စတဲ့ တော်လှန်ရေးအင်အားစုတွေ သူတို့နဲ့နယ်စပ်ချင်း ဆက်သွယ်နေရတဲ့ နေရာမှာရှိတဲ့ တော်လှန်ရေးအင်အားစုတွေက ထိုင်းနဲ့ပေါင်းပြီးတော့မှ ပူးပေါင်းလုပ်ဆောင်အောင် အဆိုပြုကမ်းလှမ်းသင့်တယ်။ နောက်ပြီးတော့ ရွှေကုက္ကိုလ်တို့မှာလိုမျိုး နယ်စပ်မှာ တရားမဝင် စီးပွားရေးတွေကို လာလုပ်နေတဲ့ အွန်လိုင်းစီးပွားရေးတွေလိုမျိုး တရားမဝင်စီးပွားရေးတွေနဲ့ လာလုပ်နေတာက ထိုင်းနိုင်ငံရဲ့ တရားဝင်စီးပွားရေးအပေါ်မှာလည်း ပျက်စီးယိုင်နဲ့စေတယ်။ အဲ့ဒါမျိုး မဖြစ်ရအောင် ထိုင်းကို KNU ကနေပြီးတော့ ဒီ Scam Business တွေ ပပျောက်ဖို့အတွက် တိုက်ဖျက်ဖို့အတွက် ပူးပေါင်းလုပ်ဆောင်မယ်လို့ စာထုတ်တဲ့ကိစ္စအပေါ်မှာ ဒါမျိုးလုပ်တာတွေက အရမ်းကောင်းတယ်။

ထိုင်းအစိုးရကို နယ်စပ်ဖြတ်ကျော်ပြီးတော့မှ တရားမဝင် စီးပွားရေးတွေမှာ ကိုယ့်ဘက်ကနေ ပူးပေါင်းပါဝင် တိုက်ဖျက်မယ်လို့ ပြောဆိုပြီးတော့ ပူးပေါင်းပါဝင်မှုတွေနဲ့ ဆောင်ရွက်သင့်တယ်။ သူတို့ရဲ့အကူအညီတွေလည်း ယူသင့်တယ်။ ကိုယ့်နယ်မြေမှာ တရားဥပဒေ ပိုပြီးအားကောင်းလာအောင် ထိုင်းနိုင်ငံဘက်ကလည်း ဝိုင်းကူပေးလို့ရတယ်။ ဒါမျိုးတွေလည်း ကိုယ့်ဘက်က လုပ်ဖို့လိုတယ်ပေါ့နော်။ ပြီးတော့ လူကုန်ကူးမှုကိစ္စတွေ အခုက တခြားအာဖရိ ကလို နေရာကတောင်မှ မြန်မာနိုင်ငံဘက်ကို လူကုန်ကူးခံရပြီးတော့ တရားမဝင် စီးပွားရေးတွေမှာ ဖမ်းဆီးထားပြီး ညှင်းပန်းနှိပ်စက်ခံနေရပြီး ခိုင်းစေခံနေရတဲ့ နိုင်ငံတကာရာဇဝတ်မှု ကျူးလွန်နေတဲ့ ကိစ္စတွေက တိုင်းရင်းသားဒေသတွေမှာ ဖြစ်နေတာကို ဒေသခံတိုင်းရင်းသား တော်လှန်ရေး ဦးဆောင်သူတွေ အစိုးရတွေက ပူးပေါင်းဖြေရှင်းပေးဖို့ လိုတယ်။ ဒီလိုဆိုရင် ထိုင်းဘက်ကနေ စိုးရိမ်မှုတွေ လျော့ကျပြီး ကိုယ်နဲ့အတူတူ ပူးပေါင်း ဆောင်ရွက်မှုတွေ မြင့်တက်လာလိမ့်မယ်လို့ မြင်ပါတယ်။


Original post.