စစ်ကောင်စီတပ်ရဲ့ လူမဆန်မှုတွေ ကိုယ်တွေ့ကြုံနေကြောင်း CDM ဗိုလ်ကြီးဇေလတ်ပြော

October 15th, 2022  •  Author:   Radio Free Asia  •  1 minute read
Featured image

မန္တလေးတိုင်း မြစ်သားမြို့နယ် မိုင်းမောမြို့ရှိ စစ်ကောင်စီလက်အောက်ခံ သံချပ်ကာပြင်ဆင်ရေး ပင်မအလုပ်ရုံက အင်ဂျင်နီယာဗိုလ်ကြီးဇေလတ်ဟာ ပြီးခဲ့တဲ့ ၂ဝ၂၁ ခုနှစ် ဇွန်လကတည်းက စစ်တပ်ကိုစွန့်ခွာပြီး စစ်ကိုင်းတိုင်း တစ်နေရာမှာ NUG အစိုးရရဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် အင်အားစုတွေနဲ့ ပူးပေါင်းတိုက်ပွဲဝင်နေပါတယ်။ ဗိုလ်ကြီးဇေလတ်က စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီသြဇာခံတပ်တွေရဲ့ လူမဆန်ရက်စက်မှုတွေကို သူကိုယ်တိုင်ကြုံတွေ့နေရတဲ့အတွက် အာဏာရှင်စနစ် အမြန်ဆုံးချုပ်ငြိမ်းစေရေးအတွက် လက်ရှိစစ်တပ်အတွင်းက ဘဝတူ အရာရှိအကြပ်တပ်သားတွေအနေနဲ့ ပြည်သူနဲ့ အမြန်ဆုံးပူးပေါင်းကြပါလို့ RFA ကနေတစ်ဆင့် တိုက်တွန်းလိုက်ပါတယ်။ RFA က ဆက်သွယ်မေးမြန်းထားပါတယ်။

RFA။ ။ ဗိုလ်ကြီးဇေလတ်ရှင့်။ ဗိုလ်ကြီးက ဘာကြောင့် စစ်ကောင်စီလက်အောက်ခံ စစ်တပ်က ထွက်လာတာလဲ၊ ဘယ်တုန်းက အခုလို ထွက်လာတာလဲဆိုတာလေး အရင်ဆုံး ပြောပြပေးပါလား။ ပြီးတော့ လက်ရှိဗိုလ်ကြီး ရောက်ရှိနေတဲ့ စစ်ကိုင်းတိုင်းမှာ စစ်ရေးအခြေအနေကရော ဘယ်လို ရှိပါသလဲ။

ဖြေ။ ။ ဒီလောက်ယုတ်မာတဲ့ အဖွဲ့အစည်းအောက်မှာ ကျွန်တော်အနေနဲ့ အုတ်တစ်ချပ် သဲတစ်ပွင့်အနေနဲ့ ဘယ်လိုမှကို တာဝန်ထမ်းဆောင်လို့ မရတော့လို့ ဒီလိုမျိုး CDM လုပ်လာခဲ့တာပါ။ ကျွန်တော်လုပ်တာဆိုရင် ၁ နှစ်နဲ့ ၄ လ ပြည့်တော့မယ်ခင်ဗျ။ စားဝတ်နေရေးအတွက် အဆင်ပြေပါတယ်ခင်ဗျ။ ကျွန်တော်ထွက်လာကတည်းက ဒီဘက်မှာ ကျွန်တော်ကို လက်ခံပေးတဲ့ ပြည်သူတွေကပဲ ကျွေးမွေးထားပြီး သူတို့ကပဲ စောင့်ရှောက်ပေးထားတာ။ ကျွန်တော်နေတဲ့အဖွဲ့တွေက NUG ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေး ဝန်ကြီးဌာန လက်အောက်က အဖွဲ့တွေပါခင်ဗျ။ ကျွန်တော်နေတဲ့ မြို့နယ်ဘက်မှာ တော်တော်လေးတော့ အခြေအနေဆိုးနေတယ်။ စစ်ကြောင်းတွေ ဝင်တယ်။ လေကြောင်းတွေလည်း ဝင်တယ်။ လေကြောင်းကဆိုတာ ဂျက်ဖိုက်တာလည်း ဝင်တယ်၊ Mi 35 တွေလည်း ဝင်တယ်။ ကျွန်တော်တို့ဘက်က လူအင်အားရှိတယ်။ ကျွန်တော်တို့နဲ့ စစ်ကောင်စီနဲ့ လက်နက်အင်အားချင်း မမျှဘူးဗျ။ ထိုးစစ်ဆင်လာရင် ကျွန်တော်တို့ဘက်က ခွာပေးရတယ်ခင်ဗျ။ ရှောင်ပေးရတယ်။ ထိပ်တိုက်ရင်ဆိုင်မှုမျိုးက ဖြစ်လို့ မရသေးတဲ့ အခြေအနေခင်ဗျ။ အဓိကလိုအပ်ချက်က လက်နက်ပေါ့။ လက်နက်ဆိုတာက ကျွန်တော်တို့ မြေပြင်ပစ်တဲ့ မက်ရှင်းဂန်း လက်နက်ငယ်တင် မဟုတ်ဘူး၊ လက်နက်ကြီးသဘောမျိုး လေကြောင်းကို ကာကွယ်ဖို့ လေကြောင်းရန် ကာကွယ်ရေးတွေလည်း လိုပါတယ်ခင်ဗျ။

RFA။ ။ NUG အမျိုးသားညီညွတ်ရေးအစိုးရက တစ်နှစ်အတွင်း အဆုံးသတ်တိုက်ပွဲတွေကို ဆင်နွဲမယ်၊ လာမယ့်နှစ်ဟာ တော်လှန်ရေးကို အဆုံးအဖြတ်ပေးမယ့်နှစ်ဖြစ်တယ်လို့ အောက်တိုဘာလ ၇ ရက်နေ့က ကြေညာခဲ့ပါတယ်။ အဲဒီပြောကြားကြေညာချက်ကို ဗိုလ်ကြီးဇေလတ် ဘယ်လို မြင်ပါသလဲ။

ဖြေ။ ။ NUG က ကျွန်တော်တို့ရဲ့ ပင်မမဏ္ဍိုင်အစိုးရပဲလေ ကျွန်တော်တို့ သူတို့ ပြောတဲ့စကားကို လေးလေးနက်နက် ယုံလည်း ယုံကြည်တယ်။ အားလည်း အားကိုးတယ်။ သူတို့ ပြောတဲ့အတိုင်းလည်း ဖြစ်အောင် အကောင်အထည်ဖော်မယ်လို့ ကျွန်တော်ကတော့ မြင်ပါတယ်။ ကြားထဲမှာ အခက်အခဲမျိုးစုံ ပြဿနာမျိုးစုံ ရှိရင်လည်း ရှိနိုင်တာပေါ့။ ဒါပေမဲ့ သူတို့ရအောင်လုပ်မယ် ပြောပြီဆိုကတည်းက Plan ကတော့ ရှိပြီးသား၊ ဆွဲပြီးသား၊ ချပြီးသားမို့လို့ ဒီစကားပြောတာပေါ့။ ကျွန်တော်တို့ အစိုးရကို အပြည့်အဝ ယုံကြည်တယ်။ အားလည်း အားကိုးပါတယ်။

RFA။ ။ တော်လှန်ရေး တစ်နှစ်ကျော်ကြာလာပြီဆိုပြီး ဒီမိုကရေစီအင်အားစု အချင်းချင်း အပြစ်တင် ပြောဆိုနေကြတာတွေအပေါ်မှာရော ဗိုလ်ကြီးသဘောထား ဘယ်လိုရှိပါသလဲ။

ဖြေ။ ။ ဘယ်တော်လှန်ရေးကများ ကျွန်တော်တို့ ခေတ်အဆက်ဆက် အရင်းရှင်တော်လှန်ရေးပဲဖြစ်ဖြစ်၊ ကိုလိုနီတော်လှန်ရေးပဲဖြစ်ဖြစ် မြေရှင်ပဒေသရာဇ်တော်လှန်ရေးပဲဖြစ်ဖြစ်၊ စက်မှုတော်လှန်ရေးပဲဖြစ်ဖြစ် တော်လှန်ရေးဆိုတဲ့ဟာ ဖြစ်လာပြီဆိုတာနဲ့ တော်လှန်ရေးတစ်ခုကတော့ ကြာသင့်သလောက် ကြာမှာပဲခင်ဗျ။ ကျွန်တော်တို့ မြန်မြန်ဆန်ဆန်ပြီးချင်လို့ကတော့ လက်ရှိအခြေအနေကို အားလုံးလည်း မြင်ရတွေ့ကြနေတာပဲ။ ကိုယ်ကိုယ်တိုင်က ဘယ်လောက် စွမ်းဆောင်လုပ်ထားပြီးပြီလဲ ကိုယ့်ကိုယ်ကို မေးပြီးမှပဲ အထက်က လူကြီးတွေပဲဖြစ်ဖြစ် NUG က လုပ်ဆောင်တာကိုပဲဖြစ်ဖြစ် ဝေဖန်သင့်ပါတယ်။

RFA။ ။ ဗိုလ်ကြီးဇေလတ်က စစ်ကိုင်းတိုင်းမှာပဲ တော်လှန်ရေးလုပ်နေတာဆိုတော့ စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကိုယ်တိုင်မြင်တွေ့တာတွေရှိရင် သိပါရစေ။

ဖြေ။ ။ ကျွန်တော်နေတဲ့ အနီးတစ်ဝိုက်မှာ သူတို့မီးရှို့ဖျက်ဆီးတာ၊ သူတို့ ပြန်ရင် ကျွန်တော်တို့ ရှင်းလင်းရေး ဝင်ရတာတွေ ရှိတယ်။ အဲ့ကျရင် သူတို့က ဒီတိုင်းမထားဘူး သက်သေဖျောက်ခဲ့တာ။ လူအလောင်းတွေကို မီးရှို့ခဲ့တာ။ တချို့ဟာတွေကျတော့ မရှင်းဘူး။ အလောင်းတွေပေါ့ဗျာ။ အဲ့တာတွေကျတော့ ကျွန်တော်တို့က သဂြိုလ်ပေးရတယ်။ သူတို့ဝင်နေပြီဆိုရင် ကျွန်တော်တို့ သတင်းတွေကြားတာပေါ့နော်။ သူတို့ပြည်သူပစ္စည်းတွေကို ခိုးယူနေတယ်၊ ကားတွေနဲ့တင်သွားတယ်။ အိမ်မှာ ဘာမှမကျန်အောင် ရိုက်ခွဲသွားတယ်၊ ဖျက်ဆီးသွားတယ်၊ ပြီးလို့ ရှိရင်လည်း မီးခိုးလုံးတွေကလည်း တွေ့နေရတယ်။ ကျွန်တော်တို့နဲ့ဆိုရင် နှစ်မိုင်အတွင်းပေါ့ဗျာ။ မီးခိုးလုံးတွေရှိတယ်၊ မီးရှို့ဖျက်ဆီးနေတာပေါ့ဗျာ။ ပြီးလို့ရှိရင် လူသေအလောင်းတွေ မီးရှို့နေတာတွေ ရှိတယ်။ အဲ့လိုအခြေအနေတွေကတော့ ကိုယ်တိုင် ကြုံတွေ့နေရတာပါ။ ဒုက္ခသည်တွေကို ကူညီပေးတယ်၊ စောင့်ရှောက်ပေးတယ်။ အဲဒါမျိုးတွေ ကျွန်တော်တို့ လုပ်ပေးနေတာ။ အလောင်းပဲဖြစ်ဖြစ်၊ မီးရှို့တာပဲဖြစ်ဖြစ် အဲ့ဒီမှတ်တမ်းဓါတ်ပုံတွေကတော့ ရှိတယ်။ မျက်လုံးနဲ့ကလည်း ကိုယ်တိုင်မြင်ရတယ်။ ကျနော်တို့လည်း ကိုယ်တိုင် ဓါတ်ပုံရိုက်တာပေါ့။

RFA။ ။ လက်ရှိစစ်ကောင်စီလက်အောက်မှာ အမှုထမ်းနေတဲ့ ဘဝတူ အရာရှိအကြပ်တပ်သားတွေကို ဗိုလ်ကြီး ဘာပြောလိုပါသလဲ။

ဖြေ။ ။ ကျွန်တော်တို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ၊ ဆရာသမားတွေပေါ့နော် သူတို့အားလုံးကို ကျွန်တော်အနေနဲ့ ချစ်လည်း ချစ်တယ်၊ ယုံလည်း ယုံကြည်တယ် အားလည်းအားကိုးတယ်။ တစ်ခုရှိတာက တချို့တိုင်းတွေပေါ့၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ကချင်ပြည်နယ်၊ ကယားပြည်နယ် အခုလောလောဆယ် သူတို့ မီးရှို့နေတယ် သတ်ဖြတ်နေတဲ့ ခိုးဆိုးလုယက်နေတဲ့ တိုင်းတွေကို အေးချမ်းသာယာနေတဲ့ လပခ လို မန္တလေးတိုင်း နေပြည်တော်တိုင်း၊ ရန်ကုန်တိုင်း ဒီလိုမျိုး အလယ်ပိုင်းဒေသက စစ်သားတွေအနေနဲ့ သိချင်မှ သိလိမ့်မယ်။ သူတို့ကိုပြောချင်တာက ဒီတပ်မတော်က နိုင်ငံတော်ကို ကာကွယ်တဲ့အစား ပြည်သူ့အိုးအိမ်စည်းစိမ်ကို ကာကွယ်ရမယ့်အစား ရက်ရက် စက်စက်လုပ်ရပ်တွေ၊ ရွံ့ရှာစရာလုပ်ရပ်တွေ၊ ဒီလိုမျိုးလုပ်ရပ်တွေ လုပ်ဆောင်နေတဲ့အတွက် ကျွန်တော်အနေနဲ့ တပ်ထဲမှာရှိတဲ့ ညီအကိုတွေကို ပြောချင်တာကတော့ အမြန်ဆုံး CDM ဝင်ကြပါ၊ အလင်းဝင်ကြပါလို့ ပြောချင်ပါ တယ်။

RFA။ ။ မြန်မာပြည်သူတွေကိုရော ဗိုလ်ကြီးဇေလတ် ဘာများပြောလိုပါသေးသလဲ။

ဖြေ။ ။ တော်လှန်ရေးကာလ အချိန်နည်းနည်းကြာလာပြီဆိုတော့ အားလုံးလည်း ပင်ပန်းနေကြပါပြီ။ တစ်ဦးတစ်ယောက်မှလည်း လက်လျှော့မှာ မဟုတ်ဘူးလို့လည်း ကျွန်တော်အနေနဲ့ ယုံကြည်ပါတယ်။ ယုံကြည်တဲ့ အတိုင်းပဲ အားလုံး တစ်နေ့တစ်ချိန်ကျရင် ပန်းတိုင်ရောက်မှာပါ။ အောင်မြင်မှာပါ။ ကျွန်တော်တို့အနေနဲ့ ဒီပန်းတိုင်မရောက်ခင် အချိန်မှာ ပြဿနာတွေကို အားလုံးလက်တွဲပြီးတော့ ရင်ဆိုင်ကျော်လွှားကြရအောင်ပါ။ ကျွန်တော်တို့ ဒီအချိန်ဒီကာလအထိ အားလုံးသွေးစည်းကြောင်းလည်း ပြပြီးသွားပြီ။ သွေးဘယ်လောက်နီကြောင်းလဲ ပြပြီးသွားပြီ။ နောက်ဆုံးအနေနဲ့ ကျွန်တော်တို့ သွေးမကွဲဘူးဆိုတဲ့ဟာလေးကို ပြပြီးတော့ ဒီစစ်ကောင်စီနဲ့ သူနဲ့ အပေါင်းအဖော်တွေကို နောက်ဆုံးအနေနဲ့ အားလုံးရင်ဆိုင်သွားရအောင်ပါလို့ ကျွန်တော်အနေနဲ့ ပြောချင်ပါတယ်။


Original post.