ခင်မောင်စိုး (ဝါရှင်တန်ဒီစီ) | 2023.04.22
မြန်မာ့သမိုင်းမှာ ဆရာ ဗန်းမော်တင်အောင်၊ ဆရာမြသန်းတင့်၊ ဆရာ ဦးဝင်းတင်၊ ဆရာ မောင်သော်က တို့လို နိုင်ငံရေးသမား စာရေးဆရာတွေနဲ့အတူ အဆိုတော် တူးတူး၊ ဖြိုးဇေယျာသော်၊ ချစ်သုဝေ၊ ပိုင်ဖြိုးသုနဲ့ ဒေါင်း တို့လို ပြည်သူ့နဲ့အတူရပ်တည်ခဲ့ ရပ်တည်ဆဲ အနုပညာသမားတွေကို အထင်ကရ မြင်ရသလို ပြည်သူ့ဘက်က ဘယ်သောအခါကမှ မရပ်ခဲ့တဲ့သူ၊ အရေးတော်ပုံတွေအစမှာ ရေတက်ငါးစင်ရိုင်းတွေလို ရှေ့ဆုံးက အလံကိုင်ကြပြီး လူထုဖိနှိပ်ချေမှုန်းခံရတဲ့ကာလတစ်ခုမှာ စစ်အာဏာရှင်တွေနဲ့ ပူးပေါင်းသွားကြသူတွေကိုလည်း မြင်ရလေ့ရှိပါတယ်။
အဲဒီလိုလူထုကျောခိုင်းသွားသူတွေကို လူထုကလည်း သူတို့တတ်နိုင်တဲ့နည်းနဲ့ ပြန်လည်ဆန့်ကျင် ဒဏ်ခတ်လေ့ရှိပါတယ်။
ပြီးခဲ့တဲ့သင်္ကြန်ရက်ပိုင်းကလည်း အာဏာသိမ်းစစ်ကောင်စီနဲ့ သွားရောက်ပူးပေါင်းတဲ့ အနုပညာသမားတချို့ကို ပြည်သူတွေက လူမှုစာမျက်နှာတွေကနေ ကျယ်ကျယ်ပြန့်ပြန့် ပြစ်တင်ရှတ်ချခဲ့ပါတယ်။
Generation Wave မျိုးဆက်သစ်အဖွဲ့ခေါင်းဆောင် ကိုမိုးဃ်သွေး က အနုပညာရှင်တွေဟာ သူတို့သမိုင်းကို သူတို့ကိုယ်တိုင်ရေးနေကြတာပဲလို့ ဝေဖန်ပါတယ်။
“သင်္ကြန်မတိုင်ခင်က ထင်ရှားတဲ့ အဆိုတော် နှစ်ယောက်က ထိုင်းနိုင်ငံက ပြန်လာပြီး စစ်အုပ်စုဆီမှာ ခံဝန်လက်မှတ်ထိုးလိုက်တယ်။ သူတို့က ထူးခြားတာက စစ်အုပ်စုက ကမကထလုပ်ပြီးကျင်းပတဲ့ ကာကွယ်ရေးဝန်ကြီးဌာနကလုပ်တဲ့ မဏ္ဍပ်မှာ ပါဝင်ပြီးတော့မှသွားရောက်တယ် ဖျော်ဖြေတယ် အဲ့ဒါအပြင် တော်လှန်ရေးကို ပုံဖျက်တဲ့ သီချင်းပေါ့ မဟုတ်တမ်းတရားတွေရေးထားတဲ့သီချင်းတွေကို ဆိုတယ်ပေါ့။ ဒါကကျတော့ ဘာဖြစ်သွားလဲဆိုတော့ စစ်အုပ်စုရဲ့ဝါဒဖြန့်ချီရေး ယန္တရားမှာ ပါဝင်ဆောင်ရွက်တာမျိုး ဖြစ်သွားတယ်။ တော်လှန်ရေးအစ လူထုလှုပ်ရှားမှုတွေ ဆန္ဒပြပွဲတွေဖြစ်တဲ့အခါမှာ အနုပညာရှင်တွေ အားလုံးလိုလို ပါဝင်ကြတယ်။ အဲ့နေရာမှာ မတရားဘူးလို့ခံစားချက်နဲ့ပါဝင်တဲ့သူတွေရှိသလို တချို့ကလည်း အများလူထုကြီးပါနေတယ် ကိုယ့်အသိုင်းအဝိုင်းကလူတွေလည်းပါနေလို့ ကိုယ်လည်း ဝင်ပါလိုက်မယ်ဆိုတဲ့စိတ်မျိုးနဲ့ ပါတဲ့သူတွေလည်းရှိကြတယ်။ တော်လှန်ရေးတစ်ခုကို ဖြတ်သန်းတဲ့အခါမှာကျတော့ အခက်အခဲ ဒုက္ခများစွာ ကြုံရမှာဖြစ်တယ်။ ဒါတွေကို ရေရှည်ဘယ်သူဟာ ဘယ်လောက်ဖြတ်သန်းခဲ့လဲ ဘယ်လောက်ထိအနစ်နာခံခဲ့သလဲ ဘယ်လောက်ထိ နိုင်ငံအကျိုး လူထုအကျိုး၊ တော်လှန်ရေးရဲ့ အကျိုးကို ဘယ်လောက်ထိ သယ်ပိုးခဲ့လဲ ဒါကတော့ ပွဲပြီးတဲ့အထိ စောင့်ကြည့်ပြီးမှ ဆုံးဖြတ်ပေးရမှာဖြစ်တယ်။”
နိုင်ငံရေးသမား စာရေးဆရာ ဦးကြီးမြင့်ကလည်း အခုလို ဘက်ပြောင်းတတ်သူတွေကို ၁၉၈၈ အရေးတော်ပုံကတည်းက အထင်အရှားမြင်ခဲ့ရတယ်လို့ ပြောပါတယ်။
“နာမည်ကြီးမင်းသားတွေ အနုပညာရှင်တွေဟာ ၈၈ မှာလည်း တခါတည်းကို ပါခဲ့တာပဲ။ ပါခဲ့ပြီးတော့ ရှေ့ဆုံးတန်းက ပါခဲ့တော့ ပြည်သူတွေက တခဲနက် ထောက်ခံတာပဲ။ အဲ့နာမည်အကြီးဆုံးဆိုတဲ့လူတွေပဲ နောက်ပိုင်းကျတော့ အခုခေတ်စကားနဲ့ပြောရရင်တော့ ဘောမတွေပြန်ဖြစ်သွားတာပေါ့။ တချို့လည်းသေပြီ တချို့လည်း အခုထက်ထိရှိပါသေးတယ်။”
ကဗျာဆရာ စောဝေကတော့ သူ့နည်းတူ နွေဦးတော်လှန်ရေးနောက်ခံအကြောင်းပြချက်နဲ့ အမေရိကန်ပြည်ထောင်စုကို ခိုလှုံရောက်ရှိခဲ့တဲ့ အနုပညာသမားတွေထဲက လူတချို့ မြန်မာပြည်သူတွေကို ကျောခိုင်းသွားတာဟာ ရှက်စရာပါပဲလို့ ပြစ်တင်ရှုတ်ချလိုက်ပါတယ်။
“ညီညီညွတ်ညွတ်နဲ့လုပ်မှသာ ဒီနွေဦးတော်လှန်ရေးအောင်မြင်မယ်ဆိုတာကို လူတိုင်းရဲ့စိတ်နှလုံးမှာ ရှိတယ် သို့သော် အနုပညာသမားတချို့က ပြည်သူလူထုက သတ်မှတ်နေရာပေးခဲ့တာကို တတိယနိုင်ငံကြီးရောက်မှ ကျည်ကွယ်၊ မျက်ကွယ်ရောက်မှ ကိုယ့်တိုင်းပြည်အတွက် ဘာမှမလုပ်ပေးတဲ့အပြင် ပြည်သူကိုသစ္စာဖောက်ရုံတင် မဟုတ်ဘူး။ ပြည်သူကိုချနင်းပြီးတော့ ပြည်သူတွေရဲ့ ဆန္ဒအမှန် ပြန်လည်ရရှိရေးအတွက်လုပ်နေတဲ့ ဒီနွေဦးတော်လှန်ရေးပုံရိပ်ကို အရုပ်ဆိုးအောင် လုပ်နေတာ အင်မတန်မှ ရက်စက်ယုတ်မာတဲ့ လုပ်ရပ်ဖြစ်တယ်။”
အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျယ်လိစ်မြို့က ပြည်သူ့ဂုဏ်ရည်အဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ မြန်မာ့အရေးတက်ကြွသူ ကိုကျော်၀ဏ္ဏကလည်း အနုပညာသမားတွေရဲ့ ယုံကြည်ချက်ကို အခုလို မေးခွန်းထုတ်ပါတယ်။
“အနုပညာရှင်တွေလည်း ပြည်သူထဲက ပြည်သူပဲလေ။ သူတို့မတရားတာမကြိုက်ဘူး၊ မမှန်တာ မကြိုက်ဘူး။ အဲ့ဒါကြောင့်မို့လို့ တရားတာ မှန်တာဘက်က ရပ်တည်တယ်၊ ယုံကြည်တယ်ဆိုလို့ရှိရင် ဒီယုံကြည်ချက်က ခိုင်မြဲရမှာပေါ့။ ယုံကြည်ချက်ဆိုတာမျိုးက လိုအပ်ရင် အသက်နဲ့တောင်လဲရတာမျိုးလေ။ ဝင်စို့ထွက်စို့လုပ်လို့ရတာမျိုးမှ မဟုတ်တာ။ အဲ့တော့ ဒါတွေကသူတို့သမိုင်းပဲလို့ပြောချင်ပါတယ်။”
ဒီရက်ပိုင်းမှာပဲ ထင်ရှားတဲ့ စာနယ်ဇင်းသမားတစ်ဦးနဲ့ အနုပညာရှင် သုံးဦးကို စစ်ကောင်စီက ဖမ်းဆီးအရေးယူတဲ့ သတင်းလည်း ပေါ်ထွက်ပါတယ်။
မြန်မာ့နိုင်ငံရေးသမိုင်းမှာ ယုန်နဲ့အတူပြေး ခွေးနဲ့အတူလိုက်ဆိုတဲ့ စကားပုံအတိုင်း လူထုနဲ့အတူ ရပ်တည်တဲ့ အနုပညာသမားတွေရှိသလို လူထုကို ချေမှုန်းနှိပ်စက်သူတွေနဲ့ ပူးပေါင်းသွားခဲ့တဲ့ အနုပညာသမားတွေကိုလည်း ခေတ်အဆက်ဆက်မြင်ခဲ့ရ၊ မြင်ရဆဲနဲ့ နောင်လည်းမြင်ရဦးမှာဖြစ်တယ်လို့ ယူဆရပါတယ်။