CDM မြို့နယ်တရားသူကြီး ဒေါ်သင်ဇာမြနှင့် စကားစမြည်

November 14th, 2022  •  Author:   The Irrawaddy  •  1 minute read
Featured image

CDM မြို့နယ်တရားသူကြီး ဒေါ်သင်ဇာမြနှင့် စကားစမြည်

By ဧရာဝတီ

တရားသူကြီး လုပ်သက် ၁၁ နှစ်ရှိသော မန္တလေးတိုင်း ညောင်ဦးမြို့နယ် တရားသူကြီး ဒေါ်သင်ဇာမြသည် ၂၀၂၁ ခုနှစ်၊ မတ်လဆန်းက စ၍ CDM ပြုလုပ်လာခဲ့သည်။ တရားသူကြီး ဒေါ်သင်ဇာမြသည် သူ၏ အမျိုးသား ဖြစ်သူ ဥပဒေအရာရှိအား CDM ပြု လုပ်ရန် တိုက်တွန်းသော်လည်း အမျိုးသားဖြစ်သူက မလုပ်ဆောင်ခဲ့ပေ။

ဒေါ်သင်ဇာမြ အနေဖြင့် CDM ပြုလုပ်သည့်အတွက် စစ်ကောင်စီက ဖမ်းဆီးရန် လုပ်ဆောင်လာသောအခါ သူ့သားသမီး သုံးယောက်အားခေါ်၍ လွတ်မြောက်နယ်မြေသို့ ရောက်ရှိလာခဲ့သည်။ လက်ရှိအချိန်တွင် လွတ်မြောက်နယ်မြေ၌ လူမမယ် ကလေးသုံးယောက်ဖြင့် နေထိုင်လျက်ရှိသည့် မြို့နယ်တရားသူကြီး ဒေါ်သင်ဇာမြကို ဧရာဝတီက တွေ့ဆုံ မေးမြန်းထားသည်။

မေး ။ ။ အာဏာသိမ်းပြီးနောက်ပိုင်း တရားသူကြီးတွေကို စစ်ကောင်စီက ဘယ်လို ဆက်ဆံလဲ။

ဖြေ ။ ။ အခုကျန်ခဲ့တဲ့အထဲမှာလေ ကျမ အရမ်းလေးစားပြီးတော့ သိက္ခာ၊ သမာဓိ၊ ပညာမှာ ကျမတို့ထက် အဆတရာသာတဲ့ တရားသူကြီးတွေ ရှိတယ်။ အချို့ဆရာတွေဆို ဒီအမိန့်မျိုးကို ချမလို့ သူသာကြုံခဲ့လို့ရင် ကြိမ်းနေတာ တောင် တွေ့ဖူးတယ်။ သူလွှတ်မယ်လို့ ထင်တယ်ပေါ့နော်။ ဒါပေမယ့် အဲလို တရားသူကြီးမျိုးတွေကို စစ်ကောင်စီက သိတယ်။ ဒီအမှုတွေ ချရမယ့် နေရာတွေမှာ မထားဘူး။ သူတို့မွေးပြီးသား လူတွေရှိတယ်။

အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းမှာ ဒီစစ်ကောင်စီက တရားသူကြီးတွေကို အပြောင်းအလဲတွေ လုပ်တယ်။ လုပ်တော့ သူတို့ တကယ်အရေးကြီးတဲ့ အမိန့်ချရမယ့် နေရာတွေမှာ သူတို့စိတ်ကြိုက် တရားသူကြီးတွေကို ပြောင်းပြီးသွားပြီ။ ပြောင်းပြီးသွားပြီ ဖြစ်တဲ့အတွက် မှန်မှန်ကန်ကန် အမိန့်ချချင်တဲ့ တရားသူကြီးတွေက ချခွင့်မရတော့ဘူး။ တခြား အမိန့်မချရတဲ့နေရာတွေ ပေါ့နော်။ အရေးမကြီးတဲ့ နေရာတွေမှာပဲပေါ့နော်။ သူတို့တာဝန်ချထားပြီးသားဖြစ်တယ်။ အခု အမေစု အမိန့်ကို ချနေတဲ့သူတွေဆိုရင် ဘယ်လို ပြောရမလဲဆိုရင် တရားသူကြီးကောင်းစာရင်းထဲမှာ ဝင်တဲ့သူတယောက်မှ မပါဘူး။

မေး ။ ။ အခုနောက်ပိုင်း နိုင်ငံရေးအမှုတွေ များလာတော့ တရားရေးလောကမှာ နိုင်ငံရေးအမှုတွေနဲ့ ပတ်သက်လို့ ဘယ်လိုတွေ ကိုင်တွယ်ကြသလဲ။

ဖြေ ။ ။ အခုနောက်ပိုင်း နိုင်ငံရေးနဲ့ ဆွဲတင်လာတဲ့အမှုတွေမှာ သူတို့က ဥပဒေနဲ့ ညီတာတွေ ခိုင်လုံတာတွေ၊ မခိုင်လုံ တာတွေ ဘာမှမစစ်တော့ဘူး။ ကျမကြားမိသလောက်လွှတ်လိုက်တာ တယောက်မှ မရှိသေးဘူး။ ပြစ်ဒဏ်ကို လျှော့ပေးရင်တောင် ဂရုဏာနဲ့ လျှော့ပေးတဲ့သူ ရှားလိမ့်မယ်နော်။ ပိုက်ဆံတွေ ယူပြီးတော့ ဒီအချိန်မှာ သူတို့အတွက် တကယ်ကို ငွေရှာတဲ့ငွေတွင်းကြီးလို ဖြစ်နေတာ။ ဒီအမှုတွေက ဘာဖြစ်လို့လဲဆိုတော့ အရင်တုန်းကမှ သူခိုးဂျပိုးတို့လို အမှုတွေ ပိုက်ဆံမရှိတဲ့ အမှုတွေပဲ စစ်ရတာ။

အခုနိုင်ငံရေးကို လုပ်လာပြီဆိုတဲ့သူတွေ အကုန်လုံးကလေ။ အဆင့်အတန်း ရှိတယ်။ ပိုက်ဆံရှိတဲ့သူတွေ များတယ်။ အဲဒီလို ဆိုတော့ သူတို့က ရဲတွေကော ထောင်တွေကော တရားသူကြီးတွေက ဝင်ငွေကောင်းတဲ့ကာလ ပိုက်ဆံရှာတဲ့ ကာလလိုမျိုးကို ဖြစ်နေတာ။ ဒီအမှုတွေက ပေးတဲ့သူတွေက ရှိမှာပဲလေ။ လွတ်ချင်တယ်လေ။ တလလျှော့လည်း လျှော့လေ။ လိုက်ကြတာပဲနော်။ နောက်က မိသားစုတွေက အဲဒီတော့ပေးသူရှိလေ ယူကြလေပဲ ဆိုတော့ အခုတရားရေးက အဲလိုမျိုး ဖြစ်နေတာပေါ့နော်။ လာဘ်ပေးလာဘ်ယူတွေ တအားဖြစ်သွားတယ်ပေါ့။ ပိုဖြစ်သွားတယ်ပေါ့။ ပေးသူတွေများ သွားတယ်။ တရားရုံးတွေ ရဲစခန်းတွေက စီးပွားရှာတဲ့နေရာ ဖြစ်သလိုမျိုး ဖြစ်နေတာပေါ့။

မေး ။ ။ အခုလိုအချိန်မှာ ဝင်ငွေအရမ်းကောင်းနေတဲ့ တရားသူကြီးရာထူးကို ဘာကြောင့် စွန့်လွတ်လိုက်တာလဲ။

ဖြေ ။ ။ တကယ့်တကယ် သူတင်ကိုယ်တင်ပေါ့နော်။ တရားသူကြီးဆိုတဲ့ သိက္ခာကို ရွေးမလား ငွေကိုရွေးမလားဆိုတဲ့ အချိန်မှာ အမေ့ကို သွားသတိရတယ်။ လူ့လောကကြီးမှာ ဘယ်လိုလူတွေက အောင်မြင်လာလဲဆိုရင် ဒီသိက္ခာ၊ အရေးရယ် အကြောင်းရယ်မှာ ငွေမမက်တဲ့သူ ဒီသိက္ခာရှိတဲ့သူကပဲ လူတွေယုံကြည်တာနော်။ ဒီလူတွေကပဲ အောင်မြင်တာ၊ လူလူချင်း ချစ်တဲ့စိတ် ကိုယ်ချင်းစာစိတ်ရှိတဲ့သူတွေကိုပဲ လူတွေက အသိအမှတ်ပြုတာ။ စီးပွားရေး တခုလုပ်မယ်ဆိုရင်လည်း ဒီဂုဏ် သတင်းနဲ့ပဲသွားတာ။ နာမည်ပျက်တဲ့သူ ပိုက်ဆံနဲ့ပတ်သက်လို့ မဟုတ်တာလည်း လုပ်လိုက်တာပဲ။ မတရားတာလည်း လုပ်လိုက်တာပဲ ဆိုတဲ့သူကတော့ အောင်မြင်လည်း ခဏပဲ အောင်မြင်မှာပဲ။

မေး ။ ။ နွေဦးတော်လှန်ရေးမှာ တရားသူကြီးတွေ CDM လုပ်တာ အရမ်းနည်းတာ တွေ့ရပါတယ်။ ဘာကြောင့် အဲလိုဖြစ်တယ်လိုထင်လဲ။

ဖြေ ။ ။ လူတယောက်က ကိုယ်ရွေးချယ်မှုပဲ။ ဒီရာထူးနဲ့ပဲ ဒီရာထူးကို ပေးထားတယ်။ ဒီရာထူးကို မက်တဲ့သူက ကျမကို ပြောလာတဲ့သူတယောက်ရှိတယ်။ ခိုင်းတာလုပ်လိုက် ကိုယ်အလုပ်က တည်မြဲဖို့ အရေးကြီးတယ် ဆိုပြီးပြောတယ်။ ကျမက မလုပ်နိုင်ဘူး။ ကျန်ခဲ့တဲ့သူတော်တော်များများကတော့ ခိုင်းတာလုပ်တော့မယ်။ အလုပ်တော့ အပြုတ်မခံတော့ဘူး ဆိုတဲ့ ပုံစံမျိုးနဲ့ နေခဲ့ကြတာ။

ပထမတုန်းကတော့ မဟုတ်တာ မလုပ်ဘူး ဆိုတာနဲ့ ရပ်တည်ကြတာ တော်တော်များများ ရှိပါတယ်။ ဥပမာ အပြစ်မရှိတဲ့သူကို ထောင်မချဘူး ဆိုတဲ့ပုံစံနဲ့ ရပ်တည်နေကြတာ ရှိတယ်။ ဒါပေမယ့် ဒီအခြေအနေရောက်တဲ့အခါကျတော့ တကယ့် တကယ် အလုပ်ပြုတ်မယ်လည်းဆိုရော အပြစ်မရှိတဲ့သူလည်း ထောင်ချမယ်ထိဖြစ်သွားရော။ အပြစ်မရှိတဲ့သူလည်း ထောင်ချမယ်ဆိုတဲ့အထိ ယိမ်းယိုင်သွားတယ်ပေါ့နော်။ ဒါကတော့ အဆိုးဆုံးပဲပေါ့နော်။ အဆိုးဆုံးပဲ ဖြစ်သွားတယ် တရားရေးလောကက။

မေး ။ ။ တရားသူကြီး တယောက်အနေနဲ့ ဘာကြောင့် CDM လုပ်ခဲ့တာလဲ။

ဖြေ ။ ။ ကျမက နဂိုကတည်းကိုက တရားစီရင်ရေး လောကကို ပြုပြင်ပြောင်းလဲချင်နေတာပေါ့နော်။ မတရား နာမည်ပျက်နေတာကို ကိုယ်က နာမည်ကောင်းရစေချင်တယ်။ ရစေချင်လို့ ကိုယ်ကိုယ်တိုင်လည်း တတ်နိုင်သမျှ ကိုယ်ရဲ့ အကျိုးစီးပွားတွေကို နောက်မှာထားပြီးတော့ တရားသူကြီးကောင်းဆိုတာကို ဖြစ်အောင်လို့ အမှုအခင်းတိုင်းမှာ ကြိုးစားခဲ့တယ်။

အမေစုအစိုးရတက်ဖို့ကို ကိုယ်ကိုယ်တိုင်လည်း မဲပေးတယ်။ အဲဒီမှာ မဲကိုညာတယ်လိမ်တယ်ဆိုပြီးတော့ အမေစုကို ဖမ်းလိုက်တာကို မခံမရပ်နိုင်ဆုံးပေါ့။ အပြစ်မရှိတဲ့သူကို ဖမ်းဆိုတဲ့ဟာကလေ လုံးဝ မကျေနပ်ဘူး။ မကျေနပ်တော့ သူများ တွေလို CDM လုပ်ဖို့ပေါ့။ ဆရာဝန်တွေ CDM လုပ်လာကြတယ်။ ကျမတို့ တရားရေးဌာနက CDM လုပ်လာကြတယ်။ အဲဒီတော့ ကိုယ်လည်း CDM လုပ်မယ်။

ဒါပေမယ့် ကိုယ်က စဉ်းစားသေးတယ်။ ဘာလုပ်နိုင်သေးလဲဆိုတော့ တက်လာတဲ့ အမှုတွေကို အမိန့်ချဖို့ရှိတယ်။ အဲဒီမှာ မှန်မှန်ကန်ကန် အပြစ်မရှိတဲ့သူတွေကို လွှတ်ပေးလို့ ရသေးတယ်။ ငါဆက်လုပ်မယ်ဆိုပြီးတော့ ကျမ တက်လာတဲ့ အမှုတွေကို စောင့်ခဲ့သေးတယ်။ စောင့်နေရင်းနဲ့ တလကြာသွားတယ်။ ကျမ CDM မလုပ်ဖြစ်ခဲ့တာ နိုင်ငံရေး အမှု တွေတင်လာရင်တော့ ကိုယ်တတ်နိုင်တဲ့ဘက်က လွှတ်ဖို့ဆိုပြီး ရုံးဆက်တက်ခဲ့တာ၊ တလကြာမှ CDM လုပ်တာ။

မေး ။ ။ အာဏာသိမ်းပြီးတဲ့အချိန်ကနေ CDM လုပ်တဲ့အချိန်ထိ အမိန့်ချခဲ့တဲ့ အမှုတွေ ရှိခဲ့သေးလား။

ဖြေ ။ ။ တနေ့ အဲဒီမှာ သံပုံးတီးတဲ့ အမှု ၄ မှု တက်တယ်ဆိုပြီး လာခေါ်တယ်။ အမှု သေးသေးလေးတွေ သံပုံးတီးမှု ဆိုတာ ကျမတို့ရဲ့ ရုံးမှာ ဒုတိယ မြို့နယ် တရားသူကြီးတွေ ရှိတယ်။ သူတို့စစ်ရတဲ့အမှုတွေ၊ ဒါပေမယ့် ဒီအမှုက အရေးကြီးတယ် ကျမကိုယ်တိုင် စစ်မယ်။ သူတို့ ဘယ်လိုအမိန့်ချမလဲဆိုတာ စိုးရိမ်တယ်။ သူတို့ကိုထောင်တွေ ဘာတွေချလိုက်မှာ စိုးတယ်။ ကျမ တရားခွင်ကို တက်တော့မယ်ဆိုတဲ့ အချိန်မှာပဲ အမိန့်လာတယ်။ တရားခွင် စာရေးက လာပြောတယ်၊ အထက်ညွန်ကြားချက်အရ ထောင်ဒဏ် ၇ ရက် တပြေးညီ ချရဖို့ ရှိတယ်တဲ့။ အဲလိုပြောတယ်။

ဒါပေမယ့် ကျမက ဘာမှပြန်မပြောဘဲနဲ့ တရားခွင်ပေါ်တက်ပြီးတော့ သူတို့ကို အပြစ် ရှိ မရှိ မေးရတာပေါ့။ အပြစ်ရှိ မရှိ မေးရတော့ ရဲတွေက လည်တယ်။ တယောက်ကို အပြစ်ရှိတယ်လို့ပြောဖို့ ထည့်လိုက်တယ်။ တကယ် သံပုံးတီးတဲ့သူက သူကိုယ်သူ အပြစ်မရှိဘူးလို့ ပြောမှာနော်။ ဒါပေမယ့် ရဲက အပြစ်ရှိတယ်လို့ ပြောမယ့်သူတယောက်ကိုပါ ရောဖမ်းပြီး ထည့်ပေးလိုက်တယ်။

ထည့်ပေးလိုက်တော့ အဲဒီသူက ဝန်ခံလိုက်တယ်။ ဝန်ခံပြီဆိုရင် ကျမတို့က အမိန့်ချရတယ်။ လွှတ်လို့ မရတော့ဘူး။ အဲဒီတော့ ကျမက ဝန်ခံသူအတွက် ဒဏ်ငွေ ၅၀ ရိုက်လိုက်တယ်။ ရိုက်လိုက်တော့ နောက်က သံပုံးတီးတဲ့သူကလည်း သူလည်း ၅၀ ဆိုရင်တော့ ထောင်မကျဘူး ဆိုရင်တော့ ဝန်ခံလိုက်တော့မယ်ဆိုပြီး ဖြစ်သွားတာနေမှာပေါ့နော်။ သူဝန်ခံလိုက်တော့ သူ့ကိုပါ ကျမ လွှတ်လို့ မရတော့ဘူး။ သူ့ကိုပါ ဒဏ်ငွေ ၅၀ ရိုက်ပေးလိုက်တယ်။

မေး ။ ။ အဲဒီလို ၇ ရက် ထောင်ကျဖို့ ပြောထားတာကို မချဘဲ ဒဏ်ရိုက်တဲ့အပေါ်မှာ ဖိအားပေးခံရတာ ပြောဆိုခံရတာ ရှိခဲ့လား။

ဖြေ ။ ။ ကျမတို့ကလေ အမှန်တကယ် ကိုယ်ဖာသာကိုယ် အလိုလိုနေရင်း ကြောက်နေလို့။ ဆင်ခြင်တုံတရားနဲ့ အညီ ဆုံးဖြတ်တာကို သူတို့ သိပ်မပြောရဲဘူး။ ကျမ ဆုံးဖြတ်လို့ရတယ်။ ကျမ ဆုံးဖြတ်လိုက်တော့လည်း လူကြီးက ခေါ်တယ်။ ဘာဖြစ်လို့ ဒဏ်ငွေရိုက်လိုက်တာလဲ။ ထောင်ချဖို့ပြောထားတာကို။ သမီးက ဒဏ်ရိုက်ချင်လို့ ရိုက်တာပေါ့ သိပ်ဖြေရှင်းချက်မပေးဘူး။ ကျမရဲ့ဆင်ခြင်တုံတရားပဲဆိုတော့ ကျမ မျက်နှာထားကိုကြည့်ပြီးတော့ ကျမမျက်နှာထားကလည်း အဲဒီအချိန်မှာ အရင် ရိုသေခဲ့တဲ့ဆရာတွေလည်း ကျမ ခေါင်းထဲမှာ မရှိတော့ဘူး။ မျက်နှာထားလည်း တည်တည်တံ့တံ့နေတော့ ဆရာမက လျှောချသွားတယ်။ အင်းပါ အင်းပါ ဆိုပြီး ဘာမှမပြောတော့ဘူး ပေါ့နော်။ သိပ်မရှင်းခဲ့ရဘူး။

ကျမကို ခရိုင်အဆင့်ကပဲ ခေါ်မေးတာခံရတယ်။ တိုင်းတို့ စစ်ကောင်စီတို့က ဘာမှမရှိဘူး။ ကျမ မရှိတာပေါ့နော်။ တခြား ကြုံခဲ့တဲ့ တရားသူကြီးတွေ ရှိတယ်။ လွှတ်လိုက်လို့ ဝင်ထိုးခံရတဲ့ တရားသူကြီးတွေ ရှိတယ်။ ယောကျ်ားလေး။ သူက သူ့မြို့နယ်မှာ မြို့နယ်လဝကနဲ့ နောက် မြို့နယ်ဆရာဝန်နဲ့ကို ရဲတွေက ရမန်လာယူတာ သူတို့ ဆန္ဒပြလို့ဆိုပြီးတော့ ဖမ်းပြီးတော့ သဘာဝဘေးတို့ ၅၀၅ တို့နဲ့ ရမန်လာယူတာ။

ရမန်လာယူတော့ သူက ရမန်မပေးပဲနဲ့ ချုပ်မိန့်မပေးနိုင်ဘူးပေါ့။ ချုပ်မိန့် မပေးဘူးဆိုပြီး တရားသူကြီးက လုပ်ခွင့်ရှိတယ်လေ။ ရဲက တရားသူကြီးက ချုပ်မိန့်ပေးမှ ချုပ်လို့ရတာလေ။ ဥပဒေနဲ့အညီ ဆိုရင်ပေါ့။ အခုနောက်ပိုင်းမှာတော့ သူတို့ ချုပ်ချင်သလို ချုပ်တာ။ တရားသူကြီးက ရမန်မပေးတော့ သူတို့လွှတ်လိုက်တယ်ပေါ့။ လွှတ်လိုက်တော့ ညနေပိုင်းကျတော့ စစ်သားတွေက သူ့စားပွဲကို လာပြီးတော့ စစ်သားတွေ ဝင်လာပြီးတော့ မင်းလားကွ ဆိုပြီးလုပ်တာ။ ဖြစ်ချင်တော့ သူက ဟိန္ဒူ ဖြစ်နေတယ်။ နဂိုနှိပ်ကွပ်နေကျလေ။ ပိုဆိုးတာပေါ့။ ထိုးကြိတ်ကြတယ် ရိုက်နှက်ကြတယ်။ တရားသူကြီးက သူ တော်တော်နဲ့ မပြောဘူး။ နောက်မှ ကျမကိုပြောပြတာ သုံးလပိုင်းမှာ ဖြစ်ခဲ့တဲ့ဟာတွေ။

မေး ။ ။ တရားသူကြီးရဲ့ဆင်ခြင်တုံတရားဆိုတာ ဘယ်လိုမျိုး လုပ်ဆောင်တာကို ပြောတာလဲ။

ဖြေ ။ ။ ဆင်ခြင်တုံတရားက ပေးထားတာတော့ ပြစ်ဒဏ်တွေကလေ အနိမ့်ဆုံးနဲ့ အမြင့်ဆုံး ဒဏ်ငွေ တသိန်း လောက် အနိမ့်ဆုံး ရိုက်လို့ရတယ်။ အမြင့်ဆုံးဆိုထောင် ၇ နှစ်အထိ ချလို့ရတယ်။ ဒီပြစ်မှုတခုတည်း ပုဒ်မတခုတည်းကို လူတယောက်ပေါ်မှာ သက်ညှာခွင့်၊ မသက်ညှာခွင့်ကလေ အဲလောက်ထိ ကျယ်ပြန့်ထားတယ်။

ဥပဒေရဲ့ရည်ရွယ်ချက်ကတော့ ကောင်းတယ်။ ထည့်သွင်းစဉ်းစားစရာအချက်တွေ အများကြီးရှိတဲ့အတွက်။ ဥပမာ ခိုးမှုကိုပဲ အများကြီး ခိုးတဲ့လူနဲ့ နည်းနည်းလေး ခိုးတဲ့လူ။ နောက်တကယ်ကို စားစရာမရှိလို့ မတတ်သာလို့သာ တခါတလေပဲ ခိုးတဲ့လူ။ အမြဲတမ်းလို ခိုးကို ခိုးနေရမှ ခိုးတာကို အသက်မွေးဝမ်းကြောင်းလို ခိုးကို ခိုးနေရမှ ခိုးပဲစားတတ်တဲသူနဲ့ကျတော့ ပြစ်ဒဏ်တွေမတူသင့်ဘူး ဆိုပြီး ကွဟထားတာပေါ့နော်။ ဆင်ခြင်တုံတရားက အဲလိုပေးထားတာ။

အခွင့်အရေးက ရပြီးသား။ တရားသူကြီးရဲ့ဆင်ခြင်တုံတရားက ပေးထားပြီးသား။ သူလုပ်နေသမျှ ပေးထားပြီးသား။ သူတို့ မလုပ်ရဲတာပဲ ရှိတယ်။ တခြားဌာနနဲ့တောင် မတူဘူး။ ကျမတို့က စစ်တပ်နဲ့တောင် မတူဘူး။ စစ်တပ်က အမိန့်ပေးရတဲ့ ဌာန ဖြစ်တဲ့အတွက် အမိန့်နဲ့အညီ ဆောင်ရွက်တာလို့ ပြောလို့ရတယ်။ ကျမတို့ တရားရေးက လုံး၀ စွက်ဖက်ခွင့် မရှိဘူး။ ကျမက မြို့နယ်တရားသူကြီး ဖြစ်ပေမယ့် ဒုတိယ မြို့နယ်တရားသူကြီးရဲ့ဆုံးဖြတ်ချက်ကို ကျမက စွက်ဖက်ခွင့် မရှိဘူး။ သူ့ဆုံးဖြတ်ချက်ကို သူတာဝန်ယူရတယ်။ တခြားသူပြောတဲ့အတိုင်းလည်း လုပ်စရာ မလိုဘူး။

မေး ။ ။ တရားရေး မဏ္ဍိုင်ဟာ အစိုးရ အဆက်ဆက်နာမည်ပျက်ခဲ့တယ်။ ဝေဖန်ခံရတယ်။ ဘာကြောင့် အဲဒီလို ဖြစ်နေတာလဲ။

ဖြေ ။ ။ တရားသူကြီးတွေ ပျက်စီးတာလည်း ဒီလိုမျိုးပေါ့နော်။ အချင်းချင်းကြားထဲမှာ တယောက်ကတော့ ဒီအမှုကို သိန်းဘယ်လောက်ရသွားတယ်ဆိုရင် နောက်တယောက်က မရရင် ငါညံ့တာလား သူက ကံကောင်းတာလား။ သူက ကားစီးသွားတယ်။ ငါမစီးနိုင်ဘူးဆိုရင် ငါညံတာလား။ အဲလိုစိတ်တွေနဲ့ ပျက်စီးကုန်တာပေါ့နော်။

မေး ။ ။ အခုချိန်မှာ တရားရုံးတွေနဲ့ ပတ်သက်လို့ ပြည်သူလူထုကို ဘာများပြောချင်ပါလဲ။

ဖြေ ။ ။ တရားရုံးတွေကို မသွားသင့်တော့ဘူးပေါ့။ မသွားသင့်တော့ဘူးပေါ့။ ရဲကဖမ်းပြီးတင်တဲ့ တရားခံတွေကလွဲလို့ ပေါ့။ တရားခံတွေကတော့ မသွားမဖြစ်လို့ သွားရတဲ့လူတွေကလွဲပြီးတော့ ကျန်တဲ့သူတွေအားလုံးက ရပ်ပြီးတော့ တရားရုံးတွေကို တော်လှန်သင့်တယ်။ ရှေ့နေလိုက်တယ်ဆိုရင်လည်း လိုက်တဲ့ရှေ့နေကို ကျမ မေးချင်တယ်။

သူတို့ရှေ့နေတွေရဲ့ပြောပိုင်ခွင့်လည်း မရှိမှန်းလည်း သိတယ်။ ကျနေမှန်းလည်း သိတယ်။ ဒါကို လိုက်တယ်ဆိုတာက နည်းနည်း ဝေစားချင်လို့လိုက်တာလားလို့ အမှန်တကယ်က တရားရုံးကို ရှေ့နေတွေလည်း မသွားနဲ့တော့။ မတတ်သာလို့ တရားခံက ရဲဖမ်းခေါ်လို့သာ အချုပ်နဲ့ လိုက်ရတဲ့ တရားခံကတော့ သွားပါစေတော့။ သိသိသာသာ ပြောင်းလဲသွားတာတော့ တရားခံများဟာ တရားခံအခွင့်အရေး လုံးဝ မရှိတော့ဘူး။ ခုခံချေပတာတို့ အမှုကို လွတ်အောင်ကြိုးစားတာတို့ ရှေ့နေရဲ့အကူအညီကို ယူပြီးတော့ ဥပဒေရဲ့အခွင့်အရေးကို ခံစားဖို့ မရှိတော့ဘူး။


Original Post: The Irrawaddy