By BBC
”လက်ပံတွေ ပွင့်ပြန်ပြီရော… ကျွန်တော်ချစ်သော မြို့လေးဆီ ပြန်လာဖို့ အခွင့်မသာတော့ဘူး ထင်ပါရဲ့ ”
၂၀၂၂ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်က သူ့ဖေ့စ်ဘုတ်ပို့စ်မှာ ဒီ စတေးတပ်ကို ရေးခဲ့တဲ့ CDM သူနာပြုဆရာမလေး မဇာလီနိုင်ဟာ အခုတော့ တကယ်ကိုပဲ သူ့အိမ်ပြန်ဖို့ အခွင့်မသာတော့ပါဘူး။
ပြီးတော့ သူ အရမ်းစားချင်ခဲ့တဲ့ ပီဇာ ကိုလည်း စားခွင့်မရှိတော့ပါဘူး။ ရုပ်ရှင်မင်းသမီးဖွေးဖွေးကို သဘောကျအားပေးသူ တစ်ယောက်အနေနဲ့ ဖွေးဖွေး နဲ့ဆုံတွေ့ဖို့ဆိုတာ မဖြစ်နိုင်တော့သလို ဖွေးဖွေးပုံလေးတွေလည်း သူ့ ဖေ့စ်ဘုတ်မှာ တင်ဖြစ်မှာ မဟုတ်တော့ပါဘူး။
စာအုပ်တွေကို ချစ်တဲ့ သူနာပြုဆရာမလေးဟာ အခုတော့ သူကြိုက်တဲ့ စာရေးဆရာတွေဖြစ်တဲ့ မင်းလူ၊ ငြိမ်းကျော်၊ ဂျူးနဲ့ ခင်ခင်ထူး တို့ရဲ့ စာတွေကိုလည်း ဖတ်ခွင့်မရှိတော့ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်တဲ့ သူနာပြုဆရာမလေးဟာ အခုတော့ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစေဖို့လည်း သူ ဆုတောင်းမပေးနိုင်တော့ပါဘူး။
မေလ ၂၄ရက်အထိပဲ အသုံးပြုထားခဲ့တဲ့ JU LI ဆိုတဲ့ နာမည်နဲ့ သူ့ဖေ့စ်ဘုတ်စာမျက်နှာမှာ နောက်ထပ် စတေးတပ်အသစ်တွေနဲ့ ပို့စ်အသစ်တွေ ထပ်တွေ့ ရဖို့လည်းမရှိတော့ပါဘူး။
ဘာကြောင့်လဲဆိုရင် အသက် ၂၇ နှစ်ပဲရှိသေးတဲ့ CDM သူနာပြုဆရာမလေးဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးသွားခြင်းကိုခံရပြီးတဲ့နောက်မှာ မီးလောင်နေတဲ့ သူ့ရုပ်အလောင်းပဲ ပြန်တွေ့ခဲ့ရလို့ပါပဲ။
မဇာလီနိုင်ဟာ ၂၀၂၂ ဇွန်လ ၁၀ရက် က မကွေးတိုင်းထဲက ရေစကြိုနဲ့ မြိုင်နယ်စပ်ကြားက ပိတ်သင်းကပ်ရွာမှာ CDM ကျောင်းအုပ်ဆရာကြီးဦးကျော်ဝင်း၊ ကိုယ်ဝန် ၅ လ လွယ်ထားရတဲ့ CDM ကျောင်းဆရာမ မခင်နှင်းဝေ၊ ဒေသခံ မသဲအိအိဝင်း ၊ ဒေသခံ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ဝူခုန်းတို့နဲ့ အတူ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးခေါ်ဆောင်ခံရပြီးနောက် ရုပ်အလောင်းတွေသာ ပြန်တူးဖော်ရခဲ့တဲ့ထဲက တစ်ယောက်ပါ။
အသက် ၃၀ မပြည့်သေးတဲ့ ပညာတတ် အမျိုးသမီးငယ် တစ်ယောက်ဖြစ်တဲ့အတွက် သူ့ဖေ့စ်ဘုတ်ကို ဝင်ကြည့်ရင် ခေတ်ကိုအမီလိုက်နိုင်ပြီး၊ သူချစ်မြတ်နိုးလွန်းတဲ့ အကြောင်းအရာတွေကိုပဲ မျှဝေထားတာတွေ့ရမှာပါ။ ရုပ်ရှင်မင်းသမီးဖွေးဖွေးရဲ့ ဓာတ်ပုံတွေကို အများအပြား တင်ထားသလို၊ ဒေါ်အောင်ဆန်းစုကြည် ကိုချစ်ခင်ကြောင်း ရေးသား မျှဝေတတ်ပါတယ်။
ခင်ခင်ထူး၊ ဂျူး၊ မိုးမိုး(အင်းလျား)၊ ငြိမ်းကျော်နဲ့ မင်းလူစာအုပ်တွေ ကို မြတ်မြတ်နိုးနိုးရှိတာကိုလည်း တွေ့ရမှာပါ။ CDM သူနာပြုဆရာမပီပီ တော်လှန်ရေးကိုလည်း အားသွန်ခွန်စိုက် အားပေးတတ်တာကိုလည်း တွေ့ရပါတယ်။
ဒေသအတွက် တန်ဖိုးကြီးတဲ့သူ
”ကျမတို့နယ်အတွက်က ဆရာမဇာလီနိုင်က တန်ဖိုးဖြတ်လို့မရဘူး၊ အခုထိ သူသေတယ်ဆိုတာကို လက်မခံနိုင်သေးဘူး မယုံနိုင်သေးဘူး” လို့ ရေစကြိုဒေသခံ သူနာပြုဆရာမ မမိုးစုက တယ်လီဖုန်းထဲက သူ့ရဲ့ ငိုသံပါနေတဲ့အသံကို ထိန်းပြီး ဆက်ပြောနေခဲ့ပါတယ်။
မမိုးစုက ရေစကြိုတစ်ခွင်မှာ မဇာလီနိုင်နဲ့အတူ သုံးလကျော်လောက် ဒေသခံတွေ ကျန်းမာရေးစောင့်ရှောက်မှုတွေအတွက် အလုပ်တွဲလုပ်ခဲ့တဲ့ CDM သူနာပြုဆရာမဖြစ်ပါတယ်။ စစ်အာဏာသိမ်းပြီးတဲ့နောက် ကျန်းမာရေးဝန်ထမ်းတွေ CDM လုပ်ကြတော့ ရေစကြိုဆေးရုံနဲ့ ရေစကြိုနယ်က မအူဆေးရုံမှာ ဆရာဝန်တွေ၊ သူနာပြုတွေမရှိတော့သလောက် ဖြစ်သွားပါတယ်။ အဲဒီဒေသရဲ့ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်ချက်ကို မဇာလီနိုင်နဲ့ မမိုးစုက ဖြည့်ဆည်းပေးခဲ့ပါတယ်။
လက်နက်ကိုင်တော်လှန်မှု အားကောင်းပြင်းထန်တဲ့ ရေစကြိုမြောက်ပိုင်းနဲ့ မြိုင်နယ်ထဲမှာ လုံခြုံရေးအားမကောင်းလို့ ဒေသခံတွေက ရွာနဲ့ အနည်းဆုံး ၅ မိုင်နဲ့ ၁၀ မိုင်ကြားဝေးတဲ့ အစိုးရဆေးရုံတွေကို မသွားရဲကြတော့တာကြောင့်လည်း CDM သူနာပြုဆရာမတွေကပဲ ရေစကြိုနဲ့ မြိုင်တစ်ခွင်မှာ ရွာခံတွေရဲ့ အားကိုးရာ ကျန်းမာရေးဝန်ထမ်းတွေ ဖြစ်ခဲ့ရတာပါ။ အချိန်တိုတွင်း တွေ့ခဲ့ကြပေမဲ့ ခေတ်ဆိုးကြီးကိုကြုံကြရပြီး အတူရှင်သန်ကြရတဲ့ ရွယ်တူ CDM သူနာပြုဆရာမတွေဖြစ်လို့ ညီအစ်မအရင်းလိုပဲ ဆက်ဆံရေးရှိခဲ့တယ်လို့ မမိုးစုက ဆိုပါတယ်။
” ဆရာမဇာလီနိုင်က တအားလည်း စိတ်ထားကောင်းသလို အေးချမ်းတယ်။ သူအဖမ်းမခံရခင်နေ့ကအထိ ဒီက လူနာတစ်ယောက်ရဲ့ ရောဂါအကြောင်း လှမ်းပြောပြရင်း ကျွန်မတို့ ဖုန်းပြောခဲ့ကြတာ။ နေ့တိုင်းကို ဖုန်းဆက်နေကြတာလေ”လို့ မမိုးစုက မဇာလီနိုင် သေဆုံးခဲ့ပြီဆိုတာကို လက်မခံနိုင်သေးတဲ့ စိတ်ခံစားမှုနဲ့ ပြောနေခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီး တစ်နှစ်အတွင်း ကျန်းမာရေးဝန်ထမ်းတွေ၊ ဆေးရုံ၊ ဆေးခန်းအဆောက်အဦတွေကို စစ်တပ်ကနေ ပစ်မှတ်ထား တိုက်ခိုက် ခြိမ်းခြောက်မှုပေါင်း ၄၁၅ ခုအထိ ရှိခဲ့တယ်လို့ လူ့အခွင့်အရေးဆိုင်ရာသမားတော်များ (PHR) အဖွဲ့ က ၂၀၂၂ ခုနှစ် ဇန်နဝါရီ က ထုတ်ပြန်ထားပါတယ်။
PHR အစီရင်ခံစာမှာ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း ဖမ်းဆီးထိမ်းသိမ်းခံထားရတဲ့ ဆရာဝန်၊ သူနာပြုတွေအပါအဝင် ကျန်းမာရေးဝန်ထမ်းပေါင်း ၂၈၆ ဦး၊ သေဆုံးသူပေါင်း ၃၀ ဦး၊ တိုက်ခိုက်ခံရတဲ့ ဆေးရုံနဲ့ ကျန်းမာရေး အဆောက်အဦပေါင်း ၁၂၈ ခုထိ ရှိကြောင်း ဖေါ်ပြထားတာပါ။
အစီရင်ခံစာထွက်ပြီးနောက်ပိုင်း ၅ လ အတွင်းမှာတော့ အဲဒီအရေအတွက်တွေထက် ပိုတိုးပြီး ဖြစ်လာနေတယ်လို့ အာဏာသိမ်းပြီးနောက် ကျန်းမာရေးကဏ္ဍကို လေ့လာစောင့်ကြည့်နေတဲ့အဖွဲ့တွေက ထောက်ပြပါတယ်။
မြစ်ခြေ၊ဘဲကြီးရွာသူမဇာလီနိုင်
ပိန်ပိန်သွယ်သွယ် အသားခပ်လတ်လတ်နဲ့ ရုပ်ရည်ချောမောပြေပြစ်တဲ့ သူနာပြုဆရာမ မဇာလီနိုင်ကို ဒါန်းပင်ကန်ရွာက လူတွေက ဆရာမဇာလီနိုင်လို့ ခေါ်ကြပါတယ်။ အသက်၂၇ နှစ်အရွယ် မဇာလီနိုင်ဟာ မကွေးတိုင်း ပခုက္ကူခရိုင်၊ မြစ်ခြေမြို့နယ် ဘဲကြီးကျေးရွာဇာတိပါ။
သာမန်လယ်သမားမိသားစုက မွေးဖွားခဲ့တဲ့ သူဟာ ညီအစ်မ ၄ ယောက်ထဲမှာ အငယ်ဆုံးဖြစ်ပါတယ်။ မိသားစုထဲ ဗဟုသုတပြည့်စုံတဲ့ ခေတ်ပညာတတ်ကလည်း သူတစ်ယောက်ထဲလို့ မိသားစု အခြေအနေကို အနီးကပ်သိရှိသူ ဘဲကြီးဒေသခံက ပြောပြပါတယ်။
ငယ်ငယ်ကတည်း စာကြိုးစားလွန်းတဲ့ မဇာလီနိုင်ရဲ့ တကယ့်အိပ်မက်က ဆရာဝန်တစ်ဦးဖြစ်ဖို့ပါ။ မြစ်ခြေ အထက ကျောင်းကနေ ၂၀၀၉ – ၂၀၁၀ ပညာသင်နှစ်မှာ တက္ကသိုလ်ဝင်တန်းအောင်ခဲ့တဲ့ သူဟာ အတန်းထဲမှာ အမြဲ အဆင့် ၁ နဲ့ ၅ ကြား ဝင်သူတစ်ယောက်လို့ ကျောင်းနေဖက် ငယ်သူငယ်ချင်း ကိုအောင်က ပြောပါတယ်။
”နှမြောတာပေါ့ဗျာ။ သူကစိတ်ထား တအားကောင်းတယ်။ လူတိုင်းနဲ့လည်း အဆင်ပြေတယ်။ သူငယ်ချင်းတွေကို ခင်တယ်။ ကျွန်တော်နဲ့ မတွေ့ဖြစ်ကြတာ အာဏာသိမ်းပြီး ကတည်းကပဲ။ ကျွန်တော်တို့သူငယ်ချင်းကို ဒီလိုဆုံးရှုံးရတော့ ပိုပြီး စိတ်မကောင်းဖြစ်ကြတယ်။ သူက တိုင်းပြည်အတွက် တန်ဖိုးရှိတဲ့သူလေ” လို့ ကိုအောင်က ပြောပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှာ စစ်တပ်က အာဏာသိမ်းတော့ သူနာပြုဆရာမ မဇာလီနိုင်ဟာ သူ တာဝန်ထမ်းဆောင်နေတဲ့ နေပြည်တော် ပုဗ္ဗသီရီ ခုတင် ၃၀၀ ဆေးရုံကနေ ရုံးမတက်ဘဲ အာဏာဖီဆန်ရေး CDM လုပ်ခဲ့ပါတယ်။
” ဇာလီက အရမ်းသဘောကောင်းပြီး သူလုပ်နေတဲ့အလုပ် အမှားပါမှာကို မကြိုက်တဲ့သူ။ လူနာ အပေါ်လည်း စိတ်ရှည်တယ်။ ဘယ်လောက် စိတ်တိုနေပါစေ ပြုံးပြုံးလေးနဲ့ ပြဿနာ ဖြေရှင်းပေးတယ်။ လူနာ Complain တက်ရင်လည်း ဆရာဝန်တွေဆီ အကြောင်းကြားပေးတယ်။ အလုပ်အပေါ် အရမ်းကြိုးစားတဲ့သူပါ။ သူစကားပြောပုံစံနဲ့ သူ့ရယ်သံလေးတောင် သူနဲ့ဆုံတွေ့ဖူးတဲ့သူတိုင်းက တမူထူးခြားတယ် ဆိုပြီးမေ့မရ သတိရနေကြမယ်ထင်တယ်။ ညီမတော့ မမေ့ဘူး။ အလုပ်မှာ အကြီးတွေကိုလည်း ရိုသေလေးစားသလို အငယ်တွေကိုလည်း မသိတာရှိရင် ပြောပြသင်ပေးတာ။ အရမ်းခင်ဖို့ကောင်းတဲ့သူငယ်ချင်း” လို့ နေပြည်တော် ပုဗ္ဗသီရီ ခုတင် ၃၀၀ဆေးရုံမှာ အတူ တာဝန်ထမ်းဆောင်ခဲ့တဲ့ သူနာပြုဆရာမ မဂျာက ပြောပြပါတယ်။
အာဏာသိမ်းစစ်တပ်က လူထုကို ပစ်ခတ်မှုတွေ အင်အားကောင်းကောင်းနဲ့ လုပ်နေပြီး CDM တွေကို ဖမ်းဆီးတာတွေ စလုပ်လာတဲ့ ၂၀၂၁ မတ်လလောက်မှာ မဇာလီနိုင် တစ်ယောက် နေပြည်တော်ကနေ သူ့ရဲ့ဇာတိရွာ မြစ်ခြေမြို့နယ် ဘဲကြီးကျေးရွာကို ပြန်ခဲ့ပါတယ်။
ဒါပေမဲ့ ရွာထဲမှာ စစ်ကောင်စီတပ်က တပ်စွဲထားသလို၊ စစ်တပ်ထောက်ခံသူ သတင်းပေးတွေနဲ့ မလုံခြုံတာကြောင့် သူ့မိသားစုကိုထိခိုက်မှာကို မဇာလီနိုင် စိုးရိမ်ခဲ့ပါတယ်။
ကြံ့ခိုင်ရေးပါတီဝင်တွေ အားကောင်းတဲ့ ဒေသဖြစ်နေလို့ သူ့ဇာတိ ဘဲကြီးရွာကနေ ထွက်ခွာဖို့ မဇာလီနိုင် ဆုံးဖြတ်ခဲ့ပါတယ်။
ဒီလိုနဲ့ သူငယ်ချင်း မခင်နှင်းဝေ(ဇွန်လ ၁၀ရက် အသတ်ခံရတဲ့အထဲပါတဲ့ CDM ကျောင်းဆရာမ) နေထိုင်တဲ့ ရေစကြိုမြောက်ပိုင်းနဲ့ မြိုင်ဒေသ အစပ်က ဒါန်းပင်ကန်ရွာကို သွားရောက်တိမ်းရှောင်နေခဲ့တာပါ။
ဒါန်းပင်ကန်ရွာမှာ မခင်နှင်းဝေနဲ့အတူ နေထိုင်ရင်း အိမ်ဘေးချင်းကပ်ဖြစ်တဲ့ CDM ကျောင်းအုပ်ဆရာကြီး ဦးဝင်းကျော်တို့မိသားစုနဲ့လည်း ရင်းနှီးခဲ့ကြပါတယ်။
မဇာလီနိုင်ဟာ သူမသေဆုံးရခင်အထိ ဆိုရင် ဒါန်းပင်ကန်မှာ တစ်နှစ်နဲ့ ၂လကျော် နေထိုင်ခဲ့ပါတယ်။
ဒါန်းပင်ကန်ရဲ့ ရွာတွင်း၊ ရွာပြင်သာမက ရွာနီးချုပ်စပ်က တစ်ဦးတစ်ယောက်မကျန်ရဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို တာဝန်ယူခဲ့သူလို့ ရွာခံတွေက ပြောပါတယ်။
မဇာလီနိုင်ရဲ့ မြစ်ခြေက ကျောင်းနေဖက်သူငယ်ချင်းတစ်ယောက်ကတော့ သူ့စိတ်ခံစားချက်တစ်ခုကို ပြောပြပါတယ်။
” ကျမ သူငယ်ချင်းအတွက် မှတ်မှတ်ရရ စိတ်မကောင်းတဲ့နေ့ဆို သူ ပီဇာစားချင်တယ်လို့ ပို့စ်တင်တဲ့နေ့ကပဲ။ ရေစကြိုလို မြိုင်လို ချောင်ကျတဲ့ ရွာကိုရောက်နေတာ သူပီဇာ စားရဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး။ သူသာ နေပြည်တော်မှာ ဆက်နေနေရင် ပီဇာလည်းစားရမှာပဲ။ သေမှာလည်း မဟုတ်ဘူး။ ဒါပေမဲ့ ကျမသူငယ်ချင်းက လုပ်သင့်တာကို လုပ်ခဲ့တယ်။ စွန့်လွှတ်ခဲ့တယ်။ တရားကတော့ နိုင်မှာပါ”
၂၀၂၂ ဇွန်လ ၉ ရက်နေ့မှာ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (မြိုင် ပကဖ)နဲ့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ရေစကြို ပကဖ) အဖွဲ့ နှစ်ဖွဲ့ပေါင်းပြီး စစ်ကိုင်းနဲ့မကွေးကို ဆက်ထားတဲ့ ဆင်ဖြူရှင်တံတားပေါ်က စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ခဲ့ကြပါတယ်။
အထိနာခဲ့တဲ့ စစ်ကောင်စီတပ်တွေဟာ ဇွန် ၁၀ ရက် မနက်အစောပိုင်းမှာတော့ ဆင်ဖြူရှင်တံတားနဲ့ အများဆုံး၂ မိုင်သာဝေးတဲ့ မြိုင်မြို့နယ်ထဲက ဒါန်းပင်ကန်ရွာကို စစ်ကြောင်းထိုးလာကြပါတယ်။ ဒေသကာကွယ်ရေးတပ်တွေ အခြေစိုက်နေတယ်ဆိုတဲ့ ယူဆချက်နဲ့ပါ။
ဒါတင်မကပါဘူး၊ ဒါန်းပင်ကန်တစ်ခွင်မှာ ကျန်းမာရေးစောင့်ရှောက်ပေးမှုနဲ့ ပတ်သက်ရင် ဒေသခံတွေအားကိုးနေကြတဲ့ သူနာပြုဆရာမ မဇာလီနိုင်ကိုလည်း ရှာဖွေဖို့ပါ။
ရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့မှာ စစ်တပ်ကို ထောက်ခံအားပေးသူတွေနဲ့ စုဖွဲ့ထားတဲ့ ဒေသအခေါ် ပျူစောထီးအဖွဲ့တွေ ပါလာပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ အတူပါလာတဲ့ သတင်းပေးဆိုသူက ဆရာမဇာလီနိုင်ကို အတိအကျ လက်ညှိုးထိုးပြပြီး ဖမ်းခိုင်းခဲ့တာလို့ ဖမ်းဆီးခံရတဲ့နေ့က မျက်မြင်ရှိခဲ့သူတွေက ဘီဘီစီကို ပြောပြပါတယ်။
” ဆရာမကို လက်ညှိုးထိုးပြီးကို ဒါ ဇာလီနိုင်ပဲလို့ကို ပြောတာ”လို့မျက်မြင်ရှိခဲ့သူ ရွာခံတစ်ဦးကပြောပါတယ်။
CDM သူနာပြုဆရာမလေး ဘာကြောင့်အဖမ်းခံရ
စစ်ကောင်စီတပ်တွေကို ရှောင်တိမ်းဖို့အတွက် ဒါန်းပင်ကန်ဒေသခံတွေဟာ မနက် ၃နာရီမှာ ရွာအနောက်ဘက်တောရိုးကို ထွက်ပြေးခဲ့ကြပါတယ်။ ဒါပေမဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေကလည်း ရွာရဲ့တောင်ဘက်ကနေ အနောက်ဘက်ကိုပဲ တခြားလမ်းကနေ ဖြတ်ဝင်လာလို့ ရွာအနောက်ဘက်မှာ တိမ်းရှောင်နေတဲ့ ဒါန်းပင်ကန်ရွာခံ အများစုနဲ့ မနက် ၇ နာရီကျော်နဲ့ ၈ နာရီကြားလောက်မှာ ပက်ပင်းတိုးခဲ့ကြပါတယ်။
ဒေသခံတွေ အများကြီးထဲကမှ စစ်တပ်ဟာ ဆရာမဇာလီနိုင်အပြင် ရွာခံ ၁၄ယောက်ကို ဖမ်းခဲ့ကြတာပါ။
” တစ်ရွာလုံးကမနက် ၃နာရီကတည်းက ရွာနောက်ဘက်ကို ပြေးကြတာလေ။ သူတို့( စစ်ကောင်စီ) ကလည်း ရွာထဲမဝင်ဘဲ ရွာ့တောင်ဘက်ကနေ အနောက်ဘက်ကို တန်းလာတော့ ရွာအနောက်ဘက်မှာ အကုန်မိကြတာပဲ။ သူတို့(စစ်ကောင်စီ)နဲ့ တွေ့တဲ့အချိန်မှာပဲ ဆရာမကလည်း သူနဲ့အတူ သေတဲ့ ရဲဘော်ဝူခုန်း ခြေထောက်မှာ ဒဏ်ရာရလို့ ဆေးကုပေးနေတဲ့အချိန်မှာ ကွက်တိကို မိကြတာပဲ”
ဒါန်းပင်ကန်တစ်နယ်လုံး မသိသူမရှိသလောက်ဖြစ်တဲ့ မဇာလီနိုင်ကို စစ်တပ်က လာဖမ်းတာ CDM လုပ်လို့ဆိုတဲ့ အချက်တစ်ခုထဲတော့ မကပါဘူး။ စစ်ကောင်စီဘက်က အရာရှိကလည်း မဇာလီနိုင်ကို CDM လုပ်တာ ဟုတ်သလားဆိုတဲ့စကားကို ဆက်တိုက် မေးနေခဲ့တာပါ။
” မဇာလီနိုင်ကို CDM လုပ်ထားလားဆိုပြီး ခဏခဏမေးတာ။ ဆရာမက ဟုတ်ပါတယ် လုပ်ထားပါတယ်ဆိုလည်း ထပ်မေးတယ်။ပြီးတော့ပြောသေးတယ်။ CDM လုပ်ရင် ထောင် ၁၅နှစ် ချလို့ရတာ သိလား။ ပစ်သတ်လိုက်လို့ရတယ်ဆိုပြီးလည်း ပြောတယ်” လို့ မျက်မြင်ရှိခဲ့သူ အချို့က ဘီဘီစီကို ပြောပြပါတယ်။
CDM လုပ်တယ်ဆိုတဲ့ အချက်အပြင် အဓိက အချက်ကတော့ ဒါန်းပင်ကန်ရွာမှာ အခြေစိုက်သွားတဲ့ ဒေသကာကွယ်ရေးတပ်မှာ တပ်ဖွဲ့ဝင်တွေအတွက် အခြေခံကျန်းမာရေးသင်တန်းနဲ့ အရေးပေါ်ကုသမှုတွေအတွက် ဆေးသင်တန်းပေးလို့ဆိုတဲ့ အချက်နဲ့ လာရောက်ရှာဖွေတာပါ။
”ဆရာမ ဇာလီနိုင်က ကျွန်တော်တို့ တပ်ဖွဲ့အတွက် အရမ်းအားကိုးရတယ်။ ကျွန်တော်တို့ကလည်း စခန်းဟောင်းက ပထမ ဒါန်းပင်ကန်ရွာနားမှာ အခြေစိုက်တော့ တပ်ဖွဲ့ဝင်တွေ တစ်ခုခု ထိခိုက်ဒဏ်ရာရတာနဲ့ ကျန်းမာရေး အတွက်ကျတော့ ဆရာမလိုတယ်။ ဆရာမကလည်း ကူညီပေးချင်တယ်။ အဲဒီလိုနဲ့ ကျွန်တော်တို့ တပ်ဖွဲ့ဝင်တွေအတွက် ဆေးသင်တန်းပေးခဲ့တာပေါ့”လို့ ရေစကြိုမြောက်ပိုင်း ဒေသကာကွယ်ရေးတပ်က ဦးနိုင်က ပြန်ပြောပြပါတယ်။
ဆေးသင်တန်းပေးတဲ့ ဆရာမဆိုပေမဲ့ တပ်ဖွဲ့ဝင်တွေရဲ့ ကြံ့ခိုင်ရေးနဲ့ စစ်ရေးပြသင်တန်းတွေမှာ ဝင်ရောက်ပူးပေါင်းပြီး တက်ခဲ့သေးတာပါ။
” ဆေးသင်တန်းပြီးတော့ စစ်ရေးပြသင်တန်း သူ ဆက်တက်တယ်။ နောက်ပိုင်းကျတော့ စခန်းမှာပဲ နေတော့တာ။ ဆရာမ မမိုးစုနဲ့ သူနဲ့နှစ်ယောက် အတူတူနေကြတယ်။ မှတ်မှတ်ရရကတော့ တပ်ဖွဲ့တစ်ခုလုံး ဝမ်းတွေသွားကြတုန်းကပဲ။ ဆရာမဇာလီနိုင်တို့ ၂ ယောက်ကပဲ အကုန် တစ်ဖွဲ့လုံးကို စောင့်ရှောက်ကုသပေးတာ နေ့ရောညရော ဆေးသွင်း၊ ဆေးချိတ် အကုန်လုပ်ပေးတာ” လို့ ဦးနိုင်ကပြောပြပါတယ်။
တပ်ဖွဲ့ဝင်တွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုနဲ့အတူ မြိုင်နဲ့ ဒါန်းပင်ကန်တစ်နယ်လုံးက ဒေသခံတွေရဲ့ ကျန်းမာရေး စောင့်ရှောက်မှုကိုလည်း မပြတ်စေရတဲ့ ဆရာမဇာလီနိုင်ကို ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်တွေက လေးလေးစားစားဆက်ဆံကြသလို တစ်ရွာလုံးကလည်း အားကိုးကြပါတယ်။
ဒီလိုကြောင့်ပဲ သတင်းပေးတွေကြားမှာ သူနာပြုဆရာမလေးရဲ့ အသက်အန္တရာယ်က မလုံခြုံခဲ့တာလို့ ဒေသခံတွေက မှတ်ချက်ပြုကြပါတယ်။
နောက်တစ်ချက်ကတော့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ရေစကြို ဒေသ ရဲ့ ကျန်းမာရေးတာဝန်ခံ အနေနဲ့ လှုပ်ရှားနေတာကို သတိထားမိကြတာလည်း အချက် တစ်ချက်ဖြစ်နေတယ်လို့ ဆိုပါတယ်။
ဇွန်လ ၁၀ရက် မနက်ပိုင်းက ဖမ်းသွားခံရတဲ့ ဆရာမဇာလီနိုင်ပါ ၁၄ ယောက်အဖွဲ့မှာ ဒေသခံအမျိုးသား ၉ ယောက်ကတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ပစ္စည်းတွေကို သယ်ဖို့ ဖမ်းဆီးခံရတာပါ။ နာမည်နဲ့တကွ ရှာဖွေခံရတဲ့ ၅ ယောက်ကတော့ လက်ထိတ်ခတ် ကြိုးတုပ်ပြီး ဓားစားခံလို ခေါ်သွားခံရပါတယ်။
ဇွန်လ ၁၀ရက် မနက် ၉ နာရီနဲ့ ၁၀နာရီ ကြားလောက်မှာ ဒါန်းပင်ကန်အနောက်ဘက်ကနေ ဖမ်းထားတဲ့လူတွေနဲ့အတူ စစ်ကောင်စီတပ် ဆက်ပြီးစစ်ကြောင်းထိုးပါတယ်။ ဖမ်းသွားတဲ့သူတွေကိုလည်း သူတို့နဲ့အတူ ဓားစာခံအနေနဲ့ ရေစကြိုမြောက်ဘက်ရွာတွေဖြစ်တဲ့ ဝက္ကတောကျေးရွာအုပ်စုတွေကို ဖြတ်ပြီး သစ်ကြီးတောရွာကို ခေါ်သွားခဲ့တာပါ။
အဲဒီကနေ ညနေ ၃ နာရီလောက်မှာတော့ သစ်ကြီးတောရွာကနေ မီးရှို့ပြီး ရေစကြိုဘက် ပြန်လှည့်လာတဲ့ စစ်ကောင်စီတပ်ဟာ ဖမ်းထားတဲ့သူတွေနဲ့အတူ ဒါန်းပင်ကန်နဲ့ ကပ်နေတဲ့ ပိတ်သင်းကပ်ရွာမှာ နားကြပါတယ်။
ဖမ်းလာတဲ့ သူတွေကိုတော့ ဓမ္မာရုံထဲမှာ ချုပ်နှောင်ထားပါတယ်။ ဆရာကြီးဦးဝင်းကျော်နဲ့ မဇာလီနိုင်တို့ကိုတော့ ဒေသကာကွယ်ရေးတပ်စခန်း ရှိတဲ့နေရာကို ကန်ကျောက်ပြီး မေးတာတွေလုပ်တယ်လို့ အတူဖမ်းခံရာကနေ ပြန်လည်လွတ်မြောက်လာသူအချို့က ဘီဘီစီကိုပြောပြပါတယ်။
” ပီဒီအက်ဖ်စခန်း ဘယ်မှာလဲလို့ မဇာလီနိုင်တို့ကိုမေးတယ်။ သူတို့ ခါးတွေကိုကန်တယ်။ ပစ္စည်းသယ်ဖို့ခေါ်သွားတဲ့ ကျွန်တော်တို့ ၉ ယောက်ကို လူခွဲပြီး လွှတ်ပေးပေမဲ့ မဇာလီနိုင်တို့ ၅ ယောက်ကို ဆက်ခေါ်ထားတယ်။ ကျွန်တော့်ကို ည ၇ နာရီလောက်မှာ ပြန်လွှတ်တဲ့ အထိ သူတို့ အသက်ရှိနေသေးတယ်” လို့ ပြန်လည် လွတ်မြောက်ခဲ့သူတစ်ဦးက ပြောပြပါတယ်။
ဇွန်လ ၁၀ ရက် မနက်ကဖမ်းခံရသူတွေထဲက ၉ ယောက် ပြန်လွတ်လာခဲ့ပေမဲ့ မဇာလီနိုင်နဲ့ ဆရာကြီး ဦးဝင်းကျော်တို့ အဖွဲ့ ၅ဦးကတော့ သတင်းအစအန ထပ်မရတော့ပါဘူး။ ရေစကြိုကို ခေါ်သွားတယ်လို့ ယူဆကြပြီး စိတ်ချနေကြပေမဲ့ ပိတ်သင်းကပ်ရွာခံတချို့ကလည်း ဇွန်၁၀ရက်ညက ရွာအပြင်ဘက်ကနေ ကယ်ကြပါဦးဆိုတဲ့ အော်သံတွေကြားကြတယ်လို့ ပြောကြပြန်လို့ စိုးရိမ်ခဲ့ကြပြန်ပါတယ်။
ဒါပေမဲ့ သူတို့သတင်းကို မိသားစုဝင်တွေရော ရွာခံတွေပါ ၄ ရက်လောက် အဆက်သွယ်ပြတ်သွားတာပါ။
ဇွန်လ ၁၄ ရက်မှာတော့ ဒါန်းပင်ကန်ရဲ့ မြောက်ဘက် ပိတ်သင်းကပ်ရွာ အပြင်ဘက်နားက ရေကန်နဲ့ တာရိုးကြားမြေကွက်လပ်မှာ သူတို့ ၅ ယောက်ကို ဒါန်းပင်ကန်ရွာက ယာခင်းလုပ်သူအချို့က စတွေ့ခဲ့ကြပါတယ်။ မြေကြီးပုံနေရာကို ကျီးကန်းတွေထိုးဆွနေကြလို့ မသင်္ကာရာကနေ ရုပ်အလောင်းတွေတွေ့ခဲ့ကြတာပါ။
ရုပ်အလောင်းတွေ မီးလောင်ပြီး မြေမြှုပ်ထားတာကို တွေ့တော့ ရွာခံတချို့က မြောက်ပိုင်းရေစကြို N-YSO ပြောက်ကျားတပ်ကို အကြောင်းကြားခဲ့ပါတယ်။
မြေမြုပ်ထားတဲ့နေရာကို ဖော်တဲ့အခါမှာတော့ အလောင်းတွေဟာ မီးအကုန်မလောင်ဘဲ ရှို့ရုံရှို့ထားတဲ့ အခြေအနေဖြစ်နေသလို ကိုယ်တစ်ပိုင်းပဲပါနေတာကို ဘီဘီစီကရရှိထားတဲ့ ဓာတ်ပုံတွေမှာတွေ့ရပါတယ်။
မြေမြှုပ်ထားတဲ့နေရာနဲ့ ခပ်လှမ်းလှမ်းမှာတော့ မီးလောင်ပြင်တစ်ခုရှိနေပြီး အဲဒီတဝိုက်က ချုံပုတ်ထဲမှာတော့ ဆရာမဇာလီနိုင်ရဲ့ ဆေးအိတ်ကို တွေ့ရတယ်လို့ ဆိုပါတယ်။
” အလောင်းတွေ တွေ့ပြီဆိုတော့ မိသားစုတွေကို အကြောင်းကြားတာပေါ့၊ လာကြည့်ကြပါ။ အတည်ပြုကြပါပေါ့။ မဇာလီနိုင် အတွက်မိသားစုကတော့ ရောက်မလာခဲ့ဘူးပေါ့။ သူက ဧည့်သည်ဆိုတော့ ရွာကလူတွေကပဲ မီးလောင်နေတဲ့ သူ့အဝတ်ကို မှန်းရတာပေါ့။ သူဖမ်းခံရတုန်းက ကိုင်သွားတဲ့ သူ့ဆေးအိတ်ကို မီးလောင်ပြင်နား ချုံပုတ်ထဲ ပစ်ထားတာတွေ့တယ်” လို့ ရုပ်အလောင်းတွေကို သွားကြည့်ခဲ့တဲ့ ဒါန်းပင်ကန်ရွာခံတစ်ယောက်ကပြောပြပါတယ်။
ရုပ်အလောင်းတွေ မြှုပ်ထားတဲ့နေရာနဲ့ မလှမ်းမကမ်းမှာ မီးလောင်ပြင်ရှိနေပါတယ်။ မီးလောင်ပုံထဲမှာလည်း လူအရိုးတချို့တွေ့ရတယ်လို့ ဆိုပါတယ်။ မြေမြှုပ်ထားတဲ့နေရာမှာတော့ ရုပ်အလောင်းတွေကို တန်းစီပြီး အရှည်လိုက် မြေကျင်းခပ်နိမ့်နိမ့်တူးပြီး မီးလောင်ထားတဲ့ ကိုယ်တစ်ပိုင်း ရုပ်အလောင်းတွေကို မြှုပ်ရုံမြှုပ်ထားတာကို ဓာတ်ပုံမှတ်တမ်းတွေမှာ မြင်ရပါတယ်။
ရုပ်အလောင်းတွေသွားကြည့်တဲ့ ဒါန်းပင်ကန်ရွာခံတွေကတော့ ညှဥ်းပန်းနှိပ်စက်ခံရပြီးမှ အသတ်ခံရတဲ့ အခြေအနေလို့ ခန့်မှန်းကြပါတယ်။
စစ်ကောင်စီဘက်ကတော့ ဒါန်းပင်ကန်ရွာက အစုလိုက်သတ်ခံရမှုနဲ့ပတ် သက်ပြီး သတင်းထုတ်ပြန်တာမရှိသေးပါဘူး။
ပခုက္ကူ သူနာပြုနဲ့ သားဖွားသင်တန်းကျောင်းကနေ သူနာပြုတစ်ယောက်ဖြစ်လာတဲ့ မဇာလီနိုင်ဟာ နေပြည်တော်ပုဗ္ဗသီရိမြို့နယ် ခုတင် ၃၀၀ ဆေးရုံမှာ တာဝန်ထမ်းဆောင်နေခဲ့ပါတယ်။ ၂၀၁၉ခုနှစ် စက်တင်ဘာမှာ သူနာပြုတက္ကသိုလ် (မန္တလေး) ကခေါ်ယူတဲ့ သူနာပြုသိပ္ပံ ပေါင်းကူးဘွဲ့ ၁ နှစ်သင်တန်းကို လျှောက်ခဲ့ပါတယ်။ ထူးချွန်တဲ့မဇာလီနိုင်ဟာ အဲဒီသင်တန်းအတွက် ရွေးချယ်ခံခဲ့ရပါတယ်။
၂၀၂၀ ဇန်နဝါရီမှာ စတက်ခဲ့ရတဲ့ အဲဒီသင်တန်းက ကိုဗစ် ကပ်ရောဂါကြောင့် ရပ်ထားခဲ့ရချိန်မှာပဲ အာဏာသိမ်းမှု ဆက်ဖြစ်လို့ ဆက်မတက်ဖြစ်ခဲ့ပါဘူး။ ဒီနှစ်ထဲမှာတော့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ယာယီတက္ကသိုလ်ကောင်စီ၊ သူနာပြုတက္ကသိုလ် မန္တလေးရဲ့ အစီအစဥ်နဲ့ အွန်လိုင်းက တစ်ဆင့် စာမေးပွဲဖြေဆိုနေချိန်မှာပဲ အခုလိုဖမ်းဆီးခံရပြီး သေဆုံးခဲ့ရတာပါ။
မိသားစုရဲ့ အဝေး၊ အိမ်ရဲ့ အဝေးမှာ နေထိုင်နေရပေမဲ့ စိတ်ဓာတ်ကျတာ မရှိတဲ့ မဇာလီနိုင်ဟာ သူနာပြုပညာကို စိတ်အားထက်သန်လွန်းတဲ့သူလို့ ဘီဘီစီကမေးမြန်းခွင့်ရခဲ့တဲ့ နီးစပ်သူတိုင်းက မှတ်ချက်ပြုပါတယ်။
ဘာကြောင့်လဲဆိုရင် မဇာလီနိုင်ဟာ ဒါန်းပင်ကန်ရွာမှာနေတဲ့ ၁ နှစ် နဲ့ ၂ လကျော် အတွင်းမှာ ရပ်ရွာကဒေသခံတွေ အတွက် ကျန်းမာရေးစောင့်ရှောက်မှု ပေးနေခဲ့သလို ၊ ဒေသကာကွယ်ရေးတပ်တွေကို ၃ လ တိတိ ဆေးသင်တန်းပေးခဲ့ပါတယ်။
တစ်ချိန်တည်းမှာပဲ သူနာပြုသိပ္ပံပေါင်းကူးဘွဲ့ အတွက် စာမေးပွဲဖြေခဲ့ပါတယ်။ ဒါတင်မကသေးဘဲ အင်တာနက်ခက်တဲ့ ရေစကြိုမှာ ဗြိတိန်နိုင်ငံ အခြေစိုက် UK Support for Myanmar Healthcare Worker ကပေးတဲ့ အွန်လိုင်း သူနာပြုသင်တန်းတိုင်းကိုလည်း ရအောင် တက်ရောက်လေ့လာသူလို့ မြန်မာပြည်သင်တန်းတာဝန်ခံ ဆရာမတစ်ဦးက ပြောပြပါတယ်။
” ဇာလီက သူ့အခက်အခဲကို ဘယ်တော့မှမပြောဘူး။ အရမ်းသန်မာတဲ့ အမျိုးသမီး သူနာပြုတစ်ယောက်ပဲ။ သင်တန်းတိုင်းမှာ တက်တက်ကြွကြွနဲ့ ပေးတဲ့ Assignment တွေကိုလည်း မပြတ်လုပ်တယ်။ အင်တာနက်မရတဲ့နေရာမှာ နေပြီး ရတဲ့နေရာကို သွားပြီးတက်ရလည်း သူမညည်းဘူး။ ကြိုးစားသင်ယူလေ့လာတယ်။ သင်တန်းတွေ တက်ရုံမက၊ သင်တန်းတွေပေးရတဲ့အခါလည်း သူပါဝင်တယ်။ တော်ရုံ စိတ်ဓာတ်မာကျောရုံနဲ့ သူ့လို မဖြတ်သန်းနိုင်ဘူး။ အခု သူမရှိတော့တာ တော်တော့်ကိုဆုံးရှုံးမှုပဲ ပြောရမယ် ” လို့ UK Support for Myanmar Healthcare Worker က ဆရာမတစ်ဦးကပြောပြပါတယ်။
အိမ်မှာ အငယ်ဆုံးဖြစ်လို့ မိသားစုရဲ့ ချစ်ခြင်းမေတ္တာကိုတော့ မဇာလီနိုင်တစ်ယောက် လိုတာထက်ပိုပြီး ရခဲ့သူပါ။ တာဝန်ကျရာနေရာတွေနဲ့ ရောက်တဲ့ဒေသတွေတိုင်းက ဒေသခံတွေရဲ့ ကျန်းမာရေးကို စောင့်ရှောက်ပေးခဲ့ပေမဲ့ အိမ်က အဖေနဲ့ အမေကိုတော့ အမြဲကျန်းမာရေး စောင့်ရှောက်မှု မလုပ်ပေးနိုင်ခဲ့သူပါ။
မဇာလီနိုင်ကလည်း ဒါကိုအမြဲ စိတ်မကောင်းဖြစ်တတ်သူလို့ နီးနီးကပ်ကပ်ရှိခဲ့သူတွေက ပြောပါတယ်။ အိမ်မှာလည်း ခေတ်ပညာတတ်တဲ့သူ့ကို အစ်မတွေက အထွေးဆုံးညီမမို့ ပိုချစ်ကြသလို အားကိုးလေးစားကြတာလို့ ဆိုပါတယ်။
မိဘနှစ်ပါးအတွက် ရင်အနာရဆုံးကတော့ တစ်နှစ်ကျော်လောက် မတွေ့ခဲ့ရတဲ့သမီးအငယ်ဆုံးကို သေတဲ့ အချိန်အထိ မမြင်ရပါဘဲ နာရေးလုပ်လိုက်ရတာပါ။ ဒီ အခြေအနေက အသက် ၆၀ ကျော် နဲ့ ၇၀ကြားက မိဘ နှစ်ဦးအတွက် ဖြေသိမ့်ပေးဖို့ခက်တဲ့ အခြေအနေပါပဲ။
မဇာလီနိုင်ကိုယ်တိုင်က မိသားစုနဲ့ အဆက်အသွယ်ဖြတ်ပြီး ယုံကြည်ရာကိုကြိုးစားလုပ်ကိုင်နေခဲ့လို့ မိတ်ဆွေတွေကိုယ်တိုင်က သူ့မိသားစု ဘယ်သူဘယ်ဝါဆိုတာ သိကြသူတွေ နည်းပါးလွန်းပါတယ်။
ကျောင်းနေဖက်သူငယ်ချင်းတွေထဲက တစ်ဦးကတော့ မဇာလီနိုင်က သူ့ကြောင့် သူ့မိသားစုထိခိုက်မှာကို စိုးရိမ်တယ်လို့ ပြောပြပါတယ်။
” သူ့မိဘတွေ အစ်မတွေက တအားရိုးကြတာ။ အခုဖြစ်နေတာတွေလည်း သိကြတာ မဟုတ်ဘူး။ ဇာလီ ဒီလိုလုပ်ခဲ့တာတွေလည်း သူတို့ ဘာမှမသိဘူး။ ဇာလီကလည်းအဲဒါကိုပဲစိတ်ပူတာ”
ဘီဘီစီက မဇာလီနိုင်ရဲ့မိသားစုတွေရဲ့ ဖုန်းကို ရက်ပေါင်းများစွာ စုံစမ်းခဲ့ရပါတယ်။ မဇာလီနိုင်ရဲ့ ကျောင်းနေဖက်သူငယ်ချင်းတစ်ဦးရဲ့ ကြားခံကူညီပေးမှုကတစ်ဆင့် ဖုန်းအဆက်သွယ်ရခဲ့ပါတယ်။
ဖုန်းဆက်ရတဲ့ နေ့က မိသားစု အခြေအနေဟာ အလွန်စိုးရိမ်ထိတ်လန့်မှုတွေ ရှိနေကြသလို ဘယ်လိုမှ ဖြေဆည်နိုင်တဲ့ အခြေအနေမရှိကြပါဘူး။ မေးခွန်းတွေကိုလည်း သူတို့ဘာမှမသိလို့ မဖြေနိုင်ကြောင်း ငြင်းဆန်ကြရင်း ငိုသံတွေသာ ဖုန်းထဲမှာကြားနေရပါတယ်။
ဘာမှမဖြေပါရစေနဲ့လို့ ပြောနေရင်း မိဘ နှစ်ပါး ရဲ့ ငိုသံက ဖုန်းထဲမှာ အတိုင်းသားကြားနေရပါတယ်။ ဖုန်းကိုင်ထားတဲ့ အချိန်မိနစ်အနည်းငယ်မှာပဲ မိသားစုဝင်ထဲက တစ်ဦး ကငိုပြီး ဝင်ပြောပါတယ်။
” တစ်အိမ်လုံးမှာ ပညာတတ်ဆိုလို့ သူတစ်ယောက်ပါတာ။ သူ့ကို တအားမျှော်လင့်ခဲ့တာ။ အခုတော့ အကုန်ပျက်စီးသွားတာပဲ။ တစ်အိမ်လုံးလည်း ရူးမလိုပါပဲ။ တို့တွေက အခုမှ ဘာကိုပြောရဦးမလဲ။ သူက ဘယ်တော့မှ အိမ်ပြန်လာမှာမှမဟုတ်တော့တာ”
ဒါပေမဲ့ မဇာလီနိုင်ကတော့ သူ CDM လုပ်ပြီး ဒါန်းပင်ကန်ရွာမှာ ထွက်ပြေးတိမ်းရှောင်နေရချိန် မှာ တင်ခဲ့တဲ့ ဖေ့စ်ဘုတ်ပို့စ်တစ် ခုရှိခဲ့ပါတယ်။ သူ့မိသားစုနဲ့ မိဘ နှစ်ပါးကို ပြောချင်ခဲ့တဲ့ စကားပါ။ စာနဲ့တွဲတင်ထားတဲ့ ပုံက သူတာဝန်ထမ်းဆောင်ချိန်က သူနာပြုဝတ်စုံဝတ်ထားပြီး ဆေးရုံကနေ စက်ဘီးနဲ့ အဆောင်ပြန်ဖို့ပြင်နေတဲ့ ဟန်နဲ့ရိုက်ထားတဲ့ ပုံဟောင်းလေးပါ ။ အဲဒီပုံနဲ့ တင်ခဲ့တဲ့ စာသားလေးကတော့ ရာထူးတွေ၊ မိဘတွေ နဲ့မိသားစုကို စွန့်ထားရတဲ့သူ့ရဲ့ခံစားချက်ပါ။
” ဂျူတီချိန်လေးတွေ လွမ်းတယ်၊ အဖေနဲ့ အမေ့ကိုလည်း လွမ်းတယ်”
လွမ်းနေခဲ့တဲ့သမီးနဲ့ ပညာတတ်သမီးအပေါ်မျှော်လင့်တကြီးရှိခဲတဲ့၊ အဝေးရောက်နေတဲ့ သမီးကို မျှော်နေခဲ့တဲ့ မိဘတွေ ဘယ်လိုမှ ပြန်မဆုံနိုင်ကြတော့ပါဘူး။
Original Post: BBC