ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ ကိုယ်စားလှယ်အဖွဲ့၏ ကနေဒါနိုင်ငံ ခရီးစဉ် အောင်မြင်စွာပြီးဆုံးကြောင်း ထုတ်ပြန်ချက်

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ ကိုယ်စားလှယ်အဖွဲ့၏ ကနေဒါနိုင်ငံ ခရီးစဉ် အောင်မြင်စွာပြီးဆုံးကြောင်း ထုတ်ပြန်ချက်

၂၀၂၆ ခုနှစ် ဇွန်လ (၉) ရက်

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ကိုယ်စားလှယ်အဖွဲ့သည် ကနေဒါနိုင်ငံသို့ သွားရောက်ခဲ့သည့် စည်းရုံးလှုံ့ဆော်ရေးနှင့် ဆက်ဆံရေးတည်ဆောက်ရေး ခရီးစဉ်ကို အောင်မြင်စွာ အဆုံးသတ်ခဲ့ပါသည်။ အဆိုပါ ကိုယ်စားလှယ်အဖွဲ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နှင့် SCEF အတွင်းရေးမှူးအဖွဲ့ဝင် ဒေါ်ဇင်မာအောင်၊ SCEF နိုင်ငံခြားရေးအဖွဲ့ဝင်များ ဖြစ်ကြသည့် ကရင်အမျိုးသားအစည်းအရုံး (KNU) မှ စောနီးမရော့ဒ်နှင့် ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) မှ နဲနယ်ပလိုတို့ ပါဝင်ခဲ့ကြသည်။ ထို့အပြင် အမျိုးသားညီညွတ်ရေး အစိုးရ၏ သမ္မတအကြံပေး ဦးကျော်ဇောလည်း ကိုယ်စားလှယ်အဖွဲ့နှင့်အတူ ပူးပေါင်းပါဝင်ခဲ့သည်။

ကနေဒါနိုင်ငံ၏ မြို့တော် အော့တဝါတွင် ကိုယ်စားလှယ်အဖွဲ့သည် ကနေဒါနိုင်ငံခြားရေး ဝန်ကြီး၏ ပါလီမန်အတွင်းဝန်ဖြစ်သူ ဂုဏ်ထူးဆောင် ရော့ဘ် အိုလီဖန့် (Honourable Rob Oliphant)၊ ဝန်ကြီးများ၊ ပါလီမန်အမတ်များ ဖြစ်ကြသည့် ဂါးနက် ဂျဲနူးစ် (Garnett Genuis) နှင့် အာဒမ် ချိန်ဘာစ် (Adam Chambers) အပါအဝင် ကနေဒါနိုင်ငံရေးသမားများနှင့် အပြုသဘောဆောင်သော တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။ ၎င်းတို့သည် မြန်မာ့ဒီမိုကရေစီအရေး ပါလီမန်မိတ်ဆွေများအဖွဲ့ (Parliamentary Friends of a Democratic Burma) ၏ ကိုယ်စားလှယ်များလည်း ဖြစ်ကြသည်။ ကိုယ်စားလှယ်အဖွဲ့နှင့် ကနေဒါနိုင်ငံတာဝန်ရှိသူများသည် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပြီး ဆက်ဆံရေး ပိုမိုနက်ရှိုင်းစေမည့် အခွင့်အလမ်းများ၊ ပူးပေါင်း ဆောင်ရွက်ရမည့် ကဏ္ဍများ၊ ထိရောက်သော လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီပေးအပ်မှုများနှင့် မြန်မာနိုင်ငံတွင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး အတွက် ပံ့ပိုးကူညီမှုများကို ထုတ်ဖော်ဆွေးနွေးခဲ့ကြသည်။ အရပ်သားပြည်သူများအပေါ် ဆက်လက် ကျူးလွန်နေသည့် အကြမ်းဖက်မှု များအပေါ် ကနေဒါနိုင်ငံအနေဖြင့် အလွန်အမင်း စိုးရိမ်ပူပန်ကြောင်း ထပ်လောင်း အတည်ပြုခဲ့သည်။ ထို့အပြင် ကိုယ်စားလှယ်အဖွဲ့သည် အော့တဝါမြို့ရှိ လူမှုအခြေပြု အဖွဲ့အစည်းများ နှင့်လည်း ဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံ အတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ပေးအပ်ရန်နှင့် ဖက်ဒရယ်စနစ် ဖော်ဆောင်ရန် ပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ဖော်ထုတ်ခဲ့ကြသည်။

တိုရွန်တိုမြို့တွင်မူ ကိုယ်စားလှယ်အဖွဲ့သည် ကုလသမဂ္ဂဆိုင်ရာ ကနေဒါသံအမတ်ကြီးဟောင်းနှင့် အွန်တေးရီးယိုးပြည်နယ် ဝန်ကြီးချုပ်ဟောင်းဖြစ်သူ ဂုဏ်ထူးဆောင် ဘော့ဘ်ရေး (Hon. Bob Rae) နှင့် တိုရွန်တိုတက္ကသိုလ်၊ မန့်ခ် ကမ္ဘာ့ရေးရာနှင့် ပြည်သူ့မူဝါဒရေးရာကျောင်း (Munk School of Global Affairs and Public Policy) တွင် အလွန်ကောင်းမွန်သော တွေ့ဆုံမှုကို ပြုလုပ်ခဲ့ပြီး နိုင်ငံရေးဖြစ်ပေါ် တိုးတက်မှုများ၊ ဖက်ဒရယ်စနစ်နှင့် လူသားချင်းစာနာမှုဆိုင်ရာ ကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် တိုရွန်တိုတက္ကသိုလ်ရှိ မြန်မာ့မူဝါဒနှင့် လူထုအသိပညာပေး ဗဟိုဌာန (MyPACK Hub) နှင့်လည်း ဝိုင်းဝန်းကဏ္ဍ ဆွေးနွေးပွဲတစ်ရပ်ကို ကျင်းပခဲ့သည်။

ကိုယ်စားလှယ်အဖွဲ့သည် ကနေဒါအရှေ့ပိုင်းရှိ လန်ဒန်မြို့နှင့် တိုရွန်တိုမြို့များ၊ ကနေဒါအနောက်ပိုင်းရှိ ဗန်ကူးဗားမြို့များရှိ မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူ အဝေးရောက်မြန်မာအသိုင်းအဝိုင်းနှင့်လည်း လူထုတွေ့ဆုံပွဲများကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့သည်။

ယခုခရီးစဉ်သည် မြန်မာနိုင်ငံ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများနှင့် ဖက်ဒရယ် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးတို့အတွက် ကနေဒါနိုင်ငံ၏အရေးပါမှုကို ပေါ်လွင်ထင်ရှားစေပြီး ပူးပေါင်း ဆောင်ရွက်မှုကို ပိုမိုအားကောင်းလာစေပါသည်။

ဆက်သွယ်ရန်ဒေါ်ဇင်မာအောင် – +၆၆၉၄၅၁၅၃၁၇၂


ထုတ်ပြန်ချက်ကို PDF ဖြင့်ရယူရန် (English I မြန်မာဘာသာ)

Announcements


PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Subscribe

Copyright © 2017 - 2026 All Rights Reserved - Progressive Voice (PV)
Website by Bordermedia