မဖြူညိုသည် ထောင်တွင်းသို့ ရောက်နေသော်လည်း ပြင်ပကမ္ဘာမှ အရောင်အသွေးစုံကို မြင်တွေ့ရရန်နှင့် လွတ်လပ်မှုကို ခံစားရန် အိပ်မက်များတွင် မျှော်လင့်နေသည်။ သို့သော် ထိုသို့ဖြစ်မလာခဲ့ပေ။
“ကျမက အိပ်မက်ထဲမှာပဲ တည်ရှိနိုင်တယ်လို့ ထင်ခဲ့တယ်” ဟု စစ်ကောင်စီ၏ အမည်ဆိုး ကျော်ကြားလှသော ထောင်နှစ်ခုတွင် ၁၉ လကြာ ပိတ်လှောင်ထားခံရစဉ်က အတွေ့အကြုံကို ဖုန်းဖြင့်ပြောပြသည်။
“ဒါပေမယ့် ကျမ အဲဒီထောင်တွေကနေ မလွတ်မြောက်နိုင်ဘူး။ အိပ်မက်ထဲမှာတောင်မှ မလွတ်မြောက်ဘူး။ အိပ်မက်တွေ အားလုံးက ထောင်အကြောင်းတွေပဲ။ ထွက်ပြေးလိုက် ပြန်ဖမ်းမိလိုက်ပဲ ဖြစ်နေတယ်။ ကျမရဲ့စိတ်ကိုပါ အကျဉ်းချထားသလို ခံစားရတယ်” ဟု ယခုအခါ အသက် ၃၀ ရှိပြီဖြစ်သော မဖြူညိုက အသံတိုးတိုးဖြင့် ပြောသည်။
အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သည့် စစ်ကောင်စီခေတ် မြန်မာတွင် နိုင်ငံရေးအကျဉ်းသူ အရေအတွက်သည် စံချိန်တင် မြင့်မားနေသည်။ လူ့အခွင့်အရေးအဖွဲ့အစည်းဖြစ်သော နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ စာရင်းများအရ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယခုနှစ် သြဂုတ်လ ၂၃ ရက်နေ့အထိ အနည်းဆုံး အမျိုးသမီး ၄,၈၈၃ ဦးသည် စစ်ကောင်စီဆန့်ကျင်ရေး လှုပ်ရှားမှုများကြောင့် ဖမ်းဆီးခံရကြောင်း သိရသည်။
မိန်းကလေးငယ် ၁၁၄ ဦး အပါအဝင် အခြားအမျိုးသမီး ၆၀၂ ဦး သတ်ဖြတ်ခံရသည်။ ထိုသို့ ဖမ်းဆီးခံရသူများအနက် ၃,၇၇၀ ဦးသည် အကျဉ်းထောင်အတွင်း ဆက်လက် ရှိနေပြီး ၎င်းတို့အနက် ၁၅ ဦးသည် သေဒဏ်ကျခံနေရသည်။
အဖမ်းဆီးခံရသော အမျိုးသမီးများတွင် နိုင်ငံရေးခေါင်းဆောင်များ၊ ရွေးကောက်ခံ လွှတ်တော်အမတ်များ၊ တက်ကြွလှုပ်ရှားသူများ၊ သပိတ်မှောက် ပြည်သူ့ဝန်ထမ်းများ၊ ဆေးဝန်ထမ်းများ၊ ခုခံတော်လှန်ရေး တိုက်ခိုက်ရေးသမားများ၊ ကျောင်းသူများ၊ သတင်းသမားများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ဘဝအလွှာစုံမှ အမျိုးသမီးများ ပါဝင်သည်။
စစ်တပ်က အာဏာသိမ်းပြီး ရွေးကောက်ခံ အရပ်သားအစိုးရကို မဖြုတ်ချမီက မဖြူညိုသည် ရန်ကုန်မှ ဖက်ရှင်ဒီဇိုင်း ထုတ်လုပ်သူနှင့် သင်တန်းပေးသူဖြစ်ပြီး မွေးမြူရေးခြံနှင့် စိုက်ပျိုးရေးလုပ်ငန်းပိုင်ရှင် ခင်ပွန်းဖြစ်သူနှင့် ကောင်းမွန်သောဘဝကို ဖြတ်သန်းနေသည်။
စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် ပါဝင်ပြီး လူထုအာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) တွင် ပါဝင်သည့် သပိတ်မှောက် ပြည်သူ့ဝန်ထမ်းများကို ထောက်ခံပြီးနောက်တွင် ၎င်းတို့ဇနီးမောင်နှံသည် ဝရမ်းပြေး ဖြစ်သွားသည်။
၎င်းတို့သည် အဖမ်းမခံရစေရန် ရန်ကုန်ရှိနေအိမ်မှ ထွက်လာပြီး မန္တလေးသို့ ပြေးကြသော်လည်း ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလသို့ ရောက်သောအခါ ထိုမြို့မှ ပုန်းအောင်းနေသောနေရာတွင် ဖမ်းဆီးခံရသည်။ စစ်ကောင်စီသည် ရန်ကုန်ရှိ မဖြူညို၏ ဖက်ရှင်ဆိုင်ခန်းကိုလည်း ချိတ်ပိတ်လိုက်ပြီး အဝတ်အစားများ၊ အိတ်များနှင့် ဖိနပ်များအပါအဝင် အတွင်းရှိပစ္စည်းများ အားလုံးကိုလည်း သိမ်းဆည်းလိုက်သည်။
သူနှင့်ခင်ပွန်းသည်ကို စစ်ကောင်စီ၏ အမည်ဆိုးကျော်ကြားလှသော နန်းတွင်းစစ်ကြောရေးသို့ ပို့လိုက်သည်။ ထိုစစ်ကြောရေးတွင် သူ့ကို အဓမ္မပြုကျင့်မည်ဟု ခြိမ်းခြောက်ခဲ့သည်။
“စစ်ကောင်စီတပ်သားတွေက ကျမကို အော်ဟစ်ပြီး ‘ငါတို့ မင်းကို မုဒိန်းကျင့်ပြီး သတ်ပစ်လို့ရတယ်’ လို့ ခြိမ်းခြောက်တယ်” ဟု မဖြူညိုက ပြန်ပြောပြသည်။
အာဏာသိမ်းပြီးနောက် မြန်မာ အမျိုးသမီးများသည် ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းတို့ ခံရသလို ဖမ်းဆီးထားစဉ်အတွင်း အဓမ္မပြုကျင့်မည်ဟု ခြိမ်းခြောက်ခံရခြင်းများကို ခံစားနေရသည်။ စစ်ကောင်စီတပ်များသည် အာဏာသိမ်းပြီးနောက် အမျိုးသမီးအနည်းဆုံး ၁၂၂ ဦးကို လိင်ပိုင်းဆိုင်ရာ စော်ကားမှု ပြုလုပ်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနက မတ်လတွင် ပြောသည်။
“စစ်ကောင်စီတပ်သားတွေက ကျမကို အော်ဟစ်ပြီး ငါတို့ မင်းကို မုဒိန်းကျင့်ပြီး သတ်ပစ်လို့ရတယ်လို့ ခြိမ်းခြောက်တယ်” ဟု မဖြူညိုက ပြန်ပြောပြသည်။
နိုင်ငံရေးအကျဉ်းသူများ ပိုမိုရင်ဆိုင်လာရသည့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု နောက်ထပ် ပုံစံတမျိုးမှာ ထောင်ဝန်ထမ်းများက အစုလိုက်အပြုံလိုက် အဝတ်ချွတ်ရှာဖွေခြင်းဖြင့် လူ့ဂုဏ်သိက္ခာကို ထိပါးခြင်း ဖြစ်သည်။
ယခုနှစ်အတွင်း ထိုသို့သော ရှာဖွေမှုများသည် ပိုမိုဆိုးရွားလာကြောင်း အင်းစိန်ထောင်တွင် ဖမ်းဆီးထားခံရဆဲ ဖြစ်သည့် နိုင်ငံရေးအကျဉ်းသူတဦးထံမှ ဇွန်လတွင် ကြားရကြောင်း မဖြူညိုက ပြောသည်။
အင်းစိန်ထောင်မှ အကျဉ်းသူများသည် တရားရုံးထွက်ပြီးနောက် ခန္ဓာကိုယ်အစိတ်အပိုင်းများကို အသေးစိတ် ရှာဖွေခံကြရသည်။ ထိုသို့လုပ်ခြင်းသည် အကျဉ်းသားများ စာရွက်များ ယူဆောင်မလာစေရန်အတွက် လိုအပ်သည်ဟုဆိုပြီး နိုင်ငံရေးအကျဉ်းသူများသည် ၎င်းတို့ရင်သားများကို မ တင်ပြရသလို မိန်းမကိုယ်ကိုလည်း ပြရသည်။ ထို့နောက် လက်အိတ်ဝတ်ဆင်ထားသည့် ထောင်ဝန်ထမ်းများက အကျဉ်းသူများ၏ လူမမြင်အပ်သော ခန္ခာကိုယ် အစိတ်အပိုင်းများကို ပွတ်သပ်ရှာဖွေသလို မိန်းမကိုယ်အတွင်းသို့ပင် အတင်းအကျပ် နှိုက်သည်။
ပုံမှန် အဝတ်ချွတ်ရှာဖွေသည့် လူ့ဂုဏ်သိက္ခာ စော်ကားမှုများအပြင် ရာသီသွေးပေါ်သော အမျိုးသမီးများသည် အဝတ်ချွတ်ရှာဖွေစဉ် သန့်စင်ရေးသုံးပစ္စည်းများကိုပင် ဖယ်ရှားပေးရန် အမိန့်ပေးသည်။
စက္ကူခိုးသွင်းမှု ရှာဖွေရန် လုပ်သည်ဆိုသည့် ထိုသို့သော လုပ်ရပ်များသည် အကျဉ်းသူများ၏ လူ့အခွင့်အရေးများကိုသာမက ၎င်းတို့၏ လူသားဂုဏ်သိက္ခာကိုလည်း ချိုးဖောက်သည်ဟု မဖြူညိုက ပြောသည်။
မဖြူညိုကို မန္တလေး အိုးဘိုထောင်နှင့် မြင်းခြံထောင်တို့တွင် ဖမ်းဆီးချုပ်နှောင်ခဲ့သည်။ အကျဉ်းချထားခံရစဉ် ကာလအတွင် သူသည် မိန်းမကိုယ်အတွင်းအထိ ရှာသည်ကို မကြုံခဲ့ဖူးသော်လည်း ခန္ဓာကိုယ်ကို ရှာဖွေမှုများ မကြာခဏ ကြုံတွေ့ရသည်။
“လူ့အခွင့်အရေး ချိုးဖောက်မှုတွေက အမြဲတမ်းဖြစ်နေပြီး ထောင်ဝန်ထမ်းတွေက ကျမတို့ အကျဉ်းသူတွေကို အမေအရွယ်၊ အဘွားအရွယ်ဖြစ်ရင်တောင်မှ နေ့တိုင်း ဆဲဆိုကြတယ်” ဟု မဖြူညိုကပြောရင်း ရှိုက်ငိုသည်။
“ထောင်ထဲမှာ စကားပြောတာကအစ ရေချိုးတဲ့အထိ ကိုယ်လုပ်ချင်သလို လုပ်လို့ မရဘူး” ဟုလည်း သူပြောသည်။
အကျဉ်းသားများ ရေချိုးရန် တနေ့လျှင် ရေ ၁၅ ခွက် သို့မဟုတ် ၃၀ ခွက်အထိသာ ကန့်သတ်ထားသည်။
စစ်တပ်စစ်ကြောရေးစခန်းနှင့် ထောင်အတွင်းတွင် နေခဲ့ရသောရက်များမှာ မွမ်းကျပ်နာကျင်ရသည့် အမှတ်သညာများ ဖြစ်သောကြောင့် ထိုနေ့ရက်များအကြောင်း ပြန်မစဉ်းစားချင်သော်လည်း တနိုင်ငံလုံးမှ ထောင်များတွင် ဆက်လက် ဖိနှိပ်ခံနေရသော ညီအစ်မများအတွက် ထုတ်ဖော်ပြောဆိုရန်၊ ၎င်းတို့၏ ဖြစ်ရပ်များနှင့် သံတိုင်များနောက်တွင် မည်သည်တို့ ဖြစ်နေသည်ကို အခြားသူများ သိအောင်လုပ်ရန် တာဝန်ရှိသည်ဟု ခံစားရကြောင်း မဖြူညိုပြောသည်။
“တခါတခါ ကိုယ့်ကိုကိုယ် သတ်သေဖို့တောင် စိတ်ကူးတယ်။ ဒါပေမယ့် လူဒီတွေကို အရှုံးမပေးရဘူး ဆိုတဲ့ စိတ်ဓာတ်နဲ့ ကျမတို့နိုင်ရင် ကျမတို့ လွတ်လပ်မယ်ဆိုတဲ့ အချက်ကြောင့် အသက်ဆက်ရှင်နေတယ်” ဟု သူကပြောသည်။
“တခါတခါ ကိုယ့်ကိုကိုယ် သတ်သေဖို့တောင် စိတ်ကူးတယ်။ ဒါပေမယ့် လူဒီတွေကို အရှုံးမပေးရဘူး ဆိုတဲ့ စိတ်ဓာတ်နဲ့ ကျမတို့နိုင်ရင် ကျမတို့ လွတ်လပ်မယ်ဆိုတဲ့ အချက်ကြောင့် အသက်ဆက်ရှင်နေတယ်”
ထောင်အာဏာပိုင်များ အထူးသဖြင့် အိုးဘိုထောင်မှ အာဏာပိုင်များသည် နိုင်ငံရေးအကျဉ်းသားများကို ရန်လိုမုန်းတီးမှုဖြင့် ဆက်ဆံကြောင်း အိုးဘိုထောင်နှင့် မြင်းခြံထောင်တွင် နှစ်နှစ်ချုပ်နှောင်ခံဖူးသည့် အလင်း အမည်ရှိ အခြား အကျဉ်းသူတဦးပြောသည်။ ထိုထောင်အာဏာပိုင်များသည် နိုင်ငံရေးအကျဉ်းသားများကို လူ့အခွင့်အရေး ချိုးဖောက်ရာတွင် နိုင်ငံရေးအကျဉ်းသား မဟုတ်သူများပါဝင်ရန်၊ နိုင်ငံရေးအကျဉ်းသားများကို စောင့်ကြည့်ရန် အားပေးကြောင်းလည်း သူကပြောသည်။
အာဏာသိမ်းသည့်အချိန်တွင် သူနာပြုသင်တန်းကျောင်းတခု၌ ပထမနှစ် သင်တန်းသူဖြစ်သော အလင်းသည် နိုင်ငံတွင် ဒီမိုကရေစီ ပြန်လည်ရရှိရေးအတွက် တောင်းဆိုသည့် မန္တလေးမှ ငြိမ်းချမ်းသော ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့သည်။
မန္တလေးမှ ၂၀၂၁ ခုနှစ်၊ မေလ ၁၂ ရက်နေ့က အာရုဏ်တက်ချိန် ဆန္ဒပြပွဲတခုတွင် သူ့ကိုအခြားဆန္ဒပြသူ ၃၀ နှင့်အတူ အကြမ်းဖက် ဖမ်းဆီးခံရသည်။ သူ့ကို ဦးခေါင်း၊ ကျောနှင့် လက်မောင်းတွင် ရိုက်နှက်သောကြောင့် ဖမ်းဆီးစဉ် လဲပြိုသွားခဲ့သည်။ ဖမ်းဆီးခံရသည့် ဆန္ဒပြသူ အားလုံးနီးပါးကို ဆူပူမှုဖြင့် ထောင် နှစ်နှစ်ချလိုက်သည်။
စနစ်ကျသည့် ကျန်းမာရေးစောင့်ရှောက်မှု မရှိသောကြောင့် ထောင်သွင်းအကျဉ်းချခံထားရသည့် နိုင်ငံရေး အကျဉ်းသူ အများစုသည် ကျန်းမာရေးပြဿနာများ ခံစားနေရကြောင်း အလင်းက ပြောသည်။
“ထောင်ထဲမှာ ဘာရောဂါဖြစ်ဖြစ် ပါရာစီတမော့ပဲ ပေးတယ်” ဟု အလင်းက ပြောသည်။
မီဒီယာများနှင့် လူ့အခွင့်အရေး အဖွဲ့များ၏ အဆိုအရ နိုင်ငံရေး အကျဉ်းသားအချို့သည် အများပြည်သူဆေးရုံများတွင် အရေးပေါ်ကုသမှု မရခြင်း၊ မလုံလောက်သော ဆေးဝါးကုသမှုနှင့် ကျန်းမာရေး စောင့်ရှောက်မှုတို့ကြောင့် သေဆုံးရသည်ဟု သိရသည်။
လုံလောက်သော ကျန်းမာရေး စောင့်ရှောက်မှုနှင့် ဆေးဝါးကုသမှု မရှိခြင်းသည် နိုင်ငံတခုလုံးမှ ကျပ်သိပ်နေသော ထောင်များတွင် အကျဉ်းသူအရေအတွက် ဆက်လက် တိုးပွားနေခြင်းက ပိုမိုဆိုးရွားစေသည်။
မုံရွာထောင်မှ အဆောင်တခုတည်းတွင် အကျဉ်းသူ ၁၀၀ မှ ၁၅၀ ခန့်အထိနှင့်အတူ အိပ်စက်ချိန်တွင်ပင် နေထိုင်ရကြောင်း အသက် ၂၇ နှစ်အရွယ် နိုင်ငံရေးအကျဉ်းသူဟောင်းဖြစ်ပြီး စစ်ကိုင်းတိုင်း မုံရွာမှ ကျောင်းသား တက်ကြွလှုပ်ရှားသူ မခင်ဝတီက ပြောသည်။ ထိုသူများအနက် ၆၀ ရာခိုင်နှုန်းခန့်သည် နိုင်ငံရေးအကျဉ်းသူများ ဖြစ်သည်။
အကျဉ်းသူ ၁၀၀ ကျော်နှင့်အတူ အိပ်စက်ရသောကြောင့် အိပ်နေစဉ် ခန္ဓာကိုယ် လှုပ်ရှား၍ပင် မရကြောင်း၊ နေရာကျပ်သောကြောင့် အကျဉ်းသူများသည် တဦးနှင့်တဦး ထိလုနီးပါး အိပ်ခဲ့ရကြောင်း သူကပြောသည်။
တကိုယ်ရည် သန့်ရှင်းမှုသည်လည်း အခြားပြဿနာတခု ဖြစ်သည်။ မိလ္လာအိုးများအနီး နေထိုင်ရသူများသည် အနံ့အသက်ကို တိုက်ရိုက်ရနေပြီး ထိုမှ ယိုစိမ့်ထွက်လာသည့် အရည်များသည် ၎င်းတို့ဦးခေါင်းများအနီးမှ စီးဆင်းနေသည်။
မိလ္လာအိုးများအနီးတွင် နေရာမရစေရန်နှင့် ၎င်းတို့နှင့် ဝေးစေရန် အကျဉ်းသူများသည် ထောင်တန်းစီးကို ငွေပေးရသည်ဟု မခင်ဝတီက ပြောသည်။
စစ်အာဏာသိမ်းမှုဖြစ်ပြီးနောက် လူထုအာဏာဖီဆန်ရေး လှုပ်ရှားမှု CDM တွင် ပါဝင်သူ သပိတ်မှောက် ပြည်သူ့ဝန်ထမ်း ၁,၅၀၀ ကို ထောက်ပံ့ခြင်းအတွက် ကျောင်းသားတက်ကြွလှုပ်ရှားသူဟောင်းနှင့် လူ့အခွင့်အရေးလှုပ်ရှားသူ မခင်ဝတီသည် ၂၀၂၁ ခုနှစ်၊ မေလတွင် ဖမ်းဆီးခံရသည်။
မုံရွာမှ စစ်တပ်စစ်ကြောရေးစခန်းတွင် စစ်ဆေးခံရစဉ်အတွင်း သူသည် ၂၄ နာရီ လက်နှစ်ဖက် မြှောက်ပြီး ဒူးထောက်ကာ လက်အောက်ကျလာပါက ရိုက်နှက်ခံရကြောင်း ပြန်ပြောပြသည်။ ထိုအချိန်အတွင်း သူ့ကို အစားအစာနှင့် ရေမပေးပေ။ နှစ်ရက်ခွဲ စစ်ကြောရေးလုပ်ပြီးနောက် ဝမ်းဗိုက်နာကျင်မှုကို ခံစားရပြီး အော့အန်ကာ စစ်ဆေးရုံသို့ အပို့ခံရသည်။
မုံရွာမှ စစ်တပ်စစ်ကြောရေးစခန်းတွင် စစ်ဆေးခံရစဉ်အတွင်း သူသည် ၂၄ နာရီ လက်နှစ်ဖက် မြှောက်ပြီး ဒူးထောက်ကာ လက်အောက်ကျလာပါက ရိုက်နှက်ခံရကြောင်း ပြန်ပြောပြသည်။ ထိုအချိန်အတွင်း သူ့ကို အစားအစာနှင့် ရေမပေးပေ။
ထိုသို့ ဆေးရုံတက်နေစဉ်အတွင်း သူသည် စစ်တပ်စစ်ကြောရေးတွင် ဖြတ်သန်းနေစဉ် ဆေးရုံတင်ခံရသည့် စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်မွှေးလွင်နှင့် တွေ့ဆုံရခြင်းဖြစ်သည်။
အသက် ၅၆ နှစ်ရှိပြီဖြစ်သော ဒေါ်ခင်မွှေးလွင်သည် သူ၏မဲဆန္ဒနယ်တွင် ၂၀၁၅ ရွေးကောက်ပွဲနှင့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲများတွင် နှစ်ကြိမ်ရွေးချယ်ခံရသူ ဖြစ်သည်။ ဒုတိယ အနိုင်ရသည့် ရွေးကောက်ပွဲ၏ရလဒ်ကို စစ်တပ်က အာဏာသိမ်းပြီးနောက် ဖျက်သိမ်းလိုက်သည်။
ဒေါ်ခင်မွှေးလွင်သည် ပြင်ပသွင်ပြင်အရ အားအင်ချိနဲ့နေသော်လည်း စိတ်ဓာတ်ခိုင်မာစွာ ရပ်တည်ပြီး ထောင်အတွင်းမှ အကျဉ်းသူများအတွက် မိခင်သဖွယ်ဖြစ်ခဲ့ကြောင်း မခင်ဝတီက ပြောသည်။
နောက်ပိုင်းတွင် မခင်ဝတီနှင့် ဒေါ်ခင်မွှေးလွင် နှစ်ဦးလုံးကို မြင်းခြံထောင်သို့ လွှဲပြောင်းလိုက်သည်။
ထောင်တွင်းတွင် ၎င်းတို့ နှစ်ဦးသည် နိုင်ငံရေးအကျဉ်းသူများအကြား နိုင်ငံရေးအဖြေရှာနိုင်သည့် နိုင်ငံရေး ဆွေးနွေးပွဲများ အပါအဝင် လှုပ်ရှားမှုများတွင် ပါဝင်ပြီး အသံတိတ် သပိတ်၊ သနပ်ခါး သပိတ်၊ ပန်းသပိတ်၊ အာဇာနည်နေ့ အထိမ်းအမှတ်သပိတ်၊ ၁၉၈၈ အုံကြွမှုနှင့် ဖမ်းဆီးခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ကဲ့သို့သော ပြင်ပတွင် ဖြစ်ပွားနေသည့်လှုပ်ရှားမှုများကို ထင်ဟပ်ကြသည်။
ထောင်အတွင်းတွင် ထိုသို့လှုပ်ရှားမှုများ ပြုလုပ်ခြင်းသည် စည်းကမ်းတင်းကျပ်ခြင်း သို့မဟုတ် ရေချိုးရန် ရေပမာဏ လျှော့ချခြင်းမှသည် ရိုက်နှက်ခြင်းအထိ ချမှတ်ခံရသည်။ ၎င်းတို့အခွင့်အရေးများကို လိုက်နာရန် တောင်းဆိုသည့်အတွက်ပင် နိုင်ငံရေးအကျဉ်းသူများ ရက်ရက်စက်စက် နှိပ်စက်ခံရပြီး အပြင်းအထန် ဒဏ်ရာရသည် သို့မဟုတ် လွန်စွာ ဝေးကွာသော ထောင်များသို့ ပြောင်းရွှေ့ခံရသည်ဆိုသည့် သတင်းများ ရှိနေသည်။
မခင်ဝတီကို လွန်ခဲ့သောနှစ် နိုဝင်ဘာလတွင် လွှတ်ပေးခဲ့သည်။ သို့သော် ဒေါ်ခင်မွှေးလွင်ကို စစ်ကောင်စီက မလွတ်ပေးဘဲ နောက်ထပ်စွဲချက်တခုဖြင့် စွဲဆိုကာ ကလေးထောင်သို့ ရွှေ့ပြောင်းလိုက်သည်။
ဒေါ်ခင်မွှေးလွင်သည် မုံရွာထောင်တွင် လေဖြတ်သောကြောင့် မျက်နှာပိုင်းများ မလှုပ်ရှားနိုင်တော့ဘဲ အချိန်မီ ဆေးကုသမှု မရသောကြောင့် နာလန်ပြန်မထသည့်အတွက် ကလေးထောင်တွင် နောက်တကြိမ် လေဖြတ်ခံရသည်။
“အမေမွှေးလို လူတွေသာ အပြင်မှာရှိရင် သူတို့က ကျမတို့ထက် အများကြီး လုပ်နိုင်တယ်” ဟု မခင်ဝတီ ပြောပြီး သူ၏ဆန္ဒသည် အမေမွှေးနှင့် နိုင်ငံရေးအကျဉ်းသား အားလုံး အမြန်ဆုံး လွတ်မြောက်ရေး ဖြစ်ကြောင်း ပြောသည်။
၎င်းတို့ ခံစားနေရသည့် တုန်လှုပ်စရာ၊ စိတ်ဒဏ်ရာရစရာ အတွေ့အကြုံများ ရှိနေသော်လည်း မခင်ဝတီ၊ အလင်း၊ မဖြူညိုကဲ့သို့သော နိုင်ငံရေးအကျဉ်းသူများသည် စိတ်အားလျှော့ခြင်းမရှိဘဲ ၎င်းတို့၏ လှုပ်ရှားမှုများကို စွန်လွှတ်ရန် ငြင်းဆန်ကြသည်။ ထိုသို့စွန့်လွှတ်မည့်အစား ၎င်းတို့သည် တော်လှန်ရေး ရှေ့တန်းမှ အမျိုးသမီးများနှင့် ပူးပေါင်းခဲ့ကြသည်။
ဘဝအလွှာစုံမှ အမျိုးသမီးများသည် နိုင်ငံတွင် ဒီမိုကရေစီ ပြန်လည် ထိန်းသိမ်းရေးအတွက် ယခုစစ်ကောင်စီ အပါအဝင် စစ်အုပ်စု အဆက်ဆက်အောက်တွင် ဒီမိုကရေစီတိုက်ပွဲ၌ ရဲရင့်စွာ ပါဝင်ကြသည်။ အလားတူစွာပင် ကျန်းမာရေး၊ ပညာရေးနှင့် အခြားကဏ္ဍများမှ အမျိုးသမီး ပြည်သူ့ဝန်ထမ်းများသည် လူထုအာဏာဖီဆန်ရေး လှုပ်ရှားမှုများတွင် ပါဝင်ကြပြီး စစ်အုပ်ချုပ်ရေး အောက်တွင် အလုပ်မလုပ်ရန် ငြင်းဆန်ကြကာ ယနေ့တိုင် သပိတ်မှောက်နေဆဲ ဖြစ်သည်။ စစ်ကောင်စီဆန့်ကျင်ရေး လက်နက်ကိုင်ခုခံမှုတွင် အမျိုးသားရဲဘော်များနှင့်အတူ တိုက်ပွဲဝင်နေသည့် အမျိုးသမီးရဲဘော်များ အကြောင်းကို မပြောသေးပေ။
ယခုနှစ် မေလတွင် ခင်ပွန်းသည်နှင့်အတူ ပြန်လည် လွတ်မြောက်လာသော မဖြူညိုသည် လွန်ခဲ့သော သုံးလအတွင်း အကျဉ်းချခံရစဉ်က အိပ်မက်ဆိုးများကို ဆက်လက် မက်နေဆဲဖြစ်သည်။
“ကျမရဲ့ အိပ်မက်တွေထဲမှာ ကျမတို့က ထွက်ပြေးနေပြီး ပြန်အဖမ်းခံရတာ အကြိမ်ကြိမ်ပဲ” ဟု စိတ်ပျက်လက်ပျက် ပြောသည်။ “ထောင်က သံဘားတန်းတွေကို မမြင်ရမှ၊ အခု ပြင်ပ ရောက်နေပြီဆိုတာ သိရမှ စိတ်သက်သာရာ ရတယ်” ဟု သူကပြောသည်။
“ကျမရဲ့ အိပ်မက်တွေထဲမှာ ကျမတို့က ထွက်ပြေးနေပြီး ပြန်အဖမ်းခံရတာ အကြိမ်ကြိမ်ပဲ” ဟု စိတ်ပျက်လက်ပျက် ပြောသည်။
သို့သော် မဖြူညိုသည် သူ၏စိတ်ဝေဒနာများကြောင့် နိုင်ငံရေးလှုပ်ရှားမှုများကို အကျိုးပြုခြင်းမှ မရပ်တန့်ပေ။ သူသည် စစ်ကောင်စီက ဆက်လက် ထိန်းသိမ်းခံထားရဆဲဖြစ်သည့် နိုင်ငံရေးအကျဉ်းသားများကို ကူညီရန် သူ၏ ခင်ပွန်းနှင့် အခြားနိုင်ငံရေးအကျဉ်းသားဟောင်းများ ထူထောင်ထားသည့် နိုင်ငံရေးအကျဉ်းသားကွန်ရက် -မြန်မာသို့ ဝင်ရောက်လုပ်ကိုင်နေသည်။
မန္တလေးမှ နိုင်ငံရေးအကျဉ်းသူဟောင်း အလင်းလည်း ထိုရည်ရွယ်ချက်ဖြင့်ပင် အထက်ပါကွန်ရက်တွင် ပူးပေါင်းသည်။
“ကျမကို လွတ်ပေးတဲ့နေ့က ကျမ ပျော်တယ်။ ကျမ လွတ်ပေမယ့် ကျမ မိသားစုလို ခံစားရတဲ့သူတွေ ကျန်နေခဲ့တယ်” ဟု အလင်းက ပြောသည်။
မခင်ဝတီသည် စစ်ကောင်စီ၏ စီးနင်းတိုက်ခိုက် မီးရှိုမှုများကြောင့် စစ်ကိုင်းတိုင်းမှ နေရပ်စွန့်ခွာရသူများအတွက် ရန်ပုံငွေရှာရန် လုပ်ဆောင်နေသည်။
“ဒီတော်လှန်ရေးကို ကျမတို့ မြန်မြန်ပြီးချင်တယ်။ ကျမတို့နိုင်မှ နိုင်ငံရေးအကျဉ်းသား အားလုံး လွတ်မှာမို့ ကျမတို့ တတ်နိုင်တဲ့နည်းနဲ့ အကျိုးပြုဖို့ ဆုံးဖြတ်ထားတယ်။ အပြင်မှာထားတဲ့ စိတ်ဓာတ်နဲ့ အထဲမှာထားတဲ့စိတ်ဓာတ် အတူတူပဲ” ဟု မခင်ဝတီပြောသည်။
နိုင်ငံရေးအကျဉ်းသူအချို့သည် နှစ်ပေါင်း ၃၀ မှ ၄၀ အထိ ထောင်ချခံထားရကြောင်း မဖြူညိုက ပြောသည်။
“သူတို့အားလုံး အမြန်ဆုံးလွတ်ပြီး အိမ်ပြန်စေချင်တယ်။ တော်လှန်ရေး အမြန်ဆုံးအောင်မှ ဒါဖြစ်နိုင်မယ်။ ဒါကြောင့် တော်လှန်ရေးအတွက် ဘဝကို မြှုပ်နှံလုပ်ကိုင်မယ်” ဟု သူကပြောသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ ခင်နဒီ၏ Myanmar’s Female Political Prisoners Still Committed to Struggle ကို ဘာသာပြန်သည်။ ယခုဆောင်းပါးတွင် လုံခြုံရေးကိုကာကွယ်ရန် ဒေါ်ခင်မွှေးလွင်မှအပ ကျန်သူများကို အမည်ပြောင်းထားသည်။)