Razia Sultana

December 7th, 2022  •  Author:   Progressive Voice  •  1 minute read
Featured image

ကျမတို့လူမျိုးအသိုင်းအဝိုင်းရဲ့ ရုန်းကန်မှုတွေကို မြင်ရတဲ့အခါ ကျမဟာ အပြောင်းအလဲတစ်ခု ဖော်ဆောင်ဖို့ ဖြစ်လာပါတယ်။ အခြေအနေအရ ကန့်သတ်ချက်တွေရှိတာတောင်မှ ကျမတို့အသိုင်းအဝိုင်းထဲက အမျိုးသမီးတွေ စိတ်ပျက်စရာတွေ စိန်ခေါ်မှုတွေကို ကျော်ဖြတ်ပြီး မဖြစ်နိုင်တာတွေကို လုပ်ပြကြတဲ့အခါ ကျမရဲ့စိတ်ကို တကယ်ပဲ လွှမ်းမိုးပါတယ်

ကျမအကြောင်း

ကျမငယ်စဥ်ကတည်းက ကျမရဲ့မိသားစုက ဘင်္ဂလားဒေ့ရှ်ကို ရွှေ့ပြောင်းခဲ့ပါတယ်။ မြန်မာနိုင်ငံသားတစ်ယောက် အပြည့်အဝဖြစ်တဲ့ ကျမအဖေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းမှာ စီးပွားရေးလုပ်ငန်းတစ်ခု လုပ်ဖို့ရွေ့ခဲ့တာ ဖြစ်ပါတယ်။ ကျမက အခုတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသူ တစ်ယောက်ဖြစ်ပြီး ဒီနိုင်ငံမှာပဲ ကြီးပြင်းခဲ့ပေမယ့်လည်း ကျမကိုယ်ကျမ မြန်မာနိုင်ငံက ရိုဟင်ဂျာတစ်ယောက်အဖြစ်ပဲ ခံယူသလို အမြဲလည်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

၂၀၁၆ ခုနှစ်မှာ သုတေသီတယောက်အဖြစ် ကျမအလုပ်စလုပ်ခဲ့ပါတယ်။ နှစ်ပိုင်းအတွင်း ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည် ရာပေါင်းများစွာကို တွေ့ဆုံမေးမြန်းပြီး အစီရင်ခံစာအနည်းငယ်ကို ရေးသားထုတ်ပြန်ခဲ့ပါတယ်။ ပထမဆုံးတစ်ခုက မောင်တောမြို့မှာ ဖြစ်ခဲ့တဲ့ မြန်မာစစ်တပ်က ကျူးလွန်ထားတဲ့ မုဒိမ်းမှုနှင့် အုပ်စုဖွဲ့မုဒိမ်းကျင့်မှုတွေအကြောင်းကို ထုတ်ဖော်ရေးသားထားတဲ့ Witness to Horror စာအုပ်ပဲ ဖြစ်ပါတယ်။ ဒုတိယအစီရင်ခံစာဖြစ်တဲ့ Rape by Command မှာက မြန်မာ့လုံခြုံရေးတပ်ဖွဲ့တွေ မုဒိမ်းကျင့်တာကို ခံခဲ့ရတဲ့ အမျိုးသမီးနဲ့ မိန်းကလေးငယ် ၃၀၀ ကျော်အကြောင်းကို အသေးစိတ်ရေးသားပြီး စစ်တပ်ဟာ ရိုဟင်ဂျာတွေအပေါ် မုဒိမ်းကျင့်တာကို လက်နက်တစ်ခုလို စနစ်တကျ အသုံးချနေတဲ့အကြောင်းကို ထုတ်ဖော်ရေးသားခဲ့ပါတယ်။ နောက်ထပ်အစီရင်ခံစာဖြစ်တဲ့ The Killing Fields of Alethankyaw အစီရင်ခံစာမှာ မြန်မာစစ်အုပ်စုရဲ့ “နယ်မြေရှင်းလင်းရေး” ဟာ လူမျိုးသုဥ်းသတ်ဖြတ်မှုကျူးလွန်ဖို့ ဖြစ်တယ်ဆိုတာကို ထုတ်ဖော်ရေးသားခဲ့ပါတယ်။ ပဋိပက္ခတွေအတွင်း စစ်အုပ်စုရဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ မြန်မာနိုင်ငံတစ်ဝန်းက ရိုဟင်ဂျာတွေနဲ့ အခြားလူမျိုးစုတွေအပေါ် ဆယ်စုနှစ်ချီ ကြာမြင့်တဲ့အထိ ကျူးလွန်လာတဲ့ မုဒိမ်းမှုတွေ၊ အကြမ်းဖက်မှုတွေ၊ ခွဲခြားဆက်ဆံမှုတွေကို ခက်ခက်ခဲခဲနဲ့ ဖော်ထုတ်ခဲ့ရတယ်ဆိုတာကို ဝန်ခံရပါမယ်။ ဒါပေမယ့် ကျမသိထားတဲ့ အဲဒီကြောက်မက်ဖွယ် ရာဇဝတ်မှုတွေကပဲ ကျမတို့လူမျိုးအသိုင်းအဝိုင်းအတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၊ နိုင်ငံတကာတရားရုံးနဲ့ နိုင်ငံတကာရာဇဝတ်ခုံရုံးတို့မှာ တရားမျှတမှု ရှာဖွေဖို့အတွက် စည်းရုံးလှုံံ့ဆော်ရေးတွေလုပ်ဖို့ ကျမရဲ့စိတ်ပိုင်းဖြတ်ချက်ကို ပိုခိုင်မာစေတာ ဖြစ်ပါတယ်။

ကျမ အခုစစ်တကောင်းမှာ အလုပ်သင်ရှေ့နေလုပ်နေသလို Little Jewels School မှာလည်း ဆရာမအဖြစ် အလုပ်လုပ်နေပါတယ်။ ရိုဟင်ဂျာတစ်ယောက်အနေနဲ့ ကျမရဲ့ ကတိကဝတ်နဲ့ ယုံကြည်ချက်ကတော့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရတဲ့ ဓားစာခံတွေအတွက် တရားမျှတမှုနဲ့ သူတို့ကိုပြန်လည်လက်ခံရေး ဖော်ဆောင်ဖို့ပဲ ဖြစ်ပါတယ်။ ကျမဟာ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ခြိမ်းခြောက်မှုတွေနဲ့ ကြုံတွေ့ရနိုင်တဲ့ အန္တရာယ်ရှိနေတဲ့ ဒါမှမဟုတ် တွေ့ကြုံခံစားနေကြရတဲ့ အမျိုးသမီးအားလုံးရဲ့ အသံတွေကို ထုတ်ဖော်သွားပါမယ်။ ကျမရဲ့ ခံယူထားတဲ့တာဝန်ကတော့ အမျိုးသမီးအားလုံးနဲ့ ဒုက္ခသည်အမျိုးသမီးတွေအတွက် ငြိမ်းချမ်းရေးနဲ့ ဂုဏ်သိက္ခာ ရရှိဖို့ပဲ ဖြစ်ပါတယ်။

စိတ်ခွန်အားနှင့် အားပေးလှုံ့ဆော်မှု

ကျမတို့လူမျိုးအသိုင်းအဝိုင်းရဲ့ ရုန်းကန်မှုတွေကို မြင်ရတဲ့အခါ ကျမဟာ အပြောင်းအလဲတစ်ခု ဖော်ဆောင်ဖို့ ဖြစ်လာပါတယ်။ အခြေအနေအရ ကန့်သတ်ချက်တွေရှိတာတောင်မှ ကျမတို့အသိုင်းအဝိုင်းထဲက အမျိုးသမီးတွေ စိတ်ပျက်စရာတွေ စိန်ခေါ်မှုတွေကို ကျော်ဖြတ်ပြီး မဖြစ်နိုင်တာတွေကို လုပ်ပြကြတဲ့အခါ ကျမရဲ့စိတ်ကို တကယ်ပဲ လွှမ်းမိုးပါတယ်။ ကြမ်းတမ်းရက်စက်မှုတွေ ကြုံတွေ့ရတဲ့ အမျိုးသမီးအများစုဟာ ပြိုလဲပြီး၊ မျှော်လင့်ချက်မဲ့လာသလို လမ်းပျောက်တတ်ကြပါတယ်။ ဒါပေမယ့် သူတို့ထဲကအများစုဟာ သူတို့ရဲ့ အတွေ့အကြုံတွေနဲ့ မျှော်လင့်ချက်တွေကို မျှဝေပြောပြရဲတဲ့ သတ္တိပြောင်မြောက်သူတွေ ဖြစ်ကြပါတယ်။ သူတို့ဟာ သူတို့ရဲ့ အသိုက်အဝန်းကို ပိုကောင်းတဲ့ လူ့အဖွဲ့အစည်းတစ်ရပ်ဖြစ်လာအောင်လုပ်လိုတဲ့ သူတို့ရဲ့ မျှော်လင့်ချက်တွေနဲ့ စိတ်ဆန္ဒတွေကို အမြဲထုတ်ဖော်ပြောနေကြပါတယ်။ ဒါက သူတို့ရဲ့ ခွန်အားပါပဲ။

လက်ရှိ ရိုဟင်ဂျာလူ့အဖွဲ့အစည်းဟာ ရှေးရိုးစွဲလူ့အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။ အထက်တန်းပညာရေးဟာ ရိုဟင်ဂျာအမျိုးသမီးတွေအပေါ် ကန့်သတ်ထားသလို မြန်မာနိုင်ငံမှာလည်း ကန့်သတ်ထားပါတယ်။ ဒါပေမယ့် အဲဒီလိုပတ်ဝန်းကျင်မျိုးနဲ့ အဆင့်မြင့်ပညာ သင်ယူနိုင်မှု မရှိတာတွေကြောင့် သူတို့ဟာ ပညာရေးနဲ့ပတ်သက်ပြီး တစ်ခုခုကို မဖြစ်မနေ လုပ်ဆောင်လာကြရပါတယ်။

မြန်မာနိုင်ငံက ဒုက္ခသည်တွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲက ဒုက္ခသည်စခန်းတွေမှာ အလုံးအရင်းနဲ့ ဝင်ရောက်လာခဲ့ပြီးနောက်ပိုင်းမှာ အခုဆိုရင် ပညာသင်ကြားမှုနှုန်းဟာ သုညရာခိုင်နှုန်းနီးပါး ဖြစ်သွားပါပြီ။ ကျမတို့ ရိုဟင်ဂျာအသိုင်းအဝိုင်းဟာ လုံးဝနီးပါး ဖျက်ဆီးခံလိုက်ရတာပါ။ အခုဆိုရင် ကျမတို့ဟာ ကိုယ့်အခြေခံလိုအပ်ချက်ကိုပဲ ဖြည့်ဆည်းဖို့ ရုန်းကန်နေရတဲ့ အခြေအနေကို ရောက်နေပါပြီ။ အမျိုးသမီးအခွင့်အရေးကို အသိအမှတ်ပြုဖို့ ဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာအသိုင်းအဝိုင်းတွေကို ကျမစည်းရုံးဖို့ ကြိုးစားနေပါတယ်။ ဒီမှာ ကျမအမြဲလိုလို ကြားရတာက ဘယ်သူမှ စာမသင်ရရင် အမျိုးသမီးတွေရဲ့ပညာရေးကို ကျမတို့အသိုင်းအဝိုင်းက ဘယ်လိုလုပ် တွေးနိုင်ဦးမှာလဲ ဆိုတာပါပဲ။

တစ်ခါတလေမှာ အမျိုးသမီးတွေရဲ့အသံတွေကို အသိအမှတ်မပြုချင်တဲ့ သူတို့တွေရဲ့အမြင်ကို ကျမတို့ နားလည်ဖို့ တော်တော်ခက်ပါတယ်။ ဒါပေမယ့် ကျမရဲ့ ကြိုးစားအားထုတ်မှုတွေက ဒုက္ခသည်အမျိုးသမီးတွေအတွက် အခြေအနေတွေကို ဖြည်းဖြည်းချင်း ပြောင်းလဲပေးနေတာကို ကျမ တွေ့လာရပါတယ်။ ကျမတို့ မရောက်သေးပေမယ့် မှန်ကန်တဲ့ ဦးတည်ချက်အတိုင်းတော့ ရှေးရှုသွားနေပါတယ်။ ကျမတို့အသိုင်းအဝိုင်းထဲက အမျိုးသမီးတွေအတွက် ကျမရဲ့ ပန်းတိုင်ခရီးရှည်ကတော့ အမျိုးသမီးတွေဟာ သူတို့ကြိုက်တဲ့နည်းလမ်းနဲ့ အသက်ရှင်သန်ခွင့် ရှိတယ်ဆိုတာကို ကျမတို့အသိုင်းအဝိုင်းအတွင်းမှာ နားလည်မှုတစ်ရပ် ရှိလာရေးပဲ ဖြစ်ပါတယ်။ အဆင့်မြင့်ပညာရေး အခွင့်အလမ်းမရှိတဲ့အတွက် ကိုယ့်အနာဂတ်ကိုယ်တည်ဆောက်ဖို့ အခြေခံလိုအပ်ချက်တွေ မပြည့်စုံနေပါဘူး။ ဒီကြောင့်လည်း ကျမတို့ အသက်ဘေးကလွတ်ဖို့ ထွက်ပြေးခဲ့ကြရတဲ့ ကိုယ့်အမိမြေကို တစ်နေ့ကျရင် ပြန်ရောက်ဖို့ဆိုတဲ့ အခွင့်အလမ်းဟာလည်း ရှိမနေပါဘူး။

ကျမတို့အသိုင်းအဝိုင်းအတွင်းမှာ အမျိုးသမီးတစ်ယောက်ဖြစ်တဲ့ ကျမအနေနဲ့ ကျမရဲ့အနေအထားဟာ ပြီးပြည့်စုံတဲ့ အိမ်ရှင်မတစ်ယောက်ဖြစ်ဖို့ထက် ပိုလို့မရအောင် ကန့်သတ်ထားပါတယ်။ မိသားစုတစ်ခုကို ထိန်းသိမ်းနိုင်တဲ့ အိမ်ရှင်မဘဝပေါ့။ စွမ်းဆောင်ရည်၊ သတ္တိနဲ့ ခွန်အားတွေ ရှိနေလျက်နဲ့ကို ကျမတို့ဟာ ကိုယ့်ဘဝနဲ့ မိသားစုအတွက် ဆုံးဖြတ်ချက်ချနိုင်တဲ့ လုပ်ပိုင်ခွင့်တွေ ရှိမနေကြဘူး။

 

စိန်ခေါ်မှုများ

ကျမအသိုင်းအဝိုင်းမှာ နက်နက်ရှိုင်းရှိုင်းအမြစ်တွယ်နေတဲ့ အဓိကစိန်ခေါ်မှုက လိင်စိတ်ခံယူမှုအခြေပြုတဲ့ ခွဲခြားဆက်ဆံမှုပဲ ဖြစ်ပါတယ်။ လက်ရှိကျင့်သုံးနေတဲ့ အလေ့အထတွေဟာ လိင်စိတ်ခံယူမှုအခြေပြုတဲ့ မမျှတမှုကို ဆက်လက်အားပေးနေပါတယ်။ အမျိုးသမီးတွေဟာ ခေါင်းဆောင်တစ်ယောက်အဖြစ် မွေးဖွားလာတာပါ။ မိခင်တစ်ယောက် ဒါမှမဟုတ် အိမ်ရှင်မတစ်ယောက် ဖြစ်ရတာ ရိုးရှင်းလွယ်ကူတဲ့ အလုပ်တစ်ခုတော့ မဟုတ်ပါဘူး။ အမျိုးသမီးတွေရဲ့ နိုင်ငံရေးသင်ယူမှုဆိုတာ သူတို့ရဲ့ အိမ်မှာပဲ စတာဖြစ်တာကြောင့် ကျမတို့ရဲ့ ရပိုင်ခွင့်အတွက် ဂုဏ်ယူပြီး ထုတ်ပြောဖို့ လိုပါတယ်။ ဆွေးနွေးညှိနှိုင်းမှုဟာ ကျမတို့ရဲ့ သဘာဝထဲမှာ ရှိကောင်းရှိနိုင်ပါတယ်။ ဒါကြောင့် တခြားသူတွေက ဒါကို တလွဲအသုံးချတာမျိုး ပေးမဖြစ်ပါနဲ့။

ပဋိပက္ခဆိုတာ လိင်ဖြစ်တည်မှု၊ လိင်စိတ်ခံယူမှုနဲ့ ဆက်စပ်တဲ့ကိစ္စဖြစ်ပါတယ်။အကျပ်အတည်းနဲ့ ပဋိပက္ခတွေ မဖြစ်ပွားခင်၊ ဖြစ်ပွားနေစဥ်နဲ့ ဖြစ်ပွားအပြီးမှာ အမျိုးသမီးတွေနဲ့ အမျိုးသားတွေ လက်လှမ်းမီခွင့်ရတဲ့ အရင်းအမြစ်၊ ပါဝါနဲ့ ဆုံးဖြတ်ချက်ချရေးကိစ္စတွေဟာ အဆင့်တွေ မတူကြပါဘူး။ လက်နက်ကိုင်ပဋိပက္ခတွေ၊ အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ တခြားလူလုပ်ဖြစ်ဖြစ်၊ သဘာဝဖြစ်ဖြစ် ဘယ်လိုကပ်ဘေးမှာမဆို အမျိုးသမီးနဲ့ မိန်းကလေးအများစုဟာ လူ့အဖွဲ့အစည်းအတွင်းက သူတို့ရဲ့ အခြေအနေအပြင် သူတို့ရဲ့ လိင်ဝိသေသလက္ခဏာကြောင့် အဓိကထိခိုက်နေကြပါတယ်။

ဘယ်လိုအခြေအနေမျိုးမှာမဆို အမျိုးသမီးတွေ ဒါမှမဟုတ် အမျိုးသမီးခေါင်းဆောင်တွေနဲ့ သူတို့ရဲ့ ပါဝင်ဆောင်ရွက်မှုတွေဟာ အမြဲတစေ လျှော့တွက်ခံရပြီး တစ်ခါတလေမှာ အသံတောင် ပိတ်ခံရပါတယ်။ ကျမတို့ အသိုင်းအဝိုင်းဟာ အမျိုးသမီးတွေရဲ့ လိုအပ်ချက်တွေကို ပိုအာရုံစိုက်ရမှာပါ။ အမျိုးသမီးတွေဟာ ကျမတို့ လူ့အသိုင်းအဝိုင်းရဲ့ အစိတ်အပိုင်းဖြစ်ပြီး လူဦးရေရဲ့ တစ်ဝက်နီးပါးလောက်ထိ ရှိပါတယ်။ ကျမတို့အမျိုးသမီးတွေဟာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ပါဝင်ဖို့ နေရာရသင့်ရထိုက်သူတွေဖြစ်ကြသလို ငြိမ်းချမ်းရေးသဘောတူညီချက်တွေထဲမှာလည်း လိင်စိတ်ခံယူမှုဆိုင်ရာအကဲဆတ်တဲ့ အကြောင်းအရာတွေကို ထည့်သွင်းရပါမယ်။ ငြိမ်းချမ်းရေးတည်ဆောက်တဲ့ဖြစ်စဥ်တွေမှာ အမျိုးသမီးရဲ့ ပါဝင်မှုကို ကန့်သတ်တာ၊ ကျမတို့ရဲ့ အတွေးအမြင်တွေကို ပယ်ချတာဟာ ကျမတို့ရဲ့ အသိုင်းအဝိုင်းအတွင်း ကျမတို့ ဘယ်လောက်လုံလုံခြုံခြုံ ခံစားရသလဲဆိုတာနဲ့ပတ်သက်ပြီးတော့ မေးခွန်းတွေပဲ ထွက်ပေါ်လာစေပါတယ်။ ဆုံးဖြတ်ချက်ချတဲ့အပိုင်းမှာ အမျိုးသမီးတွေကို ဖယ်ကြဥ်ထားတာဟာ ကောင်းမွန်တဲ့ လူမှုဖွံ့ဖြိုးရေးကို ဖြစ်ပေါ်စေမှာမဟုတ်သလို ကျမတို့ နောက်မျိုးဆက်တွေရဲ့ အနာဂတ်ကိုလည်း ခိုင်မာသေချာစေမှာ မဟုတ်ပါဘူး။ နောက်ပြီး လူ့အဖွဲ့အစည်းအတွင်း ခိုင်မာတဲ့အဆောက်အအုံတွေ တည်ဆောက်ရုံနဲ့ အလုံးစုံအပြောင်းအလဲကို စနစ်တကျ ဖြစ်ပေါ်စေမှာ မဟုတ်ပါဘူး။ စနစ်ကျတဲ့ အသွင်ကူးပြောင်းမှုဆိုတာ ထုံးတမ်းတွေနဲ့ အလေ့အထတွေကို ပြောင်းလဲတာကနေ လာတာပါ။ ကျမတို့ နေ့စဥ်အခြေခံ လုပ်ငန်းဆောင်တာတွေကို ပြောင်းလဲရပါမယ်။ ကျမတို့ရဲ့အမျိုးသမီးတွေဟာ စွမ်းဆောင်ရည်မြှင့်တင်ပြီး ပဋိပက္ခစီမံခန့်ခွဲမှုနဲ့ လူ့အဖွဲ့အစည်းဆိုင်ရာ စွန့်ဦးလုပ်ငန်းစဥ်တွေမှာ တစ်စိတ်တစ်ပိုင်း ပါဝင်တာသေချာအောင် ကျမတို့ တိုက်ပွဲဝင်ရပါမယ်။ အဲဒီအမျိုးသမီးတွေကသံတမန်ရေးရာ ကြိုတင်ကာကွယ်တဲ့ အပိုင်းတွေ၊ ပဋိပက္ခအဖြေရှာရေး၊ ငြိမ်းချမ်းရေးဖော်ဆောင်ရေးနဲ့ ပဋိပက္ခအလွန် ငြိမ်းချမ်းရေးတည်ဆောက်မှုဆိုင်ရာ ဆွေးနွေးရေးကိစ္စတွေနဲ့ လုပ်ငန်းစဥ်တွေ အဆင့်အားလုံးမှာ ပါဝင်နေကြတာ ဖြစ်ပါတယ်။ အမျိုးသမီးတွေဟာ ဒီကနေ့ ကျမတို့ ကြုံနေရတဲ့ ကိစ္စတွေလို ဆိုးရွားပြင်းထန်တဲ့ အခြေအနေတွေကို စီမံဖို့ ဘယ်လိုလုပ်ငန်းစဥ်ကိုမဆို လုပ်ဆောင်ဖို့ စွမ်းဆောင်ရည်ရှိသလို စိတ်ဆန္ဒလည်း ရှိကြပါတယ်။

ကျမစိတ်ကို လွှမ်းမိုးလှုံ့ဆော်သူများ

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟာ ကျမအပေါ် အတော့်ကို ကြီးမားတဲ့ လွှမ်းမိုးစေ့ဆော်မှုရှိပါတယ်။ ခိုင်မာတဲ့ ဦးဆောင်မှုဆိုတာ လိင်စိတ်ခံယူမှုနဲ့မဆိုင်ဘူးဆိုတာကို သူ့ရဲ့လုပ်ရပ်တွေက ကျမကိုရော ကမ္ဘာကြီးကိုပါ ပြသခဲ့ပါတယ်။ ဒါက ကျမတို့အတွက် သတ္တိ၊ စိတ်ပိုင်းဖြတ်မှုတွေနဲ့အတူ ဂုဏ်ယူတတ်ဖို့ လုံလောက်ပါတယ်။ ဘင်္ဂလားဒေ့ရှ်ပြည်သူတွေအတွက် သူ့ရဲ့ လေးစားဖွယ် နှစ်မြှုပ်ထားမှုနဲ့ ရုန်းကန်မှုတွေကြောင့် ကျမအတွက် သူဟာ သာလွန်ကောင်းမြတ်တဲ့ ဝန်ကြီးချုပ်တစ်ယောက် ဖြစ်ပါတယ်။

ကျမရဲ့နှလုံးသားကို ထိခတ်ခဲ့တဲ့ နောက်ထပ်အမျိုးသမီးတစ်ဦးကတော့ ကျမအခုအလုပ်လုပ်နေတဲ့ ကျောင်းရဲ့ ကျောင်းအုပ်လည်းဖြစ် ကျမရဲ့ ဆရာမလည်း ဖြစ်တဲ့ ဒေလ်ရူဘာအာမက်ဒ် ဖြစ်ပါတယ်။ သူဟာ စစ်တကောင်းမှာ ပထမဆုံး အင်္ဂလိပ်စကားပြောကျောင်းကို တည်ထောင်ခဲ့ပါတယ်။ မြို့မှာ သူ့ကျောင်း Little Jewels School ဟာ ခုဆို ထိပ်တန်းကျောင်းတစ်ကျောင်းဖြစ်နေကြောင်း တင်ပြခွင့်ရတာ ကျမဝမ်းသာပါတယ်။ မိန်းကလေးတွေကို ပညာရေးထောက်ပံ့ပြီး အခွင့်အလမ်းနည်းတဲ့ အမျိုးသမီးတွေကို အားပေးမြှင့်တင်တဲ့ သူ့ရဲ့ မဆုတ်မနစ်ကတိကဝတ်နဲ့ အားစိုက်ထုတ်မှုတွေဟာ ကျမအတွက် လမ်းပြမြေပု ံဖြစ်ခဲ့ပါတယ်။ “ပညာရေးမှာ အသက်အရွယ် မရှိ၊ ကိုယ့်ဂုဏ်သိက္ခာနဲ့ကိုယ် အသိအမှတ်ပြုပါ” ဆိုတဲ့ သူ့စကားလုံးတွေက ကျမကို ခုချိန်ထိ ခွန်အားပေးနေဆဲပါ။

– Razia Sultana