အရေးပေါ်အကူအညီတွေဟာ ဘက်လိုက်မှုကင်းပြီး ချွင်းချက်မရှိ ဖြစ်သင့်ပါသလား

June 9th, 2022  •  Author:   New Internationalist  •  1 minute read
Featured image

၂၀၂၂ ခုနှစ် မတ်လ ၂ ရက်

မြန်မာနိုင်ငံမှ အာဖဂန်နစ္စတန်နိုင်ငံအထိ ဖိနှိပ်သည့် အုပ်ချုပ်သူများအောက်တွင် လှုပ်ရှားရသည့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လုပ်သားများ လုပ်ဆောင်သည့် ရှုပ်ထွေးသော အပေးအယူများကို ခင်ဥမ္မာနှင့် တိုဘီလဲင်ဇာ (Toby Lanzer) တို့မှ အပြန်အလှန်ဆွေးနွေးထားသည်။

ဖြစ်သင့်ကြောင်း တိုဘီလဲင်ဇာက ဆွေးနွေးသည်။ တိုဘီလဲင်ဇာသည် နိုင်ငံတကာရေးရာကိစ္စရပ်များတွင် နှစ်ပေါင်း ၃၀ အတွေ့အကြုံရှိသူတစ်ဦးဖြစ်ပြီး အများအားဖြင့် ကုလသမဂ္ဂအတွက် တောင်ဆူဒန်၊ ဒါဖာ [ဆူဒန်နိုင်ငံ]၊ တီမောနှင့် အခြားနေရာများတွင် ငြိမ်းချမ်းရေးထိန်းသိမ်းရေး၊ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီများနှင့် ဖွံ့ဖြိုးရေးဆိုင်ရာအခန်းကဏ္ဍများတွင် အလုပ်လုပ်ကိုင်ခဲ့သူ ဖြစ်သည်။ သူသည် အာဖဂန်နစ္စတန်နိုင်ငံတွင် လက်ထောက်အတွင်းရေးမှူးချုပ်တာဝန်ကို ထမ်းဆောင်ပြီးနောက် ၂၀၂၀ ခုနှစ်တွင် ကုလသမဂ္ဂမှ အနားယူခဲ့ပြီး ယခုအခါ အကြံပေးတစ်ဦးအဖြစ် လုပ်ကိုင်လျက်ရှိသည်။

မဖြစ်သင့်ကြောင်း ကို ခင်ဥမ္မာက ဆွေးနွေးသည်။ ခင်ဥမ္မာသည် မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးတို့အတွက် နိုင်ငံတကာတွင် ရှေ့တန်းမှ စည်းရုံးလှုံ့ဆော်နေသူတစ်ဦး ဖြစ်သည့်အပြင် သူမသည် လူ့အခွင့်အရေးဆိုင်ရာ သုတေသနနှင့် စည်းရုံးလှုံ့ဆော်ရေး လုပ်ဆောင်နေသည့် မြန်မာအဖွဲ့အစည်းတစ်ခုဖြစ်သော ရှေ့ပြေးအသံအဖွဲ့၏ တည်ထောင်သူနှင့် ဥက္ကဌလည်း ဖြစ်သည်။ သူမသည် ၂၀၁၂ ခုနှစ်တွင် ကမ္ဘာတစ်ဝှမ်းရှိ ကျန်းမာရေးလုပ်သားများအားလုံးအတွက် လမ်းညွှန်ဖြစ်သော စစ်ပွဲ၏ နယ်နမိတ်များရှိ စိတ်ဒဏ်ရာနှင့် ပြန်လည်နလံထူခြင်း Trauma and Recovery on War’s Borders စာအုပ်ကို ပူးတွဲရေးသားသူလည်း ဖြစ်သည်။

အကူအညီပေးရေး အေဂျင်စီတွေက အသက်ကယ်တင်နိုင်တဲ့ အကူအညီတွေကို လိုအပ်နေတဲ့ ပြည်သူတွေဆီကို ရောက်ရှိရေး သေချာစေဖို့အတွက် လက်ရှိအာဏာရှိတဲ့သူတွေ – အာဏာရှင်ဖြစ်စေ၊ လက်တွေ့အရ တရားဝင်တဲ့ အာဏာပိုင်ဖြစ်စေ ဒါမှမဟုတ် ရွေးကောက်တင်မြှောက်ခံထားရတဲ့ အစိုးရ ဖြစ်စေနဲ့ အလုပ်လုပ်ရပါမယ်။

– တိုဘီ

“စစ်အုပ်စုနဲ့ အလုပ်လုပ်နေတာဟာ ဘက်မလိုက်ရေးမူကို ကျင့်သုံးနေတာ မဟုတ်ပါဘူး။ စစ်အုပ်စုက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို လက်နက်သဖွယ်အသုံးပြုနိုင်ဖို့အတွက် လူထုအသိုင်းအဝိုင်းတွေဆီ အကူအညီ စီးဆင်းမှုကို ထိန်းချုပ်ဖို့ ကြိုးပမ်းအားထုတ်နေပြီး လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးအပ်နေတဲ့ အေဂျင်စီတွေကိုလည်း သူတို့ရဲ့ [ပြည်သူလူထုအပေါ်] စုပေါင်းအပြစ်ပေးမှု မဟာဗျူဟာထဲမှာ ပူးပေါင်းပါဝင်သူဖြစ်အောင် ကြိုးပမ်းလုပ်ဆောင်နေတာဖြစ်တယ်။”

– ဥမ္မာ

တိုဘီ – လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီလို့ ကျနော်တို့ ပြောကြတဲ့အခါမှာ ကျနော်တို့ဆိုလိုတာက ပဋိပက္ခ ဒါမှမဟုတ် သဘာဝဘေးအန္တရာယ် ခံရတဲ့သူတွေနဲ့ လူထုအသိုင်အဝိုင်းတွေရဲ့  အရေးပေါ်လိုအပ်ချက်တွေကို အာရုံစိုက်တဲ့ ပံ့ပိုးမှုကို ဆိုလိုတာဖြစ်ပါတယ်။ ဒါဟာ အစိုးရတွေ၊ အခြေခံ အဆောက်အဦးတွေနဲ့ တရားဥပဒေစိုးမိုးရေးလိုမျိုး ပိုမိုကျယ်ပြန့်တဲ့ကိစ္စရပ်တွေကို လုပ်ဆောင်နေတဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ အကူအညီတွေနဲ့ မတူပါဘူး။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ အတွင်းမှာ အကျပ်အတည်းနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အခြေအနေနှစ်မျိုးစလုံးမှာ ကျနော် အလုပ်လုပ်ခဲ့ပြီး လတ်တလော လုပ်ခဲ့တာကတော့ အာဖဂန်နစ္စတန်နိုင်ငံမှာ ဖြစ်ပါတယ်။ ကျနော်အနေနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေဟာ ဘက်လိုက်မှုကင်းရမယ် လို့ ယုံကြည်ပါတယ်။ ဆိုလိုတာက သူတို့ရဲ့ လူမျိုးစု၊ နိုင်ငံသားဖြစ်မှု၊ ကျား-မဖြစ်တည်မှု ဒါမှမဟုတ် နိုင်ငံရေး ဆက်နွယ်မှုတွေနဲ့ မသက်ဆိုင်စေဘဲ လိုအပ်နေတဲ့ ပြည်သူတွေဆီကို ပေးအပ်တာ ဖြစ်ပါတယ်။ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေဟာ ချွင်းချက်မရှိ ဖြစ်တယ်ဆိုတာကို လိုက်နာတာဖြစ်ပြီး စစ်ပွဲ ဒါမှမဟုတ် ဘေးအန္တရာယ်တစ်ခုခုက သူတို့ရဲ့ ဘဝတွေကို ထိခိုက်စေတဲ့အတွက် သူတို့ကို ဘာနှောင်ကြိုးမှမပါတဲ့ ဒါမှမဟုတ် သူတို့/သူတို့အစိုးရဆီက တုံ့ပြန်လုပ်ဆောင်မှုတစ်ခုခု မလိုဘဲ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီကို ရယူကြရမှာ ဖြစ်တယ်။

ဘက်မလိုက်ရေး အခြေခံမူတွေအောက်မှာ လည်ပတ်နေတဲ့ လူသားချင်းစာနာထောက်ထားမှုက နိုင်ငံရေးဆိုင်ရာ ထည့်သွင်းစဉ်းစားချက်တွေကို ဘေးဖယ်ထားရမှာ ဖြစ်ပါတယ်။ ဆိုလိုတာက တစ်စုံ တစ်ယောက်ကို ဆေးဝါး၊ အစားအစာနဲ့ နေရာထိုင်ခင်း ပေးတဲ့အခါမှာ သူတို့ဟာ ဘက်တစ်ဘက်မှာ ရှိနေတာဖြစ်စေ ဒါမှမဟုတ်  လူ့အခွင့်အရေး ချိုးဖောက်နေတဲ့ အာဏာရှင်အောက်မှာ နေထိုင်သူတွေဖြစ်စေ ပေးရမှာဖြစ်တယ်။ အာဖဂန်နစ္စတန်နဲ့ မြန်မာနိုင်ငံလိုမျိုး နေရာတွေက လူအများစုဟာ သူတို့နိုင်ငံရဲ့ နိုင်ငံရေးနဲ့ပတ်သက်ပြီး အနည်းအကျဉ်း ဒါမှမဟုတ် လုံးဝပြောဆိုနိုင်ခြင်း မရှိပါဘူး။ ရိုးရိုးရှင်းရှင်း ပြောရမယ်ဆိုရင် အဲ့ဒီနေရာမှာရှိတဲ့ ပြည်သူများရဲ့ လိုအပ်ချက်အရ အကူအညီတွေကို ပေးရမှာ ဖြစ်တယ်။

ဥမ္မာမြန်မာနိုင်ငံမှာ ပြည်သူတွေဟာ သူတို့နိုင်ငံရဲ့ နိုင်ငံရေးကို ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ထုတ်ဖော်ပြသခဲ့ပါတယ်။ ဒါပေမယ့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအဖွဲ့အစည်း အများစုက “နိုင်ငံရေး” ဆန်တယ်ဆိုပြီး တရားဝင်အစိုးရဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ဒါမှမဟုတ် တော်လှန်ရေးအဖွဲ့တွေနဲ့ အလုပ်မလုပ်ဘဲ အကြမ်းဖက်ခြင်းကတစ်ဆင့် အာဏာသိမ်းဖို့ ကြိုးပမ်းခဲ့တဲ့ တရားမဝင် စစ်အုပ်စုနဲ့ အလုပ်လုပ်နေတာကိုကျတော့ နိုင်ငံရေးဆန်တယ်လို့ မမြင်ဘူး။

စစ်အုပ်စုနဲ့ အလုပ်လုပ်နေတာဟာ ဘက်မလိုက်ရေးမူကို ကျင့်သုံးနေတာ မဟုတ်ပါဘူး။ စစ်အုပ်စုက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို လက်နက်သဖွယ်အသုံးပြုနိုင်ဖို့အတွက် လူထုအသိုင်းအဝိုင်းတွေဆီ အကူအညီ စီးဆင်းမှုကို ထိန်းချုပ်ဖို့ ကြိုးပမ်းအားထုတ်နေပြီး လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးအပ်နေတဲ့ အေဂျင်စီတွေကိုလည်း သူတို့ရဲ့ [ပြည်သူလူထုအပေါ်] စုပေါင်းအပြစ်ပေးမှု မဟာဗျူဟာထဲမှာ ပူးပေါင်းပါဝင်သူဖြစ်အောင် ကြိုးပမ်းလုပ်ဆောင်နေတာဖြစ်တယ်။ အေဂျင်စီတွေကလည်း စစ်အုပ်စုနဲ့ ထိတွေ့ဆက်ဆံခြင်းအားဖြင့် စစ်အုပ်စုက သဲသဲမဲမဲလိုချင်နေတဲ့ တရားဝင်မှုကို ပေးအပ်နေတယ်။

စစ်အုပ်စုရဲ့ တိုက်ခိုက်မှုကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရတဲ့ ပြည်သူတွေနဲ့ စီးပွားရေး လဲပြိုမှုကြောင့် ဆင်းရဲမွဲတေမှုကို ကြုံတွေ့နေသူတွေအပါအဝင် အာဏာသိမ်းရေး ကြိုးပမ်းမှုကြောင့် ဖြစ်ရတဲ့ ကိစ္စရပ်တွေအားလုံးကို ကူညီဖို့အတွက်ဆိုရင် စစ်အုပ်စုနဲ့ ပူးပေါင်းဆောင်ရွက်ပြီး တရားဝင်မှု ပေးစရာ မလိုတဲ့ တခြားနည်းလမ်းတွေ ရှိပါတယ်။ ဥပမာ – နယ်စပ်ဖြတ်ကျော် အကူအညီပေးတာမျိုး လုပ်နိုင်ပါတယ်။

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေပေးတဲ့ အေဂျင်စီတွေအနေနဲ့ အထူးသဖြင့် တစ်ဘက် ဒါမှမဟုတ် အခြားတစ်ဘက်နဲ့ ပူးတွဲလုပ်ဆောင်တာက အခြေခံအားဖြင့် နိုင်ငံရေးဆန်တဲ့အတွက် ဘက်မလိုက်ရေးမူကိုပဲ ဖက်တွယ်စွဲကိုင်နေလို့ မရပါဘူး။  မြန်မာနိုင်ငံအတွက် လိုအပ်နေတာက  ‘မည်သူမျှ ထိခိုက်နစ်နာမှု မရှိစေရ’ ဆိုတဲ့မူအပေါ် မှန်ကန်စွာ ရပ်တည်ဆောင်ရွက်တဲ့ လူသားချင်းစာနာထောက်ထားမှုပဲ ဖြစ်ပါတယ်။ စစ်အုပ်စုကို တရားဝင်မှုနဲ့ အကူအညီတွေကို ထိန်းချုပ်ခွင့် ပေးလိုက်တာဟာ မြန်မာပြည်သူတွေ ကြိုးပမ်းဖော်ဆောင်နေတဲ့ ငြိမ်းချမ်းတဲ့အနာဂတ်ကို ထိခိုက်နစ်နာစေမှာ ဖြစ်ပါတယ်။

တိုဘီ – အကူအညီပေးတဲ့ အေဂျင်စီတွေက စစ်အုပ်စုကို တရားဝင်မှု ပေးနေတယ်လို့ ခင်ဗျားပြောတဲ့အခါမှာ အကူအညီပေးတဲ့ အေဂျင်စီတွေက ဘက်မလိုက်တာ မဟုတ်ဘူးလို့ ခင်ဗျားက အခိုင်အမာ ပြောနေတာ ဖြစ်တယ်။ ဒါက ဘာကိုပြောသလဲဆိုရင် အရေးပေါ်အကူအညီတွေဟာ ကြားနေရမယ် ဘက်မလိုက်ရဘူး ဆိုတာကို ထပ်လောင်းတာဖြစ်ပြီး ဒီမူအပေါ် ခင်ဗျားက သဘောတူတဲ့အတွက် ကျနော်ဝမ်းသာပါတယ်။

မကြာခဏဆိုသလို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေက အာဏာရှင်တွေကို ပံ့ပိုးပေးတယ် ဒါမှမဟုတ် သူတို့အသက်ဆက်နိုင်အောင် ထိန်းထားပေးတယ်လို့ စဉ်းစားတတ်ကြပါတယ်။ ကျနော်အနေနဲ့ အာဏာရှင်တစ်စုစုကို ဘယ်တုန်းကမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ မပေးခဲ့ဖူးပါဘူး။ အကူအညီတွေက လူထုတွေဆီ တိုက်ရိုက်သွားတာ ဖြစ်ပါတယ်။

အကူအညီတွေကို တချို့အချိန်တွေမှာ တချို့နေရာတွေမှာ မပေးသင့်ဘူး ဒါမှမဟုတ် တစ်ဖွဲ့ဖွဲ့က မဖြန့်ဝေသင့်ဘူးလို့  ဆန့်ကျင်ဘက်အုပ်စုတွေက ယူဆတဲ့အခါ ဒါက ဘာကိုပြောသလဲဆိုရင် အကူအညီပေးတဲ့ အေဂျင်စီတွေက သူတို့ [ဘက်မလိုက်ဘဲ ကြားနေရမယ်လို့]  မြင်တာဟာ အမြဲလိုလို မှန်ကန်နေတယ်ဆိုတာပဲဖြစ်တယ်။

ကျနော့်ကိုယ်ပိုင်အတွေ့အကြုံအရ ဥပမာအားဖြင့် ဒါဖာ မှာဆိုရင် တချို့ခေါင်းဆောင်တွေ ဒါမှမဟုတ် ရွံဖို့ကောင်းတဲ့ စစ်အာဏာရှင်တွေနဲ့ အလုပ်လုပ်ဖို့ဟာ ရှောင်လွဲလို့မရတဲ့ကိစ္စ ဖြစ်ပါတယ်။ အကာအကွယ်နဲ့ အကူအညီတွေ လိုအပ်နေတဲ့ ပြည်သူတွေကို လက်လှမ်းမီနိုင်ဖို့အတွက် ကျနော်ကိုယ်တိုင်က Omar al-Bashir (သူဟာ သူ့ခေါင်းဆောင်မှုအောက်မှာ ကျူးလွန်ခဲ့တဲ့ လူမျိုးတုံးသတ်ဖြတ်မှုအတွက် ဖမ်းဝရမ်း ထုတ်ခံရတဲ့သူ ဖြစ်ပါတယ်) စစ်အာဏာရှင်နဲ့ မရပ်မနားနီးပါး ညှိနှိုင်းမှုတွေ လုပ်ခဲ့ရတယ်။

ကျနော့်ရဲ့ အဲဒီစစ်အာဏာရှင်နဲ့ တွေ့ဆုံဆွေးနွေးမှုတွေကို တချို့တွေက Khartoum ကို တရားဝင်မှု ရစေတယ်လို့ မြင်ကြပါတယ်။ Chad နိုင်ငံက‌နေတစ်ဆင့် နယ်စပ်ဖြတ်ကျော် လုပ်ဆောင်ဖို့ကို မကြာခဏ စဉ်းစားခဲ့ပေမယ့် သယ်ယူပို့ဆောင်ရေးအရ လုပ်ဆောင်ဖို့ လုံးဝမဖြစ်နိုင်ပါဘူး။ ဒါပေမယ့် အကူအညီပေးတဲ့ အေဂျင်စီ‌တွေက အရေးပေါ်အကူအညီ အလိုအပ်ဆုံး လူထုတွေဆီကို အတတ်နိုင်ဆုံး အတိုင်းအတာနဲ့ အမှန်တကယ် ပေးအပ်တာကို သိနေတဲ့အတွက် ကျနော်ကတော့ အဆင်ပြေပါတယ်။

ဥမ္မာ – အဲဒါဆိုရင် “အရေးပေါ်အကူအညီတွေက ဘက်လိုက်မှု ကင်းသလား”  ဆိုတာကို ပိုမေးရမယ် ထင်တယ်။ ကျမပြောချင်တာက နိုင်ငံရေးအတွက် အမြတ်ထုတ်တဲ့ အနေအထားမျိုးမှာ ဒါက ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒီအခြေခံမူက နားထောင်လို့ ကောင်းပေမယ့် လက်တွေ့အရ မဖြစ်နိုင်ဘူး။

ဘက်လိုက်မှုကင်းစေရေးအတွက်ဆိုပြီး လွဲမှားတဲ့ ကြိုးစားမှုတွေက နဂိုကတည်းကမှ ညီမျှမှု မရှိနေတဲ့ ပဋိပက္ခထဲမှာ အကြမ်းဖက်ဖိနှိပ်သူဘက်ကို ချိန်ခွင်လျှာ အားသာသွားစေပါတယ်။ အထောက်အပံ့ အကူအညီတွေကို အကြမ်းဖက်ဖိနှိပ်သူကို ပေးတာ မဟုတ်ဘူးဆိုပေမယ့် သူတို့တောင်းဆိုချက်တွေကို လိုက်လျောတာနဲ့ အခြေအနေအမှန်ကို ထုတ်ဖော်ပြောဆိုမှု မလုပ်တာဟာ သူတို့ကို ထောက်ခံပံ့ပိုးနေတာ ဖြစ်တယ်။ ၂၀၁၇ ခုနှစ်က မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ဖြစ်ပွားသွားတဲ့အထိ စစ်တပ်ရဲ့ အကြမ်းဖက် တိုးမြှင့်လုပ်ဆောင်မှုအပေါ် မြန်မာနိုင်ငံမှာရှိတဲ့ ကုလသမဂ္ဂ အေဂျင်စီတွေက မျက်စိမှိတ်နားပိတ် နေခဲ့ကြသလို စစ်အုပ်စုရဲ့ ရာဇဝတ်မှုတွေကိုလည်း ကနေ့အထိ မသိကျိုးကျွံပြု လျော့ပေါ့ ပြောဆိုနေကြတယ်။

ဆန့်ကျင်ဘက်အုပ်စုတွေလို့ ရှင်ပြောသွားပါတယ်။ မြန်မာနိုင်ငံမှာကတော့ စစ်တပ်နဲ့ ပြည်သူလူထုပဲ ရှိပါတယ်။ စစ်အုပ်စုဟာ တမင်သက်သက် လူထုတစ်ရပ်လုံးကို အစားအစာနဲ့ ဆေးဝါးပစ္စည်းတွေ အပါအဝင် အကူအညီတွေကို ဖြတ်တောက်ထားပြီး နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရသူတွေရဲ့ နေရာတွေကို ‌ဗုံးကြဲတာတွေ လုပ်နေတယ်။ ခုခံတော်လှန်ရေးနေရာတွေမှာ တည်ရှိနေထိုင်နေကြတဲ့ ပြည်သူလူထုဟာ အကူအညီတွေကို အလိုအပ်ဆုံးသူတွေ ဖြစ်တယ်။ ဒါပေမယ့် စစ်အုပ်စုကတော့ အဲ့ဒီပြည်သူတွေကို “ငြိမ်ဝပ်သွားတဲ့” အထိ သတ်ဖြတ်ပြီးတဲ့ အခြေအနေမ‌ရောက်မချင်း အဲဒီလူတွေကို အကူအညီ ပေးဖို့အတွက် အေဂျင်စီတွေကို ဘယ်တော့မှ ခွင့်ပြုမှာ မဟုတ်ဘူး။

တကယ်လို့ ကုလသမဂ္ဂ အေဂျင်စီတွေအနေနဲ့ စစ်အုပ်စုနဲ့ အလုပ်လုပ်မယ့်အစား ပြည်သူလူထုနဲ့ အလုပ်လုပ်မယ် ဆိုရင်ကော ဘာဖြစ်မလဲ။ ဟုတ်ပါတယ် မြန်မာနိုင်ငံက ပြည်သူလူထုတွေဟာ အရေးပေါ် အကူအညီတွေ လိုအပ်နေပါတယ်။ ဒါပေမယ့် သူတို့တွေဟာ ဒါတွေ မလိုအပ်တော့မယ့် နိုင်ငံတစ်ခု ဖြစ်လာဖို့အတွက် တိုက်ပွဲဝင်နေကြတာ ဖြစ်တယ်။ တကယ်လို့ ဆီးရီးယားမှာ လုပ်ခဲ့သလိုမျိုး အရေးပေါ် အကူအညီတွေကို စစ်အုပ်စုကတစ်ဆင့် မဟုတ်ဘဲ နယ်စပ်ဖြတ်ကျော်တဲ့ လမ်းကြောင်းနဲ့ ပေးမယ်ဆိုရင် [သူတို့လိုချင်တဲ့] နိုင်ငံကို ပိုပြီးတော့ မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်နိုင်မှာ ဖြစ်တယ်။

တိုဘီ – မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ ခင်ဗျားရဲ့အမြင်ကို နားလည်ပါတယ်။ ကျနော့်အနေနဲ့ အခြေအနေ တစ်ခုချင်းစီဟာ မတူညီကြဘူးဆိုတာကိုလည်း အသိအမှတ်ပြုပါတယ်။ ဒါပေမယ့် နိုင်ငံရေးအရ ဘယ်လိုပဲ ဖြစ်နေပါစေ အခြေအနေတစ်ခုချင်းစီတိုင်းမှာ အရေးပေါ်အကူအညီ ပေးအပ်ရေး အခြေခံမူတွေကိုတော့ လိုက်နာကျင့်သုံးရမှာ ဖြစ်ပါတယ်။

ဘက်မလိုက်ရေးမူကို လိုက်နာကျင့်သုံးဖို့ဆိုတာ ခက်ခဲပါတယ်။  ကျနော် အာဖဂန်နစ္စတန် ဒါမှမဟုတ် ဒါဖာ မှာလိုမျိုး စိန်ခေါ်မှု သိပ်မြင့်မားတဲ့ နိုင်ငံရေးအခြေအနေမျိုးမှာ မတူညီတဲ့ အာဏာပိုင်တွေက တချို့လူထုအသိုင်းအဝိုင်းတွေဆီကို အရေးပေါ်အကူအညီတွေ ရောက်စေချင်တာ ဒါမှမဟုတ် မရောက်စေချင် တာမျိုးတွေနဲ့ ပြည့်နှက်နေပါတယ်။

အာဖဂန်နစ္စတန်မှာ လူသားချင်းစာနာထောက်ထားရေး တုံ့ပြန်ချက်တွေကို ငွေကြေးထောက်ပံ့သူတွေက “မုန့်တစ်ဘက် ဒုတ်တစ်ဘက်” ချဥ်းကပ်မှုမျိုးသုံးဖို့ ကြိုးစားခဲ့တဲ့အချိန်တွေ ရှိခဲ့ပေမယ့် အခုအခါမှာတော့ ချွင်းချက်မရှိ ဖြစ်ပါတယ်။ ကုလသမဂ္ဂရဲ့ အဖွဲ့အစည်းဖြစ်ဖြစ်၊ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းဖြစ်ဖြစ် အကူအညီပေးတဲ့ အေဂျင်စီတွေအနေနဲ့ မည်သည့် နိုင်ငံရေးရလဒ် ထွက်ပေါ်စေရန် ဒါမှမဟုတ် စစ်အာဏာရှင်ကိုမဆို ရေတို ဒါမှမဟုတ် ရေရှည်ပဲဖြစ်ဖြစ် အားပေးလုပ်ဆောင်ခြင်းမျိုး မလုပ်သင့်ပါဘူး။

ဒါပေမယ့် သူတို့က – အာဏာရှင်ဖြစ်ဖြစ်၊ လက်တွေ့အရ တရားဝင်မှုရှိတဲ့ အာဏာပိုင်ဖြစ်ဖြစ် ဒါမှမဟုတ် ရွေးချယ်တင်မြှောက်ခံထားရတဲ့ အစိုးရဖြစ်ဖြစ် – အာဏာရှိသူတွေနဲ့ အလုပ်လုပ်ရမှာဖြစ်သလို အသက်ကယ်ဆယ်ရေး အကူအညီတွေကို လိုအပ်နေတဲ့သူတွေဆီ အကူအညီတွေ အချိန်မီရောက်ရှိနိုင်ရေး သေချာစေဖို့အတွက် အလှူရှင်တွေနဲ့လည်း အလုပ်လုပ်ရမှာ ဖြစ်တယ်။

အဲလိုလုပ်ရာမှာ လူထုအသိုင်းအဝိုင်းတွေနဲ့ ဆွေးနွေးညှိနှိုင်းတိုင်ပင်တာ၊ သူတို့ရဲ့ အသံတွေကို နားထောင်တာအပြင် အကူအညီပေးအပ်ရေးဆိုင်ရာ လမ်းညွန်ချက်တွေနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက် ချမှတ်ရာမှာ သူတို့ကို ပါဝင်စေတာ စတာတွေကို သေချာစေဖို့အတွက် အေဂျင်စီတွေအနေနဲ့ သက်ရောက်မှုဒဏ်ခံနေရတဲ့ လူထုအသိုင်းအဝိုင်းတွေနဲ့ ပိုမိုနီးကပ်စွာသာမက သူတို့ကတစ်ဆင့် လုပ်ကိုင်ဆောင်ရွက်သင့်ပါတယ်။

အာဖဂန်နစ္စတန်နဲ့ ဒါဖာမှာ အထူးသဖြင့် ဘက်မလိုက်ရေးမူကို ဆုပ်ကိုင်ထားပြီး အာဏာရှိသူတွေအားလုံးနဲ့ သာမက လူထုတွေကိုယ်တိုင်နဲ့လည်း အစဉ်တစိုက် ထိတွေ့ဆက်ဆံမှုတွေ လုပ်ဆောင်ခဲ့တာကြောင့်  လူသန်းပေါင်းများစွာ ဆက်လက်အသက်ရှင်နိုင်ရေးအတွက် ကူညီ‌ပေးနိုင်ခဲ့တယ်။ ဒါဟာ အရေးကြီးဆုံးကိစ္စ ဖြစ်ပါတယ်။

ဥမ္မာ – လူတွေဆက်လက်အသက်ရှင်နိုင်ဖို့အတွက် အစားအစာနဲ့ ကျန်းမာရေးစောင့်ရှောက်မှု ပေးတာဟာ တကယ်ကို အရေးကြီးပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံဟာ ငတ်တယ်ဆိုတာ မကြားဖူးတဲ့ ဒါမှမဟုတ် ဒီကနေ့အထိ ကုလသမဂ္ဂရဲ့ ဆင်းရဲမွဲတေမှု သတ်မှတ်ချက်အတိုင်းအတာကို ကြုံတွေ့ရတဲ့နိုင်ငံထဲမှာ ဘယ်တုန်းကမှ မပါဖူးသေးပါဘူး။

ကျမတို့မှာ သဘာဝသယံဇာတတွေနဲ့ သင့်တင့်မျှတတဲ့ ရာသီဥတု ရှိတာကြောင့် ဒေသအတွင်း အချမ်းသာဆုံး နိုင်ငံတွေထဲမှာ ပါဝင်လို့ရတဲ့နိုင်ငံ ဖြစ်ပါတယ်။ ကျမတို့မှာ ပညာတတ်တွေနဲ့ အရင်းအမြစ်ပြည့်ဝတဲ့ လူဦးရေတွေလည်း ရှိသလို ကိုယ့်ဟာကိုယ် ရှင်သန်နိုင်တာထက်ပိုတဲ့ ရင်းမြစ်တွေရှိပါတယ်။ နောက်ပြီး ကျမတို့က ကျမတို့ ဘာလိုချင်လဲဆိုတာကို သိတယ်။ အဲ့ဒါကတော့ အကူအညီပေးတဲ့ အေဂျင်စီတွေကို “မည်သူမျှ ထိခိုက်နစ်နာမှု မရှိစေရ” အခြေခံမူတွေကို စွဲကိုင်ထားပြီး ပြည်သူလူထုရဲ့ ဆန္ဒနဲ့အညီ လုပ်ကိုင်ဆောင်ရွက်တဲ့နည်းလမ်းနဲ့ နိုင်ငံရေးဆန်စေချင်တယ်။ အဲ့ဒါကတော့ မြန်မာနိုင်ငံရဲ့ အခြေအနေမှာ ဆိုရင် စစ်တပ်ရဲ့ ဖိနှိပ်မှုက လွတ်ကင်းဖို့ပဲ ဖြစ်တယ်။ ဒါဟာ ကျမတို့ ပြည်သူလူထုအတွက် အရမ်းကို အရေးကြီးတဲ့ရလဒ်ပဲ ဖြစ်တယ်။

ကုလသမဂ္ဂက ဆယ်စုနှစ်နဲ့ချီတဲ့ ပဋိပက္ခတွေကြောင့် လိုအပ်နေတဲ့ ပြည်သူတွေကို ကူညီပံ့ပိုးပေးဖို့အတွက် အကူအညီတွေကို ဒေါ်လာသန်းထောင်ချီပြီး ပေးနေတယ်။ ကုလသမဂ္ဂရဲ့ တခြားအစိတ်အပိုင်းတွေက ပဋိပက္ခတွေ အဆုံးသတ်ဖို့ ဘာမှမလုပ်နေတဲ့အချိန်မှာ လူသားချင်းစာနာထောက်ထားမှု အကူအညီ ပေးသူတွေအနေနဲ့ သူတို့ရဲ့ လုပ်ရပ်တွေဟာ ပဋိပက္ခကို ပိုပြီးရှည်ကြာသွားစေတာမျိုး ဖြစ်၊ မဖြစ် ထည့်သွင်းစဉ်းစားပါသလား။ ပဋိပက္ခရဲ့ဆိုးကျိုးသက်ရောက်မှုဒဏ်ခံနေရတဲ့ သူတွေအတွက် တာဝန်ယူမှု တာဝန်ခံမှုက ဘယ်မှာလဲ။

ပြည်သူတွေကို သူတို့ မစခဲ့တဲ့ စစ်ပွဲတွေထဲမှာ အသက်တွေသေသွားရတဲ့အထိ ချန်ထားတာမျိုးကို ဘယ်သူကမှ မလိုချင်ဘူး။ အလားတူ‌ပြောရမယ်ဆိုရင် အဲဒီစစ်ပွဲတွေအတွင်းမှာ မပါနေတဲ့ ဘယ်တစ်ဦးတစ်ယောက်ကမှ အဲ့ဒီပြည်သူတွေရဲ့ ပါဝင်မှုမရှိဘဲ သူတို့တွေအတွက် ဆုံးဖြတ်ပိုင်ခွင့် မရှိဘူး။ ဘက်လိုက်မှုကင်းရေးလို့ ပြောမယ်ဆိုရင် ရှင်တို့အနေနဲ့ ပြည်သူလူထုရဲ့ ဆန္ဒတွေကို နားထောင်ရမှာဖြစ်ပြီး ဒေသခံအဖွဲ့အစည်းတွေ ဖြစ်စေချင်တဲ့ဆန္ဒအတိုင်း စစ်အုပ်စုကို ငြင်းပယ်ရမှာ ဖြစ်တယ်။

PDF ဖိုင်ဖြင့်ရယူရန်။


အထက်ပါဆောင်းပါးကို မူရင်းအင်္ဂလိပ်ဘာသာမှ မြန်မာဘာသာကို ပြန်ဆိုထားခြင်းသာဖြစ်ပြီး မူရင်းဆောင်းပါးကို ၂၀၂၂ ခုနှစ် မတ်လ ၂ ရက်နေ့တွင် New Internationalist ဝက်ဘ်ဆိုဒ်မှာ ဖော်ပြထားပါသည်။ မူရင်းဆောင်းပါး Should emergency aid be neutral and unconditional?

This article is from the March-April 2022 issue of New Internationalist.