၂၀၂၃ ခုနှစ် မတ်လ ၂၀ ရက်
မိမိတို့ အရပ်ဘက်လူထုအဖွဲ့အစည်း ၂၀၁ ဖွဲ့သည် ဘင်္ဂလားဒေ့ရှ်မှ ရိုဟင်ဂျာဒုက္ခသည်များကို မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရေး ‘ရှေ့ပြေးစီမံချက်’ တွင် ကုလသမဂ္ဂ၏ ပါဝင်ဆောင်ရွက်မှုကို ပြင်းပြင်းထန်ထန် ရှုတ်ချပါသည်။ အောက်တွင်လတ်မှတ်ရေးထိုးထားသော မိမိတို့ အရပ်ဘက်လူထုအဖွဲ့အစည်း များသည် ကုလသမဂ္ဂ၏ လျှို့ဝှက်စွာပါဝင်မှုနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Cox’s Bazar သို့ မြန်မာစစ်အုပ်စုက သွားရောက်သည့် ခရီးစဉ်ကို လွယ်ကူချောမွေ့စေရေး ဆောင်ရွက်ပေးရာတွင် ပါဝင်မှုတို့ကြောင့် မိမိတို့ ထိတ်လန့် တုန်လှုပ်ရပါသည်။ စစ်အုပ်စု၏ အဖွဲ့ဝင်များကို Cox’s Bazar သို့ပို့ဆောင်သည့် ခရီးစဉ်တွင် ပါဝင်ကူညီခဲ့သည့် ကုလသမဂ္ဂအေဂျင်စီများက ၎င်းတို့အသုံးပြုခဲ့သည့် လှေများပေါ်မှ UN အမှတ်အသားများကို ဖယ်ရှားခဲ့ကြောင်း သိရှိရသည်။ ရိုဟင်ဂျာဒုက္ခသည်များအနေဖြင့် မြန်မာနိုင်ငံသို့ ဘေးကင်းလုံခြုံမှုရှိပြီး မိမိဆန္ဒအလျောက် ဂုဏ်သိက္ခာရှိစွာဖြင့် ရေရှည်တည့်တံ့သော နေရပ်ပြန်နိုင်ရေးအခြေအနေ မရှိနေသည့်အချိန်တွင် ရည်ရွယ်ချက် ရှိရှိဖြင့် အတင်းအကျပ် နေရပ်ပြန်ပို့ရန် ကြိုးပမ်းမှုတွင် ကုလသမဂ္ဂက ပါဝင်ဆောင်ရွက်နေသည်မှာ ရှည်လျားကြာမြင့်နေပြီဖြစ်ပြီး ယခုလုပ်ဆောင်မှုသည် ထိုလုပ်ရပ်၏ နောက်ဆက်တွဲတစ်ခုပင် ဖြစ်သည်။ ဤလုပ်ဆောင်မှုသည် မြန်မာနိုင်ငံအရေးတွင် ကုလသမဂ္ဂ၏ “ကြားနေရေး” ဆိုသည့်ရပ်တည်ချက် မရှိသည်ကို ဖော်ထုတ်ပြသနေသကဲ့သို့ ဘက်မလိုက်ရေးနှင့် “မည်သူမျှ ထိခိုက်နစ်နာမှုမရှိစေရေး” ဟူသော လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာအခြေခံမူများကို လိုက်နာရန် ပျက်ကွက်နေခြင်းသည် ကုလသမဂ္ဂ၏ လုပ်ရပ်အပေါ် မြန်မာလူထု၏ ယုံကြည်မှုကို ပိုမိုပျက်ပြားစေပါသည်။
၂၀၂၃ ခုနှစ် မတ်လ ၁၅ ရက်နေ့တွင် Cox’s Bazar သို့ မြန်မာစစ်အုပ်စု၏ သွားရောက်ခဲ့မှုသည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) နှင့် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) တို့ ပါဝင်သည်ဟုသိရသော နေရပ်ပြန်ပို့ရေး ‘ရှေ့ပြေးစီမံချက်” ၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး တရုတ်အစိုးရ၏ ကြားဝင်စေ့စပ်မှုဖြင့် တရားမဝင်စစ်အုပ်စုနှင့် ဘင်္ဂလာဒေ့ရှ်တို့အကြား နှစ်နိုင်ငံသဘောတူစာချူပ် ချူပ်ဆိုမှု၏ ရလဒ်ဖြစ်သည်။ ကုလသမဂ္ဂ လူ့အခွင့်အရေးအခြေအနေဆိုင်ရာအထူးကိုယ်စားလှယ်၏ မကြာသေးမီက ထုတ်ပြန်သော ညီလာခံစာတမ်းတွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မြန်မာလူထု၏ တရားဝင် ရွေးကောက်တင်မြှောက်ခံထားရသော ကိုယ်စားလှယ်များထံမှ အာဏာသိမ်းယူရန် ကြိုးပမ်းမှုသည် “တရားမဝင်ဘဲ စစ်အုပ်စုမှ ၎င်းသည် တရားဝင်အစိုးရ ဖြစ်ကြောင်း ပြောဆိုမှုသည်လည်း တရားမဝင်” ဟု ဖော်ပြထားသည်။
လူမျိူးသုဥ်းသတ်ဖြတ်မှုမှ အသက်ရှင်ကျန်ရစ်သူ ရိုဟင်ဂျာများကို လူသတ်ကွင်းများထဲသို့ ပြန်ပို့ခြင်းမှ တားဆီးရန် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချူပ်အနေဖြင့် ချက်ချင်း ကြားဝင်ဆောင်ရွက်ပေးရမည် ဖြစ်သည်။ ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာများသည် လက်ရှိအချိန်အထိ ဖိနှိပ်ခံနေရပြီး လူမျိူးရေးခွဲခြားမှု စနစ်အောက်တွင် နိုင်ငံသားဖြစ်ခွင့်ကို ငြင်းပယ်ခံနေရဆဲ ဖြစ်သည်။ ၎င်းတို့သည် ပြည်တွင်း ဒုက္ခသည်စခန်းများတွင် လွတ်လပ်စွာ သွားလာခွင့်မရှိဘဲ ပိတ်လှောင်ခံနေရပြီး စားနပ်ရိက္ခာနှင့် ကျန်းမာရေး၊ ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းမှု စသည့် မရှိမဖြစ်လိုအပ်သော ဝန်ဆောင်မှုများအား လက်လှမ်းမီမှုမှ ဖြတ်တောက်ခံထားရသည်။ လူမျိူးသုဥ်းသတ်ဖြတ်မှုနှင့် လူသားမျိူးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို ကျူးလွန်သူများသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းရန် ကြိုးပမ်းခဲ့သည့် အချိန်မှစ၍ နိုင်ငံတစ်ဝှမ်းလုံးတွင် ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများကို အလားတူ ဆက်လက် ကျူးလွန်နေဆဲ ဖြစ်သည်။ ကုလသမဂ္ဂ၏ လွတ်လပ်သော နိုင်ငံတကာအချက်အလက်ရှာဖွေရေးမစ်ရှင်က မှတ်တမ်းတင် ထားသည့်အတိုင်း ၎င်းတို့သည် အာဏာသိမ်းရေးကြိုးပမ်းမှု မတိုင်မီကပင် ရိုဟင်ဂျာများအပေါ် လူမျိုးသုဥ်းသတ်ဖြတ်မှုနှင့် အခြားတိုင်းရင်းသားလူမျိူးစုများအပေါ် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများကို ဆယ်စုနှစ်များစွာ ကျူးလွန်ထားခဲ့ပြီး ဖြစ်သည်။
အထွေထွေအတွင်းရေးမှူးချူပ်သည် မြန်မာနိုင်ငံတွင် ၂၀၁၇ ခုနှစ် လူမျိူးသုဥ်းသတ်ဖြတ်မှု ဖြစ်ပေါ်နေချိန်တွင် ကုလသမဂ္ဂဘက်မှ ထိုအရေးနှင့်ပတ်သက်၍ ကိုင်တွယ်ဖြေရှင်းရာတွင် စနစ်ပိုင်းဆိုင်ရာနှင့် ဖွဲ့စည်းတည်ဆောက်မှုပိုင်းဆိုင်ရာ ကျရှုံးမှုများကို တွေ့ရှိခဲ့သည့် “Rosenthal အစီရင်ခံစာ” ၏ အကြံပြု တိုက်တွန်းချက်များကို အခြေခံပြီး လုပ်ငန်းစီမံချက်တစ်ခုကို အဓိပ္ပာယ်ပြည့်ဝစွာဖြင့် အရေးတကြီး အကောင်အထည်ဖော်နိုင်ရန် ရေးဆွဲရမည်ဖြစ်သည်။ Rosenthal အစီရင်ခံစာတွင် ပါရှိသည့် “အကြံပြု တိုက်တွန်းချက်များကို လိုက်နာဆောင်ရွက်ရေးဆိုင်ရာ တိုးတက်မှုများနှင့်ပတ်သက်၍” အထွေထွေ အတွင်းရေးမှူးချူပ်၏ ၂၀၂၂ ခုနှစ် အခြေအနေဖော်ပြချက်တွင် ၎င်းအစီရင်ခံစာ၌ ဖော်ပြထားသည့် မြန်မာနိုင်ငံအတွက် အဓိကကျသော ဆိုးရွားလှသည့် ပြဿနာများကို ကိုင်တွယ်ဖြေရှင်းရန် ပျက်ကွက်ခဲ့သည်။ ယင်းအစီရင်ခံစာသည် ပြည့်စုံကျယ်ပြန့်သည့် စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် တောင်းဆိုထားသည့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ တောင်းဆိုချက်ကို ဖြည့်ဆည်းမှုမရှိခဲ့သည့်အပြင် မြန်မာနိုင်ငံအရေးနှင့်ပတ်သတ်၍ ကုလသမဂ္ဂ၏ အဆောက်အအုံပိုင်းဆိုင်ရာ အထူးကြီးမားသော ကျရှုံးမှုကို ဖော်ပြရန် ပျက်ကွက်ခဲ့သည်။
“UNHCR ၏ ဆန်းစစ်လေ့လာမှုအရ ရခိုင်ပြည်နယ်၏ လက်ရှိအခြေအနေ (၎င်းတို့ နေရပ်ပြန်ရမည့်နေရာ) သည် ရိုဟင်ဂျာ ဒုက္ခသည်များအတွက် လုံခြုံပြီး ရေရှည်တည်တံ့သော နေရပ်ပြန်ရေးကို ဖြစ်စေမည့်အခြေအနေ မရှိနေ” သော်လည်း Myanmar Accountability Project မှ ဖော်ထုတ်ထားသည့် ကုလသမဂ္ဂထိပ်တန်းအရာရှိများကြား အတွင်းရေးဆက်သွယ်မှုအရ UNHCR သည် လူမျိူးတုံးသတ်ဖြတ်မှု ကျူးလွန်နေသည့်စစ်အုပ်စုကို လိုက်လျောပေးရန် ဆန္ဒရှိကြောင်း သိရှိရသည်။ UNHCR သည် ရိုဟင်ဂျာ ဒုက္ခသည်များ၏ ဘေးကင်းရေး၊ လုံခြုံရေးနှင့် ထပ်မံပြီးသားကောင်မဖြစ်စေရေးမှ ကာကွယ်ပေးရေးတို့ထက် စစ်အုပ်စုနှင့် ဘင်္ဂလားဒေ့ရှ်အစိုးရတို့နှင့် ၎င်းတို့၏ဆက်ဆံရေးကို ဦးစားပေးသည့် UNHCR ၏ ဆုံးဖြတ်ချက်သည် မြေပြင်ရှိ လက်တွေ့အခြေအနေများနှင့် လုံးလုံးလျားလျား ကင်းကွာနေသည့် ကုလသမဂ္ဂ၏ ချဉ်းကပ်မှုကို ထောက်ပြနေသည်။ ဒုက္ခသည်များကို အကာအကွယ်ပေးရမည့်အစား ထိုဒုက္ခသည်များကို အသက်အန္တရာယ် ကျရောက်စေမည့် သမိုင်းစဉ်ဆက်ပြုလုပ်ခဲ့သည့် အမှားများကို ထပ်ခါတလဲလဲ လုပ်ဆောင်နေသည်။
Rosenthal အစီရင်ခံစာသည် အတွင်းရေးမှူးရုံးနှင့် အထူးသဖြင့် လူမျိူးသုဥ်းသတ်ဖြတ်မှုခံရသူများအား ပံ့ပိုးကူညီပေးရေး မဖြစ်မနေဆောင်ရွက်ပေးရမည့်အချိန်တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီက ကိုယ်စားပြုသည့် ကုလသမဂ္ဂ စုပေါင်းအဖွဲ့ဝင်များမှ ပံ့ပိုးကူညီမှု လုပ်ဆောင်ရန် ပျက်ကွက်မှုကိုလည်း ဖော်ပြနေသည်။ လူမျိူးသုဥ်း သတ်ဖြတ်မှု ဖြစ်စဉ်မှသည် ငါးနှစ်တာကာလအတွင်းတွင် စစ်တပ်ကို ပစ်မှတ်ထားသည့် ကမ္ဘာလုံးဆိုင်ရာ လက်နက်တင်ပို့ရောင်းချမှု ပိတ်ဆို့ရေး၊ ပစ်မှတ်ထား ဒဏ်ခတ်အရေးယူပိတ်ဆို့မှုများနှင့် မြန်မာနိုင်ငံ အခြေအနေကို နိုင်ငံတကာရာဇဝတ်ခုံရုံး (International Criminal Court) သို့ လွှဲပြောင်းပေးရေးတို့နှင့် ပတ်သတ်၍ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်တစ်စုံတစ်ရာကို မတွေ့ရှိရသေးပါ။
လက်ရှိ ရိုဟင်ဂျာအရေးကို လူမျိူးသုဥ်းသတ်ဖြတ်မှုကျူးလွန်သူများကြောင့် ဖြစ်ပေါ်နေသည့် နိုင်ငံရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာနှင့် လူ့အခွင့်အရေးဆိုင်ရာ အကျပ်အတည်းများမှ ခွဲထုတ်၍ မရပေ။ စစ်အုပ်စု၏ တောင်းဆိုချက်များကို အလျှော့ပေးပြီး လူမျိူးသုဥ်းသတ်ဖြတ်မှုကျူးလွန်သူများ၏ လက်ထဲသို့ ရိုဟင်ဂျာများကို ပြန်ပို့ခြင်းသည် ရိုဟင်ဂျာများ၏ ရှည်လျားကြာမြင့်စွာ ခံစားနေရသည့် အကျပ်အတည်း အခက်အခဲများကို ဖြေရှင်းနိုင်မည် မဟုတ်ပါ။ ၎င်းတို့၏ ဘဝများနှင့် အနာဂတ်တို့နှင့်သက်ဆိုင်သည့် ဆုံးဖြတ်ချက်များကို ချမှတ်ရာတွင် ၎င်းတို့ကိုယ်တိုင် အဓိပ္ပါယ်ပြည့်ဝစွာဖြင့် ပါဝင်စေပြီး မြန်မာစစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများအပေါ် ခိုင်မာ၍ ပြင်းထန်သည့် အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်ခြင်းအားဖြင့် ကျူးလွန်ခံရသူများနှင့် အသက်ရှင်ကျန်ရစ်သူများအတွက် တရားမျှတမှုနှင့် တာဝန်ယူမှု တာဝန်ခံမှုများ ရှိလာစေရေး လုပ်ဆောင်ရန် လိုအပ်သည်။
ကုလသမဂ္ဂသည် ၎င်းတို့၏စနစ်အတွင်းရှိ အမြင့်ဆုံးအဆင့်တွင် ပါဝင်နေကြသည့် လူပုဂ္ဂိုလ် တစ်ဦးချင်းစီနှင့် အဖွဲ့အစည်းအလိုက်တို့၏ ထပ်ခါတလဲလဲ ပျက်ကွက်နေမှုများအတွက် တာဝန်ယူမှု တာဝန်ခံမှု ရှိရမည်ဖြစ်သည်။
ကုလသမဂ္ဂသည် ၎င်း၏ရှက်ဖွယ်ကောင်းသော စနစ်ပိုင်းဆိုင်ရာနှင့် အဆောက်အအုံပိုင်းဆိုင်ရာ ပျက်ကွက်မှုများကို အဆုံးသတ်ပြီး စစ်ရာဇဝတ်ကောင်များနှင့် လူမျိူးသုဥ်းသတ်ဖြတ်သည့် စစ်အုပ်စုကို ကူညီပံ့ပိုးမည့်အစား လူမျိူးသုဥ်းသတ်ဖြတ်မှု ကျူးလွန်ခံရသူများ၊ လူမျိူးသုဥ်းသတ်ဖြတ်မှုမှ အသက်ရှင် ကျန်ရစ်သူများနှင့် မြန်မာနိုင်ငံပြည်သူလူထုကို ကူညီပံ့ပိုးရန် အချိန်တန်ပြီဖြစ်သည်။ ယင်းနှင့်စပ်လျဉ်း၍ ကုလသမဂ္ဂ အထွေအထွေအတွင်းရေးမှူးချူပ်အား မြန်မာနိုင်ငံရှိ ကုလသမဂ္ဂအေဂျင်စီများ၏ လုပ်ငန်းဆောင်ရွက်မှုများကို စုံစမ်းစစ်ဆေးပေးရန်နှင့် ၎င်းတို့၏ ပါဝင်ပတ်သက်မှုနှင့် ပံ့ပိုးကူညီမှုများသည် မြန်မာနိုင်ငံရှိ ပြည်သူများအပေါ် လူ့အခွင့်အရေးချိူးဖောက်မှုများ ထပ်မံမဖြစ်ပေါ်စေရန် မိမိတို့မှ တောင်းဆိုလိုက်သည်။
ပိုမိုသိရှိလိုပါက ဆက်သွယ်ရန်
ဤထုတ်ပြန်ကြေညာချက်ကို အမည်မဖော်ပြလိုသော အဖွဲ့အစည်း ၃၀ ဖွဲ့အပါအဝင် အဖွဲ့အစည်းစုစုပေါင်း ၂၀၁ ဖွဲ့မှ လက်မှတ်ရေးထိုးထားပါသည်။
ထပ်တိုးလာသော အဖွဲ့အစည်းများ
View the English version of the Statement