ရှင်ငြိမ်း။ ။
“သူတို့(စစ်သားတွေ)က နင်တို့ဘယ်လောက်သတ္တိရှိလို့ ဒီ(လက်နက်ကိုင်)ထဲကို ဝင်တာတုန်းလို့မေးတော့ သတ္တိမရှိဘူး။ ရှိတယ်သိချင်ရင် ယှဉ်ပစ်မလားလို့ပြန်မေးလို့ စိတ်ဆိုးပြီးပစ်သတ်လိုက်တာတဲ့။” လို့ ကြေကွဲဝမ်းနည်းစိတ်နဲ့ ပြောပြနေသူရဲ့ မျက်ဝန်းမှာ မျက်ရည်တွေပြည့်ဝိုင်းလို့နေပါတယ်။
ဆေးသင်တန်းသွားတက်ရင်း စစ်တပ်ရဲ့ဖမ်းဆီးသတ်ဖြတ်တာ ခံလိုက်ရတဲ့သမီးဖြစ်သူအကြောင်းကို ဒေါ်ထွေးမြင့်က ပြန် ပြောပြနေတာဖြစ်တယ်။
ဒေါ်ထွေးမြင့်ရဲ့သမီးဟာ အသက် ၁၃ နှစ်နဲ့ ကိုယ့်ကိုယ်ကိုယ်ခုခံကာကွယ်နိုင်အောင် စစ်သင်တန်း နှစ်ကြိမ်တက်ထားပြီး ရှေ့တန်းထွက်တိုက်ခိုက်လိုတဲ့ ပြင်းပြစိတ်ရှိသူတစ်ဦးပါ။ သို့ပေမဲ့ အသက်ငယ်သေးတဲ့အတွက် စစ်တိုက်ခွင့်မရသေးခင် တော်လှန်ရေးအတွက် တစ်ဖက်တစ်တစ်လမ်းက ကူမယ်ဆိုတဲ့စိတ်နဲ့ ဆေးသင်တန်းတက်ဖို့အသွားမှာ စစ်သားတွေနဲ့တွေ့ ပြီး ဖမ်းဆီးသတ်ဖြတ်ခံလိုက်ရတာဖြစ်ပါတယ်။
ဒီအဖြစ်အပျက်ဟာ တစ်နှစ်လောက်ကြာသွားပေမယ့် ဒေါ်ထွေးမြင့်ရင်ထဲမှာတော့ သမီးအတွက် ပူဆွေးနေဆဲဖြစ်သလို သမီးကိုပေးထားတဲ့ကတိအတိုင်း တော်လှန်ရေးဆက်လုပ်ဖို့ ဆန္ဒရှိနေပါတယ်။
“သူကျသွားလည်း ကျမဆက်တိုက်မယ်။ တော်လှန်ရေးကို ဆက်လုပ်မယ်။ အားမလျော့ပါဘူး။ ဒီအချိန်မှာသေဖို့လည်း မကြောက်ဘူး။” လို့ ဒေါ်ထွေးမြင့်က ပြတ်သားစွာဆိုပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နေ့စဉ်နဲ့အမျှ စစ်ကောင်စီရဲ့ ရွာမီးရှို့၊ လူသတ် ၊ မုဒိန်းကျင့် စာသင်ကျောင်းတွေပေါ် ဗုံးကျဲ၊ အပြစ်မဲ့တဲ့ ကလေးငယ်တွေပါမကျန် သတ်ဖြတ်တာတွေကြောင့် ဒေသခံလူငယ်တွေဟာ မိမိကိုယ်ကိုယ်ခုခံ ကာ ကွယ်ဖို့နဲ့ စစ်ကောင်စီကို ငုံ့မခံဘဲ ပြန်လည်တွန်းလှန်ဖို့ လက်နက်ကိုင်သင်တန်းတွေ တက်လာကြပါတယ်။
စစ်ကောင်စီသာ အာဏာမသိမ်းခဲ့ရင် မသီတာတို့လို လူငယ် လူရွယ်တွေဟာ ဘဝတက်လမ်းအတွက် ကြိုးစား ပညာရှာရ မယ့် အရွယ်တွေပါ။ ဒါပေမယ့် သူတို့ဘဝတွေကို စစ်ကောင်စီက နင်းချေဖျက်စီးလိုက်တဲ့နောက် ပြန်လည်ခုခံ တိုက်ခိုက်ဖို့ လမ်းကိုပဲ ရွေးချယ်ကြရပါတော့တယ်။
အဲဒီထဲမှာ ဒေါ်ထွေးမြင့်ရဲ့ သမီးဖြစ်သူလည်း အပါအဝင်ပါ။ အသက် ၁၃ နှစ်သာရှိသေးပေမယ့် အရပ်က ငါးပေကျော်ပြီး တုတ်ခိုင်တဲ့ခန္ဓာကိုယ်ရှိတဲ့သီတာဟာ သူတို့ဒေသကို စစ်ကြောင်းတွေဝင်လာတိုင်း ထွက်ပြေးရတာကို ခံပြင်းနေခဲ့ပြီး ပြန် လည်ခုခံနိုင်ဖို့ စစ်သင်တန်းတက်ချင်တယ်လို့ အမေဖြစ်သူကို ခဏခဏ ပြောတတ်သူပါ။
အာဏာသိမ်းစစ်တပ်က လေကြောင်း၊ ရေကြောင်းနဲ့ မြေပြင်ပါ စစ်ရေးအရဖိနှိပ်ထားတဲ့စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ဇာတိဖြစ်တဲ့ အသက် ၄၁ နှစ်အရွယ်ဒေါ်ထွေးမြင့်မှာ ၁၃ နှစ်အရွယ်သမီးနဲ့ ၁၂ နှစ်အရွယ်သားတစ်ဦးရှိပါတယ်။
ဒေါ်ထွေးမြင့်အရွယ်ကောင်းဖြစ်တဲ့အသက် ၃၆ နှစ်မှာ ခင်ပွန်းသည်နဲ့ကွာရှင်းပြီး နောက်အိမ်ထောင်မပြုဘဲ နေ့စားတောင် ယာအလုပ်တွေလုပ်ရင်း အဖမဲ့သားနဲ့ သမီးကို ကျွေးမွေးစောင့်ရှောက်ကာ ပညာသင်ပေးခဲ့တယ်။
နေ့စားတောင်ယာလုပ်တာက တစ်နေ့မှ ငွေကျပ် ငါးထောင်လောက်သာရပေမယ့် နေ့တိုင်းအလုပ်ရှိနေပြီး ဧရာဝတီမြစ်၊ မူးမြစ်မှလည်း သားငါးတွေရနေတာကြောင့် သူတို့မိသားစုလေးဟာ မပြည့်စုံပေမယ့်လို့ အဆင်ပြေပြေနေနိုင်ခဲ့ကြတယ်။
ဒေါ်ထွေးမြင့်ဟာ ထက်မြက်ပြီးလိမ္မာသိတတ်လွန်းတဲ့သားနဲ့သမီး ပညာတတ်ဖြစ်စေဖို့ ပင်ပန်းလှတဲ့နေ့စားအလုပ်မျိုးစုံကို လုပ်ရင်း သူ့ဘဝသူကျေနပ်နေခဲ့တယ်။
နောက် သူအနေနဲ့ ဒီမြေ၊ ဒီရေ၊ ဒီသား၊ ဒီသမီးနဲ့အတူ တစ်သက်လုံးမခွဲမခွာအတူနေထိုင်ရလိမ့်မယ်လို့ သူက မှတ်ယူနေ ခဲ့တာပါ။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်၊ စစ်တပ်က နိုင်ငံတော်အာဏာကိုရယူသိမ်းပိုက်လိုက်တဲ့အချိန်မှာတော့ သူတွေး ထင်ထားတာတွေ အကုန်လုံး ကမောက်ကမဖြစ်သွားခဲ့ရတယ်။
အာဏာသိမ်းစစ်တပ်က သူတို့ကိုခုခံတော်လှန်သူတွေကို နေရာအနှံ့နှိမ်နှင်းရင်း ကျေးရွာတွေကိုမီးရှို့၊ ပစ္စည်းယူနဲ့ ရွာသား တွေကို ဖမ်းဆီးသတ်ဖြတ်ခံနေရတဲ့ဒေသတွေထဲမှာ စစ်ကိုင်းတိုင်းဟာ အဆိုးဆုံးဖြစ်လာပါတယ်။
ဒေါ်ထွေးမြင့်ဟာလည်း စစ်ပြေးရတဲ့အထဲပါဝင်ခဲ့ပါတယ်။ အဲ့ဒီအချိန် သားဖြစ်သူက ကိုရင်ဝတ်နေတဲ့အတွက် နေအိမ်မှာ ကျန်ခဲ့တဲ့သူတို့သားအမိနှစ်ယောက်တည်း စစ်ပြေးခဲ့ရတယ်။ ဒီအခြေအနေမှာ စစ်သင်တန်းတက်ဖို့ဦးဆောင်လာတာက ဒေါ်ထွေးမြင့်ရဲ့သမီးမသီတာပါ။ မိခင်ဖြစ်တဲ့ဒေါ်ထွေးမြင့်ကတော့ ငယ်ရွယ်လွန်းတာကြောင့်စိတ်မချ။
သို့ပေမဲ့ ရွာမှာလည်း စစ်ကြောင်းတွေခဏခဏဖြတ်ပြီး တိုက်ပွဲတွေကြောင့် မကြာခဏထွက်ပြေးနေရတဲ့သူတို့တွေအတွက် စစ်သင်တန်းတက်ထားတာမမှားဘူးလို့ ဒေါ်ထွေးမြင်က အတွေးရှိခဲ့ပါတယ်။
ဒီလိုနဲ့ သီတာဟာ စစ်သင်တန်းတစ်ခုတက်ခွင့်ရခဲ့ပါတယ်။ စစ်သင်တန်းသွားမယ့်သမီးနဲ့ တူမဖြစ်သူကို စိတ်မချတဲ့ ဒေါ် ထွေးမြင့်ဟာ ယောင်းမဖြစ်သူကို အပါခေါ်ပြီး စစ်သင်တန်းရှိရာကို လိုက်ပို့ကြတယ်။ ဟိုရောက်တော့ သမီးနဲ့ တူမကို မထား ခဲ့လိုတဲ့အတွက် ထမင်းချက်လုပ်ရင်း သင်တန်းမှာနေဖို့ဆုံးဖြတ်ချက်နဲ့ ယောင်းမဖြစ်သူကို ပြန်လွှတ်လိုက်တယ်။
သို့ပေမဲ့ သင်တန်းမှာအမျိုးသားတွေများပြီး ထမင်းချက်တာကိုလည်း သူတို့ကိုယ်တိုင်လုပ်ကြတာဖြစ်လို့ သင်တန်းဆရာက ဒေါ်ထွေးမြင့်ကို ထမင်းချက်လုပ်ခွင့်မပေးဘဲ စစ်သင်တန်းတက်စေခဲ့တယ်။ တကယ်တော့ မသီတာဟာ တိုက်ခိုက်ဖို့ အ သက်မပြည့်သေးမှန်းသိကြပေမယ့် မကြာခဏစစ်ပြေးနေရတဲ့ဒေသမှာ ကိုယ့်ကိုယ်ကိုယ်ကာကွယ်နိုင်ဖို့ သင်တန်းဆရာနဲ့ မိခင်က ခွင့်ပြုခဲ့တာဖြစ်ပါတယ်။
ဒီသင်တန်းကို သူတို့ရွာနဲ့လေးမိုင်လောက်ဝေးတဲ့တောထဲမှာ ဒေသကာကွယ်ရေးတပ်တစ်ခုဖြစ်တဲ့ GZ Special Task Force အဖွဲ့ကပေးတာဖြစ်တယ်။ ဒီသင်တန်းမှာ သင်တန်းသား ၅၀ ကျော်ရှိအထဲ မိန်းမသားဆိုလို့ သူတို့တူဝရီးအပါအဝင် ငါးဦးသာရှိပါတယ် ။
သင်တန်းချိန်မှာ နံနက် ၅ နာရီမှ ညနေ ၆ နာရီအထိဖြစ်ပြီး ထမင်းစားချိန်၊ နားချိန်မှအပ မရပ်မနားလေ့ကျင့်ရပါတယ်။ သင်တန်းပြီး ညဘက်တွေမှာလည်း မနားရဘဲ စစ်ရေးနဲ့ပတ်သက်တဲ့စာတွေ ထပ်မံသင်ကြားရပါသေးတယ်။
အခြေခံစစ်သင်တန်းဆိုတဲ့အတွက် သေနတ်အစစ်တော့ မကိုင်ရဘဲ သစ်သားတုတ်ကို သေနတ်အမှတ်နဲ့ ၁၅ ရက်လုံးလုံး တရစပ်လေ့ကျင့်ခဲ့ရပြီး အစားလည်းဖြစ်သလိုစားသောက်ရတဲ့အတွက် ဒဏ်မခံနိုင်သူတချို့ကတော့ မူးဝေပျော့ခွေလဲကျ တဲ့ အထိဖြစ်ခဲ့ကြတယ်။
ဒါပေမဲ့ သီတာတို့ညီအစ်မတွေကတော့ သင်တန်းမှာအတက်ကြွဆုံးဖြစ်လို့ အရွယ်နဲ့မလိုက်အောင်လုပ်နိုင်တဲ့သူတွေလို့ သင်တန်းဆရာက မှတ်ချက်ပေးခံခဲ့ရတယ်။ အလုပ်ကြမ်းတွေလုပ်နေတဲ့ဒေါ်ထွေးမြင့်တောင်မှ မလုပ်နိုင်လို့ပြန်ဖို့ စဉ်းစားမိ တဲ့အထိပါ။
သမီးသီတာက ဆူသလိုပြောနေတာနဲ့ ခဏလုပ်ပေးရင်း၊ လုပ်ပေးရင်း သင်တန်းပြီးတဲ့အထိတက်ဖြစ်သွားခဲ့တယ်။ ၁၆ ရက် မြောက်နေ့ သင်တန်းဆင်းတော့ သေနတ်အစစ်ကိုင်ခွင့်ရပြီး ကျည်တစ်ထောင့်ပေးကာပစ်ကြည့်ခွင့်ရခဲ့ကြတယ်။ ဒီ အချိန်ကစလို့ မသီတာဟာ သေနတ်အစစ်ကိုင်ပြီး ကိုယ်တိုင်စစ်ထွက်တိုက်လိုစိတ်တွေပြင်းပြနေခဲ့တာဖြစ်တယ်။ ဒါပေမယ့် အသက်ငယ်သေးတာကြောင့် တပ်ဖွဲ့က သူတို့ကို စစ်တိုက်ခွင့်မပေးသေးပါဘူး ။
“ အဲ့တုန်းက စစ်ယူနီဖောင်းနဲ့ စစ်ချီတေးဆိုနေတဲ့သမီးကိုကြည့်ပြီး အရမ်းကိုကျေနပ်အားရခဲ့တာ။ သမီးကိုစစ်သင်တန်း တက်ဖို့ခွင့်ပေးမိတဲ့ကိုယ်ကိုကိုယ်လည်း တကယ်ကျေးဇူးတင်မိတယ်။” လို့ ဒေါ်ထွေးမြင့်က ပြောပါတယ်။
စစ်သင်တန်းပြီးတော့ စစ်တိုက်မထွက်ရတဲ့မသီတာတို့ညီအစ်မတွေ ရွာကိုပြန်လာခဲ့တယ်။ ရွာမှာလည်း အားမနေဘဲ စစ် သင်တန်းသွားတက်ပြီးပြန်လာသူတွေကပေးတဲ့ ၁၀ ရက်သင်တန်းကို ဆက်တက်ခဲ့ကြတယ်။ မသီတာဟာ တော်လှန်ရေး စိတ်တက်ကြွသူပီပီ သူဘယ်နေရာကနေဝင်ပါရမလဲဆိုတာကို တစ်ချိန်လုံးစဉ်းစားနေခဲ့တယ်လို့ မိခင်က ဆိုပါတယ်။
ဒါ့အပြင် စစ်သင်တန်းတက်ထားပြီး ရွာထဲကိုစစ်ကြောင်းဝင်လာတိုင်း ထွက်ပြေးနေရတာကိုလည်း ကြာတော့ မသီတာ ရှက် လာပါတယ်။ သူ့အသက်သေသေ စစ်တပ်နဲ့ တစ်ကြိမ်လောက်ထိပ်တိုက်တွေ့ပြီး တိုက်ခိုက်လိုကြောင်း မိခင်ကို မကြာ၊ မကြာပူဆာနေတာဖြစ်တယ်။
ဒါတင်မကျေနပ်သေးဘဲ ရွာဘက်ရောက်လာတတ်တဲ့သင်တန်းဆရာကိုပါ သေနတ်အစစ်နဲ့ ရှေ့တန်းထွက်တိုက်ချင်တယ် လို့ မသီတာက တွေ့တိုင်းတောင်းဆိုနေခဲ့ပါတယ်။
“သူ့ဆရာက နင်တို့က လက်နက်ကိုင်ရမယ့်အရွယ်တွေမဟုတ်သေးဘူး။ ဆေးသင်တန်းတက်ရမယ်လို့တော့ ပြောတယ်တဲ့ ၊ ရွာမှာလည်း ဆေးပေးခန်းမရှိတော့ သူတို့ကတက်ချင်နေကြတာ။”လို့ ဒေါ်ထွေးမြင့်က ဆိုပါတယ်။
ဒီလိုနဲ့ မသီတာဆေးသင်တန်းတက်ရဖို့ဖြစ်လာခဲ့ပါတယ်။ သင်တန်းနေရာက ရွာနဲ့ဝေးလွန်းတဲ့အတွက် သူမပါဘဲ ဒေါ်ထွေး မြင့်က မလွှတ်ချင်လို့ တားပါတယ်။ သူ့မှာ ဒီသမီးလေးတစ်ယောက်ထဲရှိတာဖြစ်လို့ အစားထိုးမရတဲ့အတွက် မလွှတ်ချင်တာ ကို မသီတာက ကောင်းတဲ့အလုပ် လုပ်ရင်တားတယ်လို့ စွပ်စွဲကာသားအမိနှစ်ယောက် မခေါ်မပြောတဲ့အထိ ဖြစ်သွားခဲ့ ပါတယ်။
ဒီလိုနဲ့ ဇွန်လ ၂၉ ရက်၊ မနက်ပိုင်း သွားခါနီးအချိန်ကပ်မှ အသံတိတ်ဆန္ဒပြနေတဲ့သမီးကို သနားလာသလို သူတို့ဆရာက လည်း လမ်းကြောင်းရှင်းလို့ စိတ်ချရကြောင်းပြောတဲ့အတွက် ဒေါ်ထွေးမြင့်တက်ခွင့်ပေးလိုက်ပါတယ်။
သမီးဖြစ်သူက ယူစရာရှိတာတွေကို ကျောပိုးအိတ်ထဲထည့်ပြီး အမေကိုကန်တော့ရင်း အမေဖြစ်စေချင်တဲ့အတိုင်း တော်လှန် ရေးမှာစိတ်နစ်ပြီး အဆုံးထိလုပ်သွားမယ်လို့ ကတိပေးသွားတာဖြစ်တယ်။
ဒေါ်ထွေးမြင့်ရဲ့သမီးနဲ့တူမအပြင် ညီမအရင်းဖြစ်တဲ့မသဲခိုင်လည်း ဆေးသင်တန်းတက်ရာမှာလိုက် ပါသွားခဲ့တယ်။ သင်တန်းဆရာကလည်း ကလေးတွေကို စိတ်မချတဲ့အတွက် သူကိုယ်တိုင်လိုက်ပို့ဖို့ ဆုံးဖြတ်ခဲ့တယ်။
ဟန်လင်းမြို့ဟောင်းအနီးမှာ တပ်စစ်ကြောင်းရှိနေတဲ့အတွက် နယ်မြေခံကာကွယ်ရေးတပ်တွေကို မေးမြန်းရာ လမ်းခရီး အဆင်ပြေတယ်ဆိုတာနဲ့ သူတို့တွေသွားဖို့ပြင်ဆင်ကြပါတယ်။
ရွာအပြင်က စုရပ်နေရာကိုလိုက်ပို့တော့ သူတို့ညီအစ်မနှစ်ယောက်၊ သင်တန်းဆရာအပါအဝင် စုစုပေါင်း ကိုးဦး ဆိုင်ကယ် ငါးစီးနဲ့ ထွက်သွားခဲ့ကြတယ်။
ထွက်သွားတဲ့သမီးကို မျက်စိတစ်ဆုံးကြည့်ပြီးမှ သူတို့ရွာထဲပြန်ဝင်လာပါတယ်။ ဒီအချိန်ထိ ဒီကလေးလေးတွေက သူတို့ရင် ခွင်ကနေ အပြီးတိုင်ထွက်သွားခဲ့တယ်ဆိုတာတော့ သူတို့ကြိုမသိခဲ့ကြပါဘူး။
” သူတို့ကို ကျနော်ရွှေဘို၊ မန္တလေးကားလမ်းပေါ်အထိလိုက်ပို့ပေးပြီး အဲ့နားကနေလမ်းခွဲလာတာပေါ့။ ၁၅ မိနစ်လောက် နေတော့ စိတ်ထဲမှာစိတ်မချသလိုဖြစ်နေလို့ ဖုန်းဆက်ကြည့်တော့ သူတို့ဖုန်းမကိုင်ဘဲ တခြားသူကိုင်တယ်။ အဲ့မှာကျနော် အရမ်းစိတ်ပူသွားလို့ နယ်မြေခံတွေဆီဖုန်းဆက်အကြောင်းကြားတယ်။”လို့ သင်တန်းဆရာက ပြောပါတယ်။
နယ်မြေခံတွေဆီက ချက်ခြင်းဆိုသလို ရောက်လာတဲ့သတင်းကတော့ ဆေးသင်တန်းတက်ဖို့သွားတဲ့သူတို့ရဲဘော်တွေ အဖမ်းခံလိုက်ရတယ်ဆိုတဲ့သတင်းကို ကြားခဲ့ရတာဖြစ်တယ်။
“အဲ့မှာသူတို့ကိုလမ်းမှာစောင့်နေတဲ့လူတစ်ယောက် လမ်းပြပါဆိုပြီး ခေါ်သွားတယ်။ ပြီးတော့ကလေးတွေကို စစ်တပ်ရှိတဲ့ ကျောင်းထဲကို တည့်တည့်မောင်းခေါ်သွားတာ။ အဲ့မှာကလေးတွေအသတ်ခံလိုက်ရတာပေါ့။” လို့ သင်တန်းဆရာက ပြော ပါတယ်။
အမှန်ကအဲ့ဒီနယ်ဟာ ဒေသကာကွယ်ရေးတပ်(PDF)တွေ စိုးမိုးထားတဲ့နယ်မြေဖြစ်လို့ စစ်ကြောင်းထိုးတာမျိုးမရှိတတ်တဲ့ နေရာဖြစ်တယ်။ နောက် သင်တန်းဆရာကိုယ်တိုင်ကလည်း နယ်မြေခံ PDF ခေါင်းဆောင်တွေဆီစုံစမ်းပြီး လမ်းကြောင်း ရှင်းတယ်ဆိုမှ လွှတ်ပေးလိုက်တာလို့ သူက ရှင်းပြပါတယ်။
သမီးဖြစ်သူတို့အသတ်ခံလိုက်ရပြီဆိုတဲ့သတင်းကို ဒေါ်ထွေးမြင့်တို့ဆီ ညနေပိုင်းလောက်မှာရောက်လာခဲ့ပါတယ်။ သမီး သတင်းကြားတာနဲ့ ဒေါ်ထွေးမြင့် ဆောက်တည်ရာမရနဲ့ သမီးဖြစ်သူရဲ့ဖုန်းကိုခေါ်ကြည့်၊ အတူပါသွားသူတွေရဲ့ဖုန်းကို ခေါ်တော့လည်း ဆက်မရနဲ့ ရင်တွေပူလာပါတယ်။
မဟုတ်ပါစေနဲ့လို့လည်း ပါးစပ်ကနေ တတွတ်တွတ်ရွတ်ဆုတောင်းရင်း တောင်ပြေးရမလား။ မြောက်ပြေးရမလား။ ဘာ ဆက်လုပ်ရမှန်း မသိတော့အောင်ထူပူနေခဲ့တယ်။
နောက်နေ့မှာတော့ သူ့ဆရာက စစ်တပ်ရဲ့ဝါဒဖြန့်လူမူကွန်ရက်မှာတင်ထားတဲ့ဆေးသင်တန်းတက်မယ့် လူငယ် ကိုးဦးလုံး စစ်တပ်နဲ့တွေ့ကာ ဖမ်းဆီးသတ်ဖြတ်ခံရတဲ့ဓါတ်ပုံတွေပြလာတော့ တစ်အိမ်လုံးငိုသံတွေနဲ့ဆူသွားသလို မေ့လဲသူလဲနဲ့။
ဒေါ်ထွေးမြင့်ကတွေးထင်ခဲ့တာက အဖမ်းခံရတာသေချာရင်တောင် ယောကျာၤးလေးတွေကိုတော့ သတ်ပစ်နိုင်ပေမယ့် သမီးနဲ့ တူမဖြစ်သူက အသက်ငယ်လွန်းတဲ့အတွက် မသတ်လောက်ဘူးလို့ ဖြေတွေးခဲ့တာပါ။
လက်တွေ့မှာတော့ အသတ်ခံရတဲ့အပြင် ဘယ်နားမှာဘယ်လိုပုံစံနဲ့သတ်ခဲ့မှန်းပင်မသိလိုက်။ အလောင်းလည်း ပြန်မရ။ သူတို့နဲ့ပတ်သက်တဲ့သတင်း တစွန်းတစလေးတောင်မရကြတော့ပါ။
“အသက်မပြည့်သေးတဲ့ကလေးလေးတွေကို ဘယ်လိုစိတ်နဲ့သူတို့သတ်တာလဲပေါ့။ ကျမကတော့ အဲ့ဒီစစ်တပ်ကို အတော် လေးကိုရွံတယ်။ မုန်းတယ်။ အမှန်တရားအတွက် တိုက်ပွဲဝင်တဲ့ကလေးတွေကို သူတို့ဥပဒေနဲ့ သတ်ခွင့်ရှိလား။” လို့ ပြော နေတဲ့ဒေါ်ထွေးမြင့်မျက်ဝန်းမှာ မျက်ရည်စတွေနဲ့ပါ။
ဒေါ်ထွေးမြင့်ရဲ့ဘဝတစ်ခုဖြစ်ခဲ့တဲ့ သမီးလေး ကျဆုံးခဲ့ရတဲ့အပေါ်ဂုဏ်ယူပေမယ့် သမီးကို နောက်ဆုံးအနေနဲ့မြင်တွေ့ခွင့် ကောင်းစွာသဂြိုလ်ခွင့်မရလိုက်တဲ့အပေါ်မှာတော့ စိတ်မကောင်းဖြစ်နေပါတယ်။ စစ်ကောင်စီကြောင့်သာ မဟုတ်ရင် တိုက်ပွဲတွေလည်း ဖြစ်လာစရာမလိုဘဲ သူ့သမီးလေးကိုလည်း ဆုံးရှုံးရမှာ မဟုတ်ပါဘူး။
အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)-WLB မှ အထွေထွေအတွင်းရေးမှူး နန်းမို့မို့က “အမျိုးသမီးနဲ့ကလေးတွေကို ပုံစံ အမျိုး မျိုးနဲ့သတ်ဖြတ်နေတာက ကျမတို့အနေနဲ့ သည်းခံလို့မရတဲ့အကြမ်းဖက်မှုတွေဖြစ်တယ်။ ဒီလိုလုပ်ရပ်တွေအတွက် တစ်နေ့ နေ့၊ တစ်ချိန်ချိန်မှာ စစ်တပ်အနေနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုမဖြစ်မနေရှိလာရမှာပါ။”လို့ ဆိုပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း လူငယ်တွေဟာ စစ်အာဏာရှင်ရဲ့လုပ်ရပ်တွေအပေါ်မှာ မခံနိုင်တဲ့စိတ်၊ တရားမျှတမှုကို ချစ်တဲ့စိတ်နဲ့ လူငယ်တွေရဲ့ဘဝ တိုးတက်လမ်းတွေ ပိတ်ပင်လိုက်တယ်ဆိုတဲ့စိတ်တွေနဲ့ တော်လှန်ရေးထဲမှာ ပါဝင်နေတာ ဖြစ်တယ်လို့ မြန်မာ့အမျိုးသမီး သမဂ္ဂ(BWU)ရဲ့မူဝါဒရေးရာဦးဆောင်အဖွဲ့ဝင် ဒေါ်တင်တင်ညိုက ပြောပါတယ်။
ဒါပေမယ့် “ အသက်မပြည့်တဲ့သူတွေ PDF မှာပါတယ်ဆိုရင် ဘယ်လက်နက်ကိုင်အဖွဲ့မဆို နိုင်ငံတကာကနေပြဌာန်းထားတဲ့ ဥပဒေ၊ လူ့အခွင့်အရေးဆိုင်ရာပြဌာန်းချက်တွေကို လိုက်နာရမှာဖြစ်တယ်။ အသက်မပြည့်တဲ့သူတွေကိုတော့ စစ်မှုထမ်းစေ တာတွေ၊ တိုက်ပွဲဆင်နွှဲတာတွေကတော့လုပ်မရဘူး။” လို့ သူက ထောက်ပြပါတယ်။
သို့ပေမဲ့ အသက်မပြည့်သေးတဲ့သူတွေအတွက် သူတို့လုပ်နိုင်တဲ့တာဝန်တွေပေးအပ်တာမျိုး လုပ်လို့ရနိုင်တယ်လို့လည်း ဒေါ် တင်တင်ညိုက ဆိုပါတယ်။
လက်ရှိမှာတော့ ဒေါ်ထွေးမြင့်ဟာ သမီးကိုပိုတိုးလွမ်းဆွတ်တာနဲ့အတူ စစ်အာဏာရှင်အပေါ် နာကျည်းစိတ်က ပိုလို့ပြင်းထန် နေပါတယ်။ ဒါကြောင့် သမီးကိုပေးထားတဲ့ကတိအတိုင်း ဒေါ်ထွေးမြင့်နဲ့ သားဖြစ်သူတို့ဟာ တော်လှန်ရေး ဆက်လုပ်ဖို့ ဆန္ဒ ရှိနေကြတယ်။
သို့ပေမဲ့ သားဖြစ်သူက အသက် ၁၃ နှစ်သာရှိသေးလို့ စစ်ပွဲထဲလိုက်လို့မရသေးပါဘူး။ ဒေါ်ထွေးမြင့်ကတော့ စစ်ပွဲထဲ ဝင်မ တိုက်နိုင်သေးဘဲ ချက်ပြုတ်ရေးမှာ သူနိုင်တဲ့ဝန်ကိုထမ်းကာ တော်လှန်ရေးအတွက် တစ်ဖက်တစ်လှမ်းက ကူနေပါတော့ တယ်။