စစ်ကိုင်း၊ မကွေးနဲ့ ချင်းက အရပ်သား ၁၃၀ ကျော် နှစ်ရှည်ထောင်ချခံထားရ

August 14th, 2023  •  Author:   Radio Free Asia  •  1 minute read
Featured image

နေပြည်တော် အကျဉ်းထောင်မှ အကျဉ်းသားများအား ၂၀၂၁ ခုနှစ် ဇူလိုင်လ ၂၈ ရက်နေ့က တွေ့ရစဉ်။

RFA က လက်လှမ်းမီသလောက် မှတ်တမ်းပြုစုထားချက်တွေအရ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်ကနေ ဇူလိုင်လ ၃၁ ရက်အထိ အရေးပေါ်ကာလ သက်တမ်း ခြောက်လအတွင်း အနောက်မြောက်တိုင်း စစ်ဌာနချုပ်နယ်မြေဖြစ်တဲ့ စစ်ကိုင်း၊ မကွေးနဲ့ ချင်းပြည်နယ်တို့မှာ အရပ်သား ၁၃၂ ဦး ထောင်ဒဏ်နှစ်ရှည်တွေ ချခံထားရပါတယ်။

ဒီအချက်အလက်တွေကို စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေကနေတစ်ဆင့် စောင့်ကြည့်မှတ်တမ်းယူခဲ့တာပါ။

ဒါဟာ စစ်ကောင်စီက တတိယအကြိမ် အရေးပေါ်ကာလသက်တမ်း ဆက်ယူထားပြီးတဲ့ နောက် စစ်ကိုင်းတိုင်းထဲက ၁၄ မြို့နယ်၊ မကွေးတိုင်းထဲက ငါးမြို့နယ်နဲ့ ချင်းပြည်နယ်က ခုနစ်မြို့နယ်ကို စစ်အုပ်ချုပ်ရေးကြေညာအပြီးမှာ ချမှတ်ခဲ့တာပါ။

စစ်တပ်အာဏာသိမ်းပြီးနောက် လူသားတစ်ယောက်ရဲ့ ရပ်တည်နေထိုင်ခွင့်တွေ ဆုံးရှုံးနေရပြီး တရားစီရင်ရေးဟာ အဆိုးရွားဆုံး အခြေအနေဖြစ်လာတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နိုင်ငံရေးအကျဉ်းသားအမှုတွေကို လိုက်ပါဆောင်ရွက်ပေးသူ ရှေ့နေတစ်ဦးက ပြောပါတယ်။

“အထူးခုံရုံးတို့ အရပ်ဘက်တရားရုံး မဟုတ်တဲ့ စစ်ခုံရုံးတွေမှာ ချမှတ်တဲ့အမိန့်တွေ ကိုတော့ ထောင်ထဲမှာရှိတဲ့ ထောင်ပိုင်အရာရှိတွေက တရားခံတွေကိုယ်စား အယူခံပြင်ဆင်ပေးရတယ်။ အယူခံတင်ပေးရတယ်။ ဖမ်းသွားတဲ့ အဖမ်းခံရတဲ့ ပုဂ္ဂိုလ်ကရော လူသားတစ်ယောက်အဖြစ် ရပ်တည်နေထိုင်မှု၊ ရပ်တည်နေထိုင်ပိုင်ခွင့် အခွင့်အရေးတွေအရပဲကြည့်ကြည့် မဖြစ်သင့်၊ မဖြစ်ထိုက်တဲ့ ဖမ်းဆီးခံရမှုနဲ့ ရပ်တည်နေထိုင်ပိုင်ခွင့်တွေ ဆုံးရှုံးနေရတဲ့ အခြေအနေဖြစ်တဲ့အတွက် အဆိုးရွားဆုံး အခြေအနေလို့ ပြောလို့ရတယ်”

နောက်ထပ်ရန်ကုန်မြို့က နိုင်ငံရေးအမှုလိုက် ရှေ့နေတစ်ဦးကတော့ တရားရုံးတွေက အပြီးသတ်အမိန့်ချမှတ်တဲ့အခါ စစ်ကောင်စီဘက်က ညွှန်ကြားထားချက်ကိုပဲဖတ်ပြပြီး အမိန့်ချမှတ်တာကြောင့် မျှတတဲ့တရားစီရင်ရေး မဟုတ်ဘူးလို့ ပြောပါတယ်။

ထောင်ဒဏ်နှစ်ရှည် ချခံထားရသူတွေဟာ စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ စစ်ကိုင်းတိုင်းထဲက ရွှေဘိုမြို့နယ်မှာ အရပ်သား ၄၁ ဦးနဲ့ အများဆုံးဖြစ်ပြီး ရေဦးမြို့နယ်မှာ ကိုးဦး၊ အင်းတော်မြို့နယ်မှာ ၁၁ ဦး၊ ခင်ဦးမြို့နယ်မှာခြောက်ဦး၊ ဝက်လက်မြို့နယ်မှာ လေးဦး၊ ပုလဲမြို့နယ်မှာ လေးဦး၊ ကောလင်းမြို့နယ်မှာ ခြောက်ဦး၊ ယင်းမာပင်နဲ့ ဆားလင်းကြီးမြို့နယ်တွေမှာ တစ်ဦးစီရှိတာကို တွေ့ရပါတယ်။

အနောက်မြောက်တိုင်း စစ်ဌာနချုပ်နယ်မြေထဲက စစ်အုပ်ချုပ်ရေး မကြေညာထားတဲ့ စစ်ကိုင်းတိုင်း မုံရွာမြို့နယ်မှာ ဆယ်ဦး၊ ကလေးမြို့နယ်မှာ လေးဦး၊ ကနီ၊ ဟုမ္မလင်းနဲ့ ချောင်းဦးမြို့နယ်တွေမှာ တစ်ဦးစီကို ထောင်ဒဏ်နှစ်ရှည်ချထားတာ တွေ့ရပါတယ်။

မကွေးတိုင်းထဲမှာဆိုရင် စစ်အုပ်ချုပ်ရေး ဒေသတွေဖြစ်တဲ့ ပေါက်မြို့နယ်မှာ ၁၇ ဦး၊ ဂန့်ဂေါမြို့နယ်နယ်မှာ ရှစ်ဦး၊ မြိုင်မြို့နယ်မှာ နှစ်ဦး၊ ဆောမြို့နယ်မှာ တစ်ဦး ထောင်နှစ်ရှည်ချခံထားရပါတယ်။

စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ ချင်းပြည်နယ်မှာလည်း ဟားခါးမြို့နယ်မှာ နှစ်ဦး၊ မတူပီနဲ့ မင်းတပ်မြို့နယ်မှာ တစ်ဦးစီကိုလည်း စစ်ခုံရုံးတွေကနေ ထောင်နှစ်ရှည်ချထားပါတယ်။

လက်နက်ကိုင် ခုခံတော်လှန်သူတွေကို ထောက်ပံ့ကူညီတာ၊ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တာ၊ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ အခြေအနေ သိပါလျက်နဲ့ သတင်းပေးပို့မှုမရှိလို့ ဖမ်းဆီးခဲ့တာ၊ မမှန်မကန်သတင်းဖြန့်ချိတာ စတဲ့စွပ်စွဲချက်တွေနဲ့ဖမ်းဆီးပြီး နှစ်ရှည်ထောင်ချထားတာပါ။

အခု ဖမ်းဆီးထောင်ချခံထားရသူ အများစုဟာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ- ၅၀ (က)၊ ၅၀(ည)၊ ၅၁(ဂ)၊ ၅၂(က)၊ ၅၂(ခ) တို့နဲ့ ထောင် ခုနစ်နှစ်ကနေ ထောင်ဒဏ် တစ်သက်အထိ ချခံရတာရှိသလို ဆူပူအောင်လှုံ့ဆော်မှုနဲ့ မမှန်မကန်သတင်းဖြန့်ချိမှု ပုဒ်မတွေ ဖြစ်တဲ့ ၁၂၄ (က)၊ ၅၀၅ (က) တွေနဲ့လည်း ထောင်နှစ်နှစ်ကနေ အနှစ် ၂၀ အထိ ချခံထားရပါတယ်။

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်၊ ဖွင့်လှိုင်းရွာက အသက် ၁၈ နှစ်အရွယ် ကိုလှိုင်မျိုးအောင်ဟာ ပြီးခဲ့တဲ့ ဇွန်လက သူ့ရဲ့ဖုန်းထဲမှာ ဖောက်ခွဲရေးပစ္စည်းပုံတွေ တွေ့ခဲ့ရတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ရွှေဘိုစစ်ခုံရုံးက အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၂ (က)၊ ၅၂ (ည) တို့နဲ့ အလုပ်ကြမ်းနဲ့ထောင် ၁၄ နှစ်ချမှတ်ခံခဲ့ရပါတယ်။

“ဆိုင်ကယ်ကို လိုင်စင်ဖမ်းတာ။ သူ့ရဲ့ဖုန်းထဲမှာက ဖောက်ခွဲရေးနဲ့ ပတ်သက်လို့ ရုပ်ပုံတွေ တွေ့သွားပုံရတယ်။ အဲဒါမှာ ဖြစ်သွားတာ။ သွားကြတာက နှစ်ယောက်သွားတာ။ သူကတော့ အကြမ်းဖက်မှု နှစ်မှုတပ်ခံလိုက်ရတာပေါ့လေ။ ဒီလို ပုံတွေဘာတွေတွေ့ရင် အကြမ်းဖက် နှိမ်နင်းရေးမှာလည်း မလုပ်ရဲအောင်လုပ်ထားတဲ့ ဥပဒေတွေလေ။ ဒါနဲ့ဖြစ်သွားတာဆိုတော့ သူတို့အတွက် စိတ်မကောင်းဘူး”

ကိုလှိုင်မျိုးအောင်ရဲ့ မိသားစုနဲ့ နီးစပ်သူတစ်ဦး ပြောသွားတာပါ။

အခုတော့ ကိုလှိုင်မျိုးအောင်ဟာ ရွှေဘိုထောင်မှာ အကျဉ်းချခံထားရပါတယ်။ ဒီအမှုမှာ လည်း စစ်ခုံရုံးက အမိန့်ချခဲ့တာကြောင့် ရှေ့နေနဲ့ခုခံချေပခွင့် မရခဲ့ပါဘူး။

မကွေး ဗဟိုအကျဉ်းထောင်အား တွေ့ရစဉ်။ (Photo: Citizen Journalist)

၂၀၂၃ ခုနှစ်၊ ဧပြီလကလည်း စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ စစ်ကိုင်းတိုင်း၊ အင်းတော်မှာ အမျိုးသမီး သုံးဦးကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကို ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးပြီး အင်းတော်စစ်ခုံရုံးက အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ- ၅၀(ည)၊ ၅၂(က)တို့နဲ့ အလုပ်ကြမ်းနဲ့ ထောင်တစ်သက်ချခဲ့ပါတယ်။

စစ်ခုံရုံးက ထောင်ဒဏ်တစ်သက် အမိန့်ချပြီးနောက် ကသာထောင်ကို ပို့လိုက်ပြီလို့ အဲဒီအမျိုးသမီးသုံးဦးအကြောင်းကိုသိရှိတဲ့ အင်းတော်မြို့က ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“အဲဒီအမျိုးသမီး သုံးယောက်က မြို့နယ် ပကဖ နှစ်ယောက်မြို့ထဲမှာ အဖမ်းခံရပြီး စာရင်းတွေ ပါသွားတာပေါ့။ အလှူရှင် နာမည်တွေရယ်၊ နောက်ပြီးတော့ ထောက်ပို့လုပ်ပေးတဲ့ သူတွေရယ်ပေါ့။ အဲဒီကနေ ဆက်စပ်ပြီးတော့ နေအိမ်တွေမှာ ဖမ်းသွားတာ။ သူတို့ကိုဖမ်းပြီး သိပ်မကြာဘူး အင်းတော် စစ်တပ်ကုန်းက စစ်ခုံရုံးကနေပဲ ထောင်တစ်သက်ချလိုက်တယ်။ သူတို့ကို ကသာထောင်မှာ ရွှေ့ထားတယ်။ ရှေ့နေတွေ လိုက်ခွင့်မရှိဘူးဗျ။ မိသားစုနဲ့တော့ တွေ့ခွင့်ရတယ်”

ဖမ်းဆီးခံရသူတွေဟာ အသက်လေးဆယ်ကျော် အရွယ်တွေဖြစ်တဲ့ အကြမ်းမဖက် အာဏာရှင် ဆန့်ကျင်လှုပ်ရှားသူ CDM ဆရာမ ဒေါ်သိန်းလှ၊ ဒေါ်အေးအေးနဲ့ အရောင်းအဝယ်လုပ်ကိုင်သူ ဒေါ်ခင်ပြည့်ပြည့်ထွန်းတို့ ဖြစ်ပါတယ်။

စစ်ခုံရုံးတွေမှာ ဖမ်းဆီး၊ ထောင်ချတဲ့အခါ စွပ်စွဲချက်တွေနဲ့ပတ်သက်လို့ ရှေ့နေနဲ့ ခုခံချေပခွင့် မရပါဘူး။

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဝန်ကြီးဌာနရဲ့ ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုးကတော့ စစ်ခုံရုံးတွေဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်ရာနေရာဖြစ်တယ်လို့ RFA ကို ပြောပါတယ်။

“စစ်ခုံရုံးတွေဆိုတာက လူ့အခွင့်အရေး စံချိန်စံညွှန်းတွေနဲ့ တိုင်းတာရင် စံချိန်မမီတဲ့ တရားရုံးတွေ၊ သူတို့ ပါးစပ်က သူတို့ (စစ်ကောင်စီ) စိတ်ထင်ရာလုပ်တဲ့ ယန္တရားတွေ ဖြစ်တယ်။ ပြစ်ဒဏ်တွေ ချမှတ်တာလည်း ထင်သလိုချမှတ်တာတွေဖြစ်တယ်။ တကယ်တမ်း လူ့အခွင့်အရေး ရှုထောင့်ကနေကြည့်ရင် ဘယ်လိုမှ လက်ခံနိုင်စရာတော့ မဟုတ်ဘူး။ ဒီဟာတွေအတွက်လည်း သက်ဆိုင်ရာ NUG အစိုးရအဖွဲ့ လူ့အခွင့်အရေးဝန်ကြီးဌာနကလည်း မှတ်တမ်းတွေ ကောက်နေတာရှိပါတယ်”

ဒီလိုလုပ်ရပ်တွေအတွက် စစ်ကောင်စီတာဝန်ရှိသူတွေက တာဝန်ခံရလိမ့်မယ်လို့လည်း သူက ဆိုပါတယ်။

လူ့အခွင့်အရေး အဖွဲ့တစ်ခုဖြစ်တဲ့ Progressive Voice ရှေ့ပြေးအသံအဖွဲ့ တည်ထောင်သူ ဒေါ်ခင်ဥမ္မာကတော့ စစ်ကောင်စီရဲ့ ဒီလိုလုပ်ရပ်တွေဟာ အရပ်သားတွေအပေါ် အကြမ်းဖက်မှု ကျူးလွန်တာလို့ ပြောပါတယ်။

“အရပ်သားတွေကို ဖမ်းဆီးထောင်ချ၊ ညှဉ်းပန်းနှိပ်စက်မှုတွေ၊ သတ်ဖြတ်မှုတွေပေါ့နော်။ အဲဒါတွေကိုကြည့်ရင် စစ်အုပ်စုက သူ့မှာ ဥပဒေကြောင်းအရရော၊ ပြည်သူလူထု ထောက်ခံမှုအရရော၊ နိုင်ငံတကာ ထောက်မှုအရရော ဘယ်ဘက်ကမှ မရနေတဲ့၊ တရားဝင်မှုမရှိတဲ့ အပြင် သူ့ရဲ့လုပ်ရပ်တွေက နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေနဲ့ ကြည့်ရင် အကြမ်းဖက်မှုကို ကျူးလွန်နေတာဖြစ်တယ်”

စစ်ခုံရုံးတွေက အမိန့်ချမှတ်တားတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ တစ်စုံတစ်ရာ သတင်းထုတ်ပြန် ပြောဆိုတာ မရှိပါဘူး။

စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ ပေမယ့်လည်း လက်ခံဖြေကြားတာ မရှိပါဘူး။

စစ်ကောင်စီဟာ တတိယအကြိမ် အရေးပေါ်ကာလ သက်တမ်းကြေညာပြီးနောက် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့မှာပဲ စစ်ကိုင်း၊ မကွေးနဲ့ ချင်းပြည်နယ်က ဒေသတချို့ကို စစ်အုပ်ချုပ်ရေး ကြေညာပြီးနောက် အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်သန်းထိုက်ကို အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးဆိုင်ရာ အာဏာပေးအပ်ခဲ့တာပါ။

အနောက်မြောက်တိုင်း စစ်ဌာနချုပ် စစ်တိုင်းမှူး ဗိုလ်ချုပ်သန်းထိုက်ဟာ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလက ဥရောပသမဂ္ဂ(အီးယူ) ရဲ့ အရေးယူဒဏ်ခတ်ပိတ်ဆို့မှု စာရင်းထဲပါခဲ့သူပါ။

စစ်တပ်အာဏာသိမ်းထားတဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်ကစလို့ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၄ ရက်အထိ နိုင်ငံတစ်ဝန်း စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ မြို့နယ် ၃၇ မြို့နယ်အထိ ရှိလာပြီဖြစ်ပါတယ်။

အခုလအစောပိုင်းကပဲ စစ်ကောင်စီဟာ အရေးပေါ်ကာလ သက်တမ်းကို စတုတ္တအကြိမ် နောက်ထပ်ခြောက်လ ထပ်တိုးခဲ့တာကြောင့် ဒီကာလအတွင်း အရပ်သားတွေ ဖမ်းဆီး ထောင်ချတာ၊ သတ်ဖြတ်ခံရတာတွေ၊ အကျဉ်းသားတွေ ဖိနှိပ်တာတွေ ပိုများလာမယ်လို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။


Original post.