8 March 2026

အိတ်ဖွင့်ပေးစာ
သို့/
ဒူ၀ါလရှီးလ
နိုင်ငံတော်သမ္မတ(ယာယီ)
အမျိုးသားညီညွတ်ရေးအစိုးရ။
ရက်စွဲ။ ။ ၂၀၂၆ ခုနှစ် မတ်လ (၈) ရက်
အကြောင်းအရာ။ ။ NUG လက်အောက်တပ်ရင်းများက ကျူးလွန်နေသည့် အမျိုးသမီးများအပေါ် ပဋိပက္ခနှင့် ဆက်နွယ်သော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း ကိစ္စရပ်များနှင့် စပ်လျဥ်း၍ အမျိုးသမီးအဖွဲ့/ ကွန်ရက်များ၊ ဂျန်ဒါတန်းတူညီမျှမှုအဖွဲ့များမှ အိတ်ဖွင့်ပေးစာ ပေးပို့ခြင်း။
မတ်လ(၈)ရက်နေ့သည် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ဖြစ်သည်။ အမျိုးသမီးများအား အထူးအလေးပေး ဂုဏ်ပြုသည့် ဤနေ့ရက်တွင် အမျိုးသမီးအဖွဲ့များ၊ကွန်ရက်များမှ စိတ်မကောင်း ဖြစ်စွာ နှင့် ပဋိပက္ခနှင့်ဆက်နွယ်သောလိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရသည့် အမျိုးသမီးများနှင့် တစ်သားတည်း ရပ်တည်ကာ တရားမျှတမှုရရှိစေရေးနှင့် ပြစ်မှုကျူးလွန်သူသည် ပြစ်ဒါဏ်မှ ကင်းလွတ်ခွင့် လုံး၀မရရှိစေရေး အတွက် တာ၀န်ယူမှုတာ၀န်ခံမှုရှိစေရန် မိမိတို့၏သုံးသပ်ချက်များနှင့် တောင်းဆိုချက်များကို ပေးပို့လိုက်သည်။
(၁) ပဋိပက္ခနှင့်ဆက်နွယ်သောလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုသည် စစ်ရာဇ၀တ်မှုနှင့် လူသားမျိုးနွယ် အပေါ်ကျူးလွန်သောပြစ်မှုဖြစ်သည်။ အကြမ်းဖက်စစ်တပ်မှလူမဆန်စွာကျူးလွန်သော ပြစ်မှုများ အတွက် မိမိတို့အမျိုးသမီးအဖွဲ့များ၊ကွန်ရက်များမှ အစဥ်တစိုက်ထောက်ပြပြောဆိုကာ အကြမ်းဖက်မှု များ အတွက် ပြစ်ဒဏ်ကင်းလွတ်ခွင့် (Impunity) ကိုအဆုံးသတ်ရန် အမြဲ တောင်း ဆိုခဲ့သည်။ အလားတူပင် ထိုကိစ္စမျိုးကို မည်သည့်အဖွဲ့ကကျူးလွန်သည်ဖြစ်စေ ဘက်လိုက်ခြင်းမရှိပဲ မိမိတို့အဖွဲ့မှ အမှန်တရားအတွက် ထောက်ပြ ပြောဆိုနေမည်ဖြစ်သည်။
(၂) ယနေ့အချိန်တွင် ပြည်သူများ စိတ်၀င်စားမှုမြင့်တက်နေသည့် ယင်းမာပင်ခရိုင် တပ်ရင်း၂၀ တွင်ဖြစ်ပွားခဲ့သော ရဲမေတစ်ဦးအား တပ်ရင်းမှတာ၀န်ရှိသူများ ကိုယ်တိုင် မုဒိမ်းမှုကျူးလွန်ခြင်း၊ လူမဆန်စွာနှိပ်စက်ခြင်း၊ လူမျိုးရေး၊ဘာသာရေးခွဲခြားမှုများ ပြုလုပ်ခြင်း၊ ကျူးလွန်ခံရသူမိသားစုများအား ခြိမ်းခြောက်ခြင်းစသည့် ဆိုးရွားစွာလူ့အခွင့်အရေး ချိုးဖောက်ခြင်း ကိစ္စရပ်များကို သက်သေ အထောက်အထားများနှင့်တကွ ကြားသိရသည့်အတွက် ထိုဖြစ်ရပ်နှင့်စပ်လျဥ်း၍ ပြစ်မှုကျူးလွန်သူများ အားလုံးကို ပြစ်ဒါဏ်မှကင်းလွတ်ခွင့် လုံး၀မရှိစေရန်၊ တာ၀န်ရှိသူများ အဆင့်ဆင့်အား တာ၀န်ယူ မှုတာ၀န်ခံမှုရှိစေရန် ကာကွယ်ရေး၀န်ကြီးဌာမှ ထိရောက်စွာကိုင်တွယ်ဖြေရှင်းပေးရန် အလေးအနက်ထား တောင်းဆို လိုက်သည်။
(၃) ထိုဖြစ်ရပ်တွင် ကျူးလွန်သူအား ထိရောက်စွာ အပြစ်ပေး အရေးယူဆောင်ရွက်ရမည့်အစား လုံခြုံရေး အတွက် ပုန်းအောင်းတိမ်းရှောင်နေရသည့် နစ်နာသူအမျိုးသမီးနှင့် သူမ၏ခင်ပွန်းအား ရောက်ရာအရပ်မှ တပ်ရင်းထံ သတင်းပို့ရန် တွန်းအားပေးနေမှုသည် ရှင်သန်ကျန်ရစ်သူများအတွက် အသက်ရှင်ရေးနှင့် လုံခြုံရေးကို အလေးထား ထည့်သွင်းစဉ်းစားခြင်း မရှိသည်ကို တွေ့ရှိရသည်။ ရှင်သန်ကျန်ရစ်သူ အမျိုးသမီးနှင့် မိသားစု၏ ဘေးကင်းလုံခြုံရေးနှင့် စိတ်ပိုင်းဆိုင်ရာ ပြန်လည်ကုစားနိုင်ရေး အတွက် လိုအပ်သည့် အကူအညီများကို NUG က ရပ်တည်ပံ့ပိုးပေးရန် နှင့် ကာကွယ်ပေးရန်အထူးတိုက်တွန်း တောင်းဆိုလိုသည်။
(၄) ကျူးလွန်ခံရသည့် အမျိုးသမီးရဲဘော်နှင့်မိသားစု ဘေးကင်းလုံခြုံရေးအတွက် ထို တပ်ရင်း (၂၀)မှ တပ်ရင်းမှူးနှင့် ကျူးလွန်သူအပေါင်းအပါများကို NUG သက်ဆိုင်ရာတာဝန်ရှိသူများမှ ချက်ခြင်းထိန်းချူပ် ပေးထားရန်နှင့်၊ တာဝန်အားရပ်နားထားရန် အလေးအနက်တောင်းဆိုလိုက် သည်။
(၅) ထိုဖြစ်ရပ်အပါအ၀င် အလားတူဖြစ်ရပ်များကို ထိရောက်စွာကိုင်တွယ်နိုင်မှုအားနည်းနေသောကြောင့်လည်း
မိမိတို့အနေဖြင့် လွန်စွာစိတ်ပျက်မိသည်။၂၀၂၅ ခုနှစ်တွင် ကျော်ဇောဖြစ်ရပ်များကို နူမူနာ ထုတ်ဖော် ပြောရလျှင် –
ယင်းသည် တော်လှန်ရေးဘက်တော်သားများသည် အကြမ်းဖက်စစ်တပ်နှင့်တူညီမှုမရှိကြောင်း ရပ်တည် ပြောဆိုနိုင်ရေအတွက် ကြီးစွာသော အဟန့်အတားဖြစ်စေသည်။ သို့ပါ၍ မိမိတို့ အမျိုးသမီး နှင့်ဂျန်ဒါတန်းတူ ရေး အဖွဲ့များမှ NUG တာ၀န်ရှိသူများ အထူးသဖြင့် ကာကွယ်ရေး၀န်ကြီးဌာန (MOD) နှင့် မျက်နှာစုံညီ အစည်းအ၀ေးပြုလုပ်ရန်တောင်းဆိုလိုက်သည်။
“အာဏာရှင်တိုက်ဖျက်ရေး” ဆိုသည့် အမည်အောက်တွင်ပင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများကို လက်ခံခွင့်ပြုမည်ဆိုပါက ထိုတော်လှန်ရေးသည် လွတ်လပ်ရေးနှင့် တရားမျှတရေးအတွက် မဟုတ်တော့ပါ။ တော်လှန်ရေး၏ အဓိကတန်ဖိုးများဖြစ်သည့် လူ့ဂုဏ်သိက္ခာ၊ တရားမျှတမှုနှင့် လွတ်လပ်မှုတို့ကို ကာကွယ်ရမည့်အစား ထိုတန်ဖိုးများကို ချိုးဖောက်သည့် လုပ်ရပ်များကို ကျူးလွန်ခြင်းသည် တော်လှန်ရေး၏ အခြေခံရည်ရွယ်ချက်ကိုပင် သစ္စာဖောက်ခြင်းဖြစ်သည်။
တဖန် အမျိုးသမီးအခွင့်အရေး၊ လူနည်းစုအခွင့်အရေး၊ ဒေသတခု၊ လူတစု၊ တဦးတယောက်၏ မတရား ကျူးလွန်ခံရမှုနှင့် အခွင့်အရေးများသည် “တော်လှန်ရေးအကျိုးစီးပွား” ခေါင်းစဉ်အောက်တွင် မည်သို့မျှ ချန်လှပ်ထားခံရခြင်း မရှိသင့်ပေ။ တော်လှန်ရေးအကျိုးစီးပွားသည် လူထုအကျိုးစီးပွားသာ ဖြစ်ပါသည်။ လူထုအကျိုးစီးပွားမရှိသော တော်လှန်ရေးကို လူထုကလည်းထောက်ခံမည်မဟုတ်ပါ။ လူထုမထောက်ခံလျှင် ထိုတော်လှန်ရေးသည်လည်း သက်တမ်းမရှည်နိုင်ပါ။
သမ္မတကြီးနှင့်တကွ တော်လှန်ရေးတွင် ဦးဆောင်သူအခန်းကဏ္ဍတွင်ပါ၀င်နေကြသောသူများအနေဖြင့် NUG လက်အောက်ခံ တပ်များနဲ့ အဖွဲ့အစည်းများအတွင်း အမျိုးသမီးများနှင့်အခြားဂျန်ဒါများအပေါ် မည့်သည့်အကြမ်းဖက်မှုမှ မကျူးလွန်စေရေးအတွက် ကြိုတင်ကာကွယ်ရေးအစီအမံများ၊ လိုက်နာရမည့် အနိမ့်ဆုံးအခြေခံစံနှုန်းများ၊ လူမျိုးရေး၊ ဘာသာရေး အရ ပြစ်မှတ်ထား နှိမ်ချ ဆက်ဆံခြင်းများ၊ ပြစ်ဒဏ်ပေးအရေးယူမှုများအား တားဆီးရေးအတွက် မူဝါဒချမှတ် အကောင်အထည်ဖော်ခြင်းများ၊ ကျူးလွန်သူကို ပြစ်ဒဏ်ကင်းလွတ်ခွင့်မပေးရေး အကောင်ထည်ဖော်ခြင်းများ၊ အကြမ်းဖက်မှုမှ ရှင်သန်လာသူဗဟိုပြု ချဥ်းကပ်နည်းများကို အလေးပေးလိုက်နာခြင်း၊ အမျိုးသမီးများကို လေးစားမှုရှိ ကြောင်းအစဥ်တစိုက် ပြသခြင်းများ ဦးဆောင်ပြုလုပ်ရန်လိုအပ်ကြောင်း လေးနက်စွာတိုက်တွန်း လိုက်သည်။
တော်လှန်ရေးသစ္စာဖြင့်
အဖွဲ့အစည်းများ
(အမည်များကို alphabet အတိုင်း စီထားပါသည်)
ဆက်သွယ်ရန်။
Women’s League of Burma – WLB (secretariat@womenofburma.org )
All Burma Women’s Union (abwu.org@gmail.com/ WYN.72 (Signal)
Women Advocacy Coalition Myanmar (WAC-M) (WAC-Myanmar@protonmail.com )
PDF ဖိုင်ရယူရန် (မြန်မာဘာသာ)
19 May 2026

19 June 2026