တောခိုရင်း အိုးသူကြီးဖြစ်လာသူ အင်းစိန်မှ ဆိုက်ကားဆရာ

March 28th, 2023  •  Author:   Myanmar Now  •  1 minute read
Featured image

ရှေ့တန်းထွက် စစ်တိုက်လိုသော်လည်း အသက် ၅၀ ကျော်အရွယ်မို့ အိုးသူကြီးတာဝန်ဖြင့်သာ ကျေနပ်နေရသည်ဟု အိုးသူကြီးတာဝန်ခံ ဆိုက်ကားသမားဟောင်းက ဆိုသည်။

မတ်လရောက်ပြီဆိုသော်လည်း ထိုင်း-မြန်မာနယ်စပ် တောတွင်းတစ်နေရာတွင် အအေးဓာတ်လွှမ်းနေ ဆဲပင်။ နံနက်ဝေလီဝေလင်းဖြစ်သော်လည်း လူကြီးတစ်ယောက် ချွေးတလုံးလုံးနှင့် မနားတမ်းချက် ပြုတ်ကြော်လှော်နေသည်။ ဟင်းသီးဟင်းရွက်များ လှီးဖြတ်လိုက်၊ အနီးရှိဒယ်အိုးကြီး သွားမွှေလိုက် ဖြင့် လက်မလည်အောင် အလုပ်များနေသည်။

ကရင်ပြည်နယ်အတွင်း စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေသော စစ်ကြောင်းတစ်ခုမှ ထမင်းချက် တာဝန်ခံဖြစ်သည့် ထိုသူမှာ တော်လှန်ရေးရဲဘော်များအတွက် နံနက်စာပြင်ဆင်နေခြင်းဖြစ်သည်။

ကရင်ပြည်နယ်ရှိ ကော်သူးလေတပ်မတော်၏ ဆင်ဖြူစစ်ကြောင်း၊ တပ်ခွဲ (၂) တွင် ထမင်းချက်တာဝန် ခံဖြစ်ကာ အမည်ရင်း ဦးထွဋ်မြတ်ဖြစ်သော်လည်း တော်လှန်ရေးရဲဘော်များက မီးဖိုကြီးဟုသာ ခေါ် ကြသည်။

မီးဖိုကြီးအမည်ရ ဦးထွဋ်မြတ်မှာ​ ရှေ့တန်းထွက် စစ်တိုက်လိုသော်လည်း အသက် ၅၀ ကျော်အရွယ်မို့ အိုးသူကြီးတာဝန်ဖြင့်သာ ကျေနပ်နေရသည်။

“ရှေ့တန်းထွက်တိုက်ချင်တယ်၊ ရူးနေတာပဲ။ ဒါပေမဲ့ အသက်အရွယ်ကြောင့် မခေါ်ကြဘူး”

အင်းစိန်က ဆိုက်ကားဆရာ

မီးဖိုကြီး ဦးထွဋ်မြတ်မှာ အသက် ၅၂ နှစ်ရှိပြီဖြစ်သည်။ စစ်အာဏာရှင်လက်အောက်တွင် မနေလိုသော ကြောင့် မိသားစုကိုစွန့်ခွာကာ လက်နက်ကိုင်တော်လှန်ရေးထဲ ရောက်လာသူဖြစ်သည်။ အာဏာမသိမ်းမီက ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်မှ ဆိုက်ကားဆရာတစ်ဦးဖြစ်သည်။

အာဏာမသိမ်းမီက ဆိုက်ကားနင်းအသက်မွေးခဲ့သူ ဦးထွဋ်မြတ်မှာ စာဖတ်ဝါသနာပါသူလည်း ဖြစ်သည်။ (ဓာတ်ပုံ – Supplied)

 

 

 

 

 

 

 

 

 

 

 

 

 

 

နာမည်အားဖြင့် အထွဋ်အမြတ်ဖြစ်နေသော်လည်း ဦးထွဋ်မြတ်၏ လက်တွေ့ဘဝသည်ကား ကြမ်း တမ်းလှသည်။ အိမ်ငှားနေထိုင်ရင်း မိသားစုစားဝတ်နေရေးအတွက် သူကဆိုက်ကားနင်း၊ အမျိုးသမီး က ဈေးရောင်းသည်။ ရွှေတွဲလဲငွေတွဲလဲ မဟုတ်သော်ငြား မိသားစုဝမ်းဝသည်။ သားသမီးနှစ်ဦးကို လည်း ထိုက်သင့်အားလျော်စွာ ပြုစုစောင့် ရှောက်နိုင်သည်။

ဦးထွဋ်မြတ်မှာ ရန်ကုန်သားစစ်စစ်တော့ မဟုတ်ပေ။ မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်ရှိ ရွာတစ်ရွာမှဖြစ်သည်။ ရန်ကုန်ရောက်စက အသက် ၂၀ အရွယ်သာရှိသေးသည်ဟု တော်လှန်ရေး နယ်မြေရောက် အိုးသူကြီးတဖြစ်လဲ ဦးထွဋ်မြတ်က ဆိုသည်။

“လှည်းတန်း ဖက်ထုတ်ကြော် ဖက်ထုတ်ပေါင်းဆိုင်ကနေ လက်ဖက်ရည်ဆိုင်မျိုးစုံမှာ စားပိုးထိုး ဘဝကနေ အဖျော်ဆရာ၊ မုန့်ဆရာ ဘဝအမျိုးမျိုး ကျင်လည်ခဲ့ရတယ်။ အဲဒီကတဆင့် လက်ဖက်ရည် ဆိုင်မန်နေဂျာ၊ ဘီယာဆိုင်မန်နေဂျာ လုပ်ဖူးပါတယ်” ဟု ဦးထွဋ်မြတ်က သူ့ဘဝဇာတ်ကြောင်း ပြောပြသည်။

“ရန်ကုန်မှာ အိမ်ထောင်ကျတယ်။ အိမ်ထောင်ကျကတည်းက ဆိုက်ကားစနင်းပါတယ်။ အုံနာ (Owner) ဆီက ငှားနင်းတာပါ။ အဆင်ပြေလားဆိုတော့ အခြေခံလူတန်းစားဘဝဆိုတော့ အားလုံးသိကြတဲ့ အတိုင်းပါပဲ”

ဝမ်းရေးအတွက် ဆိုက်ကားနင်းနေရသော်လည်း ဦးထွဋ်မြတ်မှာ ကဗျာရူးစာရူးတစ်ယောက်ဖြစ်သည်။ စာဖတ်ဝါသနာကြီးသူဖြစ်ကာ သွားရင်လာရင်း စာစုံဖတ်သည်။ စာဖတ်ဝါသနာပါသည့်နည်းတူ နိုင်ငံ ရေးအခြေအနေကိုလည်း မျက်ခြေမပြတ်သူဖြစ်သည်။ ခေတ်အဆက်ဆက် စစ်အာဏာရှင်များ တိုက်ပြည်ဖျက်ဆီးခဲ့ပုံကို ကောင်းကောင်းနားလည် သဘောပေါက်သည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကို ထောက်ခံသူ လည်း ဖြစ်သည်။ စားဝတ်နေရေး မပြည့်စုံသူဖြစ်သော်လည်း ပါတီကို အလုပ်ပျက်အကိုင်ပျက်ဝန်းရံတတ်သူပင်။

“ပါတီမဲဆွယ်ရေး၊ စည်းရုံးရေး၊ အဲဒါတွေနဲ့ပဲ အချိန်ကုန်တော့ မိသားစုနဲ့က အဆင်မပြေတဲ့အချိန်တွေ များလာတယ်။ အဲဒါတွေလုပ်လွန်းလို့ အိမ်ထောင်ရေးထိခိုက်ခဲ့တာ အကြိမ်ကြိမ်ပဲ” ဟု ဦးထွဋ်မြတ်က ပြောသည်။

စစ်ဗိုလ်ချုပ်များဦးဆောင်သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ဆိုက်ကားသမားများက NLD ပါတီအတွက် ဝိုင်းဝန်းမဲဆွယ်ပေးခဲ့ကြသည်။ မဲဆွယ်စည်းရုံးရေးကာလအတွင်း ဆိုက်ကားသမားများ က NLD ပါတီ အင်္ကျီများဝတ်ဆင်လျက်၊ ရဲရဲတောက်ပါတီအလံများ ချိတ်ဆွဲလျက် ဝန်းရံအားပေးခဲ့ ကြရာ ပြိုင်ဘက် နိုင်ငံရေးပါတီများက ဆိုက်ကားသမားပါတီဟုပင် စောင်းမြောင်းတိုက်ခိုက် ကြသည်။

NLD ပါတီကို အနှေးယာဉ်လုပ်သားများက ပုံအောထောက်ခံခဲ့ခြင်းကြောင့် ဆိုက်ကားသမားပါတီဟု သမုတ်ခဲ့ကြသည်။ (ဓာတ်ပုံ − EPA)

ရွေးကောက်ပွဲတွင် သောင်ပြိုကမ်းပြိုအနိုင်ရပြီးနောက် ဒေါ်အောင်ဆန်းစုကြည်က ဆိုက်ကားသမား များကို သီးသန့်ဖိတ်ကြားကာ ကျေးဇူးတင်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ NLD ပါတီ၏ မဲဆွယ် စည်းရုံးရေးလှုပ်ရှားမှုများတွင် အင်းစိန်မြို့နယ်မှ ဆိုက်ကားသမား ဦးထွဋ်မြတ်လည်း ပါဝင်ခဲ့သည်။

“အဲဒီတုန်းက NLD အနိုင်ရခဲ့ရင်ဆိုတဲ့ မျှော်လင့်ချက်က ကျွန်တော်တို့ဘဝ ဆိုတာထက် မျိုးဆက်သစ် တို့နဲ့ မြန်မာနိုင်ငံကို အဆင့်တန်းရှိရှိ တိုးတက်စေချင်တာပါ။ ကျွန်တော်တို့သက်တမ်းက တဝက်ကျော် ပြီလေ ကိုယ့်အတွက်လို့ မစဉ်းစားခဲ့ဘူး”

ဆိုက်ကားဂိတ်၊ သမ္မာန်ဂိတ်နှင့် လမ်းဘေးဈေးဆိုင်များပါမကျန် နိုင်ငံတဝန်း တလူလူလွင့်ခဲ့သော NLD အမှတ်တံဆိပ်၊ NLD အလံနှင့် ဒေါ်အောင်ဆန်းစုကြည်၏ဓာတ်ပုံများမှာ လက်ရှိအချိန်၌ စစ်အာဏာ သိမ်းမှုနှင့်အတူ ပျောက်ခြင်းမလှ ပျောက်ကွယ်သွားပြီဖြစ်သည်။ စစ်ကောင်စီ၏ ရက်စက်ကြမ်း ကြုတ်မှုကြောင့် ဒီမိုကရီစီမည်သော မြေဆီလွှာ၌ပေါက်ဖွားရှင်သန်ခဲ့သော နိုင်ငံရေးပုံရိပ်များ ပျောက်ပျက်ခဲ့ပြီဖြစ်သည်။

လက်နက်ကိုင်တော်လှန်ရေး

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်တပ်က တိုင်းပြည်အာဏာသိမ်းယူလိုက်ပြီးနောက် မခံမရပ်နိုင်သော နိုင်ငံတဝန်းမှ ပြည်သူများလမ်းပေါ်ထွက်ခဲ့ကြသည်။ အင်းစိန်မြို့နယ်မှ ဆိုက်ကား သမား ဦးထွဋ်မြတ်လည်း ဆိုက်ကားနင်းအလုပ်ကို စိတ်မဝင်စားတော့။ နေ့စဉ် နေ့တိုင်း ဆန္ဒပြလူအုပ် ကြီးနှင့် အတူလိုက်သည်။​

လမ်းပေါ်ထွက် ငြိမ်းချမ်းစွာဆန္ဒပြနေခြင်းဖြစ်သော်လည်း အရှိန်အဟုန်ကောင်းလာသောအခါ အာဏာသိမ်း စစ်ကောင်စီက စတင်အကြမ်းဖက်တော့သည်။ ကျည်အစစ်ဖြင့် အသက် ၂၀ အရွယ် လူငယ်လူရွယ်များကို ရွေး၍ ဦးခေါင်းကို ချိန်ရွယ်ပစ်ခတ်စေသည်။ ရိုက်နှက်ဖမ်းဆီးစေသည်။

ဦးထွဋ်မြတ်၏ အတူဆန္ဒပြဖော်ပြဖက်များလည်း အဖမ်းခံရသူခံရ၊ ထွက်ပြေးတိမ်းရှောင်ရသူရှောင်ရ ဖြစ်လာသည်။ လက်နက်ကိုင်တော်လှန်ရေးအတွက် လူငယ်အများစု မြို့ပြကိုစွန့်ခွာကာ တောခိုသွား ကြသည်။ မိတ်ဆွေအချို့ စစ်သင်တန်းတက်ရန် ထိုင်း-မြန်မာနယ်စပ် တောတွင်းတစ်နေရာတွင် ရောက်နေပြီဟုသိရချိန် ဦးထွဋ်မြတ်လည်း လိုက်သွားရန် ဆုံးဖြတ်လိုက်သည်။

“လက်နက်ကိုင်ပြီးတော်လှန်မှ ဒီပြဿနာကြီးကပြီးမှာ။ လက်နက်မပါလည်း သူတို့က သတ်နေကြ ပြီလေ။ အဲဒီတော့ ကိုယ်လည်းလက်နက်ကိုင်ဖို့လိုပြီဆိုပြီး ဆုံးဖြတ်လိုက်တာ”

ထိုသို့ဖြင့် အင်းစိန်မှဆိုက်ကားသမားတစ်ဦး ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ဖွဲ့ဝင်ဖြစ် လာသည်။ စစ်သင်တန်းတက်စဉ်က တောတောင်ထူထပ်သည့် သင်တန်းနေရာရောက်ရှိရေး တစ်နေ ကုန် ခြေလျင်လျှောက်ခဲ့ရသည်ဟု ဦးထွဋ်မြတ်က အမှတ်တရဆိုသည်။

“မနက် ၆ နာရီလောက်က စတက်တာ၊ ညနေ ၆ နာရီလောက်ကျမှ သင်တန်းပေးရာ တောင်ပေါ်စခန်းကို ရောက်တယ်။ တောင်ပေါ်က တိုင်းရင်းသားခေါင်းဆောင် အဖိုးတစ်ယောက်ပြောတာ၊ ဒီတောင်ပေါ်ကို ရောက်အောင်တက်နိုင်ခဲ့တာကိုက သင်တန်းတဝက် အောင်ပြီမှတ်ပါတဲ့”

စစ်သင်တန်းဆိုသည့်အတိုင်း သတ်မှတ်ချက်စည်းကမ်းများကို တိတိကျကျ လိုက်နာရသည်။​ အဆက် မပြတ် သည်းထန်နေတတ်သော မိုးရေများအောက်တွင် ခက်ခက်ခဲခဲ လေ့ကျင့်သင်ကြားရသည်။ စစ် သင်တန်း သုံးလအတွင်း နေမမြင်ရလောက်အောင် မိုးရွာသောရက်များမှာ နှစ်လနီးပါးရှိသည်ဟု ဆိုသည်။ သုံးလစစ်သင်တန်းမှာ မိုးများလွန်းသဖြင့် သုံးလမပြည့်မီ ရက်ပိုင်းအလို၌ပင် သင်တန်းပြီးခဲ့ ရသည်။

အိုးသူကြီးရာထူး

ဆိုက်ကားဆရာမှ PDF တပ်ဖွဲ့ဝင်ဖြစ်လာသူ ဦးထွဋ်မြတ်မှာ စစ်သင်တန်းတက်နေရင်း၌ပင် အိုးသူကြီး ဘဝရောက်ခဲ့ခြင်းဖြစ်သည်။

“ရဲဘော်တစ်ယောက်က သူတို့ချည်းမနိုင်လို့ ကိုထွဋ်မြတ်က အများစာအိုးကြီး ဟင်းချက်တော် ကြောင်း သင်တန်းတာဝန်ခံကို သတင်းပေးလို့ တာဝန်ပေးခံရတာက စတာပါ။ အခုထိဆိုပါတော့” ဟု အိုးသူကြီး ဦးထွဋ်မြတ်က ရှင်းပြသည်။

ဖက်ထုတ်ဆိုင်မှသည် ဘီယာဆိုင်ပါမကျန် လက်ဖက်ရည်ဆိုင်မျိုးစုံအထိ အလုပ်မျိုးစုံလုပ်ခဲ့ဖူးသူ ဖြစ်ရာ ချက်ရေးပြုတ်ရေး နားမဝေးလှပေ။ ဘဝပေးအခြေအနေအရ မရှိရှိတာနှင့် ဟင်းတစ်ခွက် ဖြစ်အောင် ကြံဖန်ချက်ပြုတ်စားသောက်တတ်သည်။ အလွန်အသုံးတည့်သော အရည်အချင်း ဖြစ်လာသည်။

မူလရည်ရွယ်ချက်အရ သေနတ်ကိုင် တိုက်ပွဲမဝင်ရသော်လည်း အသက်အသေခံတိုက်နေသော လူငယ်များအတွက် ဖွယ်ဖွယ်ရာရာ ချက်ပြုတ်ကျွေးမွေးနေရသည်ကို ဦးထွဋ်မြတ်ကျေနပ်သည်။ သူစီစဉ်သည့် အစား အသောက်ဟင်းလျာကိုစားပြီး စစ်ကောင်စီကိုတိုက်ရန် ထွက်သွားသည့် လူငယ်များ၏ကျောပြင်ကို ငွေးကြည့်ရင်း နွေဦးတော်လှန်ရေးတွင် တစ်ထောင့်တစ်နေရာမှ ပါဝင်ခွင့်ရသည်ဟု ဖြေသိမ့်သည်။

“ပီတိဆိုတာထက် တာဝန်ကျေတာကို ကျေနပ်မိတယ်။ ကျွန်တော့်လက်ရာကို ရဲဘော်အများစုကလည်း ကြိုက်ကြတယ်” ဟု အတူနေရဲဘော်များက “မီးဖိုကြီး” ဟု နာမည်ပေးထားခြင်းခံရသူ ဦးထွဋ်မြတ်က ဆိုသည်။

“တစ်ပတ်မှာ တခါတလေ တစ်ရက်နှစ်ရက်တော့ အဆင်ပြေရာ အသားဟင်းချက်ပေးတယ်။ ပျော်ပါ တယ်၊ ကိုယ်တတ်တာလေးနဲ့ တော်လှန်ရေးကို ထောက်ပံ့ပါဝင်နေရတာ”

စားဖိုမှူးအလုပ်မှာ လွယ်ကူသော အလုပ်မဟုတ်ပါပေ။ လူလေးငါးဆယ်သာအတွက် စီစဉ်ချက်ပြုတ်ရ သည် ဖြစ်ရာ အခြားသော အလုပ်တာဝန်များနည်းတူ ပင်ပန်းရသည်။ နယ်မြေဒေသ၊ လူနေမှုပုံစံ၊ ဘာသာစကားမှစ၍ အစစအရာရာ မတူကွဲပြားသူများအကြား နေထိုင်လုပ်ကိုင်ရသည်ဖြစ်ရာ အိုးသူကြီး ဦးထွဋ်မြတ်အတွက် ဆိုက်ကားနင်းသည့်အလုပ်ထက် ဆင်းရဲပင်ပန်းလှသည်။

မနက်စာတစ်ခုအတွက်ပင် ဆန်လေးပြည်ကုန်သည်။ ပြည်ဝင်အိုးကြီးဖြင့် လေးခေါက်ခွဲချက်ရသည်။ ဟင်းလျာအတွက်မူ ဒေသထွက် ခရမ်းသီး၊ မုန်ညှင်း၊ မုန်လာဥတို့ကို အသားတု၊ အာလူး၊ ကြာဇံတို့ဖြင့် တစ်နေ့တစ်မျိုး မရိုးအောင် လက်စွမ်းပြရသည်။

“မနက်စာ အဆာပြေက ထမင်းကြော်ကျွေးတဲ့ရက်တွေရှိတယ်။ ခေါက်ဆွဲထုပ် ကော်ဖီစတာတွေ ကျွေး တဲ့ရက်ရှိတယ်။ နေ့လယ်စာ၊ ညစာ ပုံမှန်ကတော့ တပ်တွင်းရိက္ခာရှိတာကို အဆင်ပြေအောင် စီမံရပါ တယ်။ သီးခြားအလှူရှင်ရှိတဲ့အခါ အလှူရှင်ဆန္ဒအတိုင်း ဟင်းအမျိုးမျိုး ချက်ကျွေးရပါတယ်”

“လူအင်အား များရင်များသလို နည်းရင်နည်းသလို တပ်စိတ်တွေက အလှည့်ကျနဲ့ လုပ်အားပေးအကူ တွေပေးပါတယ်။ ကျွန်တော် ဦးဆောင်ကြီးကြပ်တဲ့ စားဖိုမှူးပါ” ဟုလည်း ဦးထွဋ်မြတ်က ဆိုသည်။

အင်းစိန်မှ ဆိုက်ကားဆရာကြီးမှာ အခက်အခဲမျိုးစုံကို တော်လှန်ရေးဆိုသော အသိစိတ်ဖြင့်ကျော်ဖြတ် နေရင်း မိသားစုကို လွမ်းမိနေတတ်သည်။ “ငါ့လှေငါထိုး ပဲခူးရောက်ရောက်” ဆိုသည့်အတိုင်း သူ့လုပ်ရပ်အပေါ် မိသားစုက စိတ်နာနေမလားဟု တခါတရံတွေးမိတတ်သည်။

“အဆက်အသွယ်ကို မရတော့ပါဘူးဗျာ” ဟု မီးဖိုကြီးက ညည်းသည်။

အာဏာသိမ်းပြီး လအတန်ကြာကတည်းက ရန်ကုန်မြို့ကို စွန့်ခွာခဲ့သူဖြစ်သောကြောင့် မိသားစုနှင့် ဝေးကွာနေသည်မှာ နှစ်နှစ်နီးပါးရှိဖြစ်သည်။​

“သားတစ်ယောက် သမီးတစ်ယောက်ရှိပါတယ်။ ၂၀ ကျော်အရွယ်ဖြစ်ပြီး အကုန်အိမ်ထောင်တွေ ကျကုန်ပြီ။ ထိုင်းမှာ အလုပ်လုပ်ကြတယ်။ သားကြီးက မြေးဦးလေးမွေးပြီ။ ဒါပေမဲ့ မမြင်ဖူးသေးဘူး”

မိသားစုကိုသတိရတိုင်း ထမင်းဟင်းသာချက်နေမိတော့သည်။

မိုးလင်းစပြုလာသည်။ တောတောင်အတွင်းမှ ကျေးငှက်သံလေးများ ကြားရသည်။ မီးဖိုဘေးရှိ ဝါးပင်များအကြား အလင်းရောင်များ ကျလာသည်။ တစ်မနက်စာ ချက်ပြုတ်ပြီးစီးပြီမို့ မီးဖိုကြီးခေါ် ဦးထွဋ်မြတ်မှာ မီးဖိုကြီးအအနီးမှာပင် အမောဖြေနေသည်။ တော်လှန်ရေးရဲဘော်များလည်း တစ် ယောက်ပြီးတစ်ယောက် နိုးလာကြကာ သွားတိုက်မျက်နှာ သစ်ကြသည်။

နံနက်စာကား အဆင်သင့်ပင်။

ချက်ခန်းပြုတ်ခန်း နားချိန်မို့ အင်းစိန်မှ ဆိုက်ကားသမားကြီး အတွေးနယ်ချဲ့နေဆဲပင်။ တော်လှန်ရေး ပြီးဆုံးသည့်အခါ သုံးဘီးဆိုင်ကယ် လေးတစ်စီးဝယ်မည်ဟု စိတ်ကူးသည်။ အတွေးနှင့်အတူ စိတ်ကူး ထဲက စကားလုံးများ ထွက်ကျလာသည်။

“ဆယ်ပေဖြစ်ဖြစ် ခြံအပိုင်လေး လိုချင်တယ်။ နားလည်မှုလွဲနေတဲ့ မိသားစုနဲ့ အတူပြန်နေချင်တယ်။ ကိုယ်တတ်တဲ့မုန့်ပညာ၊ ဟင်းချက်ပညာလေးနဲ့ အေးအေးချမ်းချမ်း ဈေးရောင်းချင်တယ်”

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)


View the original