ပူးတွဲ ထုတ်ပြန်ကြေညာချက် – ပဋိပက္ခနှင့်ဆက်နွယ်သော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများအား ခြွင်းချက်မရှိ ဆန့်ကျင်အရေးယူကြရန်လိုအပ်နေသည်။

ပူးတွဲ ထုတ်ပြန်ကြေညာချက် – ပဋိပက္ခနှင့်ဆက်နွယ်သော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများအား ခြွင်းချက်မရှိ ဆန့်ကျင်အရေးယူကြရန်လိုအပ်နေသည်။

မတ်လ ၈ ရက်၊ ၂၀၂၆ ခုနှစ်

ယနေ့ကာလသည် လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ၊ ဂျန်ဒါပေါင်းစုံနှင့် လူထုလူတန်းစား အသီးသီးအကြား တန်းတူညီမျှမှု၊ တရားမျှတမှု၊ အပြန်အလှန်သွေးစည်းမှု နှင့် လွတ်လပ်မှုတို့အပေါ် ရည်သန်၍ ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော်သစ် ၊ စနစ်သစ်ဆီ ချီတက်နေကြချိန်ဖြစ်သည်။ ဗမာ/မြန်မာပြည်ကို နှစ်ပေါင်း (၆၀) ကျော် ချုပ်ကိုင်ထားသည့် စစ်အုပ်စုကို လူမျိုးပေါင်းစုံ တော်လှန်ပြည်သူလူထုကြီးက အသက်၊ သွေး၊ချွေး နှင့်မျိုးဆက်များကို ရင်းနှီးကာ တဆုံးတိုင်အမြစ်ဖြတ် တိုက်ထုတ်နေသည့် အချိန်အခါဖြစ်သည်။ (၅) နှစ်တာ ကြာခဲ့သည့် နွေဦးတော်လှန်ရေးတွင်လည်း  မိမိတို့ အမျိုးသမီးများနှင့် ဂျန်ဒါအစုံက ပြည်သူများသည် ကျရာကဏ္ဍများ တွင် အသက်/သွေး/ချွေးနှင့် တော်လှန်မျိုးဆက်များကို ပြုစုပျိုးထောင်မွေးထုတ်ကာ ဦးဆောင် ပါ၀င်လျက်ရှိကြသည်။

ယနေ့ ကျရောက်သည့် မတ်လ (၈) ရက်နေ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့တွင် အမျိုးသမီးများ ၊ အထူးသဖြင့် ပဋိပက္ခဒေသများရှိ စစ်ဘေးရှောင်၊ တော်လှန်အမျိုးသမီးများ နှင့် ဆက်နွယ်သည့် ဖြစ်ရပ်များကို အရေးယူနိုင်ကြရန် မိမိတို့အဖွဲ့အစည်းများက ပူးတွဲထုတ်ပြန်၍​ အရေးပေါ် တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။

၁။ အမျိုးသမီးများအပါအ၀င် ဂျန်ဒါစုံ ပြည်သူများအနေဖြင့် တော်လှန်ရေး၊ နိုင်ငံရေးအခန်းကဏ္ဍအသီးသီး တွင် ဆက်လက်ပါ၀င်နိင်ရန်အတွက် ကြုံတွေ့နေရသည့် ကြီးမားသော အခက်အခဲ၏ အကြောင်းရင်းတစ်ခုမှာ “ပြစ်ဒဏ်ကင်းလွတ်ခွင့်” ဖြစ်သည်။ မိမိတို့သည် စစ်အုပ်စုက နှစ်ပေါင်းများစွာ စံစား/ခံစားခဲ့သော ပြစ်ဒဏ် ကင်းလွတ်ခွင့် ကို အမြစ်ဖြတ်ကာ “တရားမျှတမှု၊ တာ၀န်ယူမှု၊ တာ၀န်ခံမှု”အတွက် တော်လှန်ရေးကို ဆင်နွဲနေကြခြင်းဖြစ်သည်။ လိင်ပိုင်းဆိုင်ရာ/စိတ်ပိုင်းဆိုင်ရာ စော်ကားနှောင့်ယှက်မှု၊ အကြမ်းဖက်မှု၊ အမြတ်ထုတ်မှုများ နှင့် ပဋိပက္ခနှင့် ဆက်နွယ်သော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ” ဖြစ်ရပ်များတွင်လည်း “ပြစ်ဒဏ်ကင်းလွတ်ခွင့်” ရရှိနေသည့်ဖြစ်စဥ်များ ဆက်လက်ဖြစ်ပေါ်နေသည်။

၂။ “ပဋိပက္ခနှင့်ဆက်နွယ်သောလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ” သည် စစ်ရာဇ၀တ်မှုနှင့် လူသားမျိုးနွယ် အပေါ်ကျူးလွန်သော ပြစ်မှုများဖြစ်သည်။ စစ်အာဏာရှင်စနစ်၊ ဖိုဝါဒကြီးစိုးမှု၊ လူမျိုးရေးခွဲခြားမှု စသည့် ဖိနှိပ်မှုအရပ်ရပ်တို့ကို တွန်းလှန်နေသော မိမိတို့ အမျိုးသမီး နှင့် ဂျန်ဒါတန်းတူညီမျှရေးအဖွဲ့ (များ) အနေနှင့် အဆိုပါဖြစ်ရပ်များအပေါ် အပြင်းအထန် ရှုတ်ချလိုက်သည်။ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုသည် မည်သည့် အခြေအနေ၊ မည်သည့်အကြောင်းပြချက်အောက်တွင်မဆို ခွင့်လွှတ်၍မရနိုင်သော လူ့အခွင့်အရေး ချိုးဖောက်မှု တရပ်ဖြစ်သည်ဟု မိမိတို့ ခံယူသည်။

၂။ တဖန် ယနေ့ အွန်လိုင်း/မီဒီယာများပေါ် အများပြည်သူများပါ၀င်ထောက်ပြလာရသည့် ဖြစ်ရပ်များမှာ သက်ဆိုင်ရာတာ၀န်ရှိသူများက အတွင်းစည်း ယန္တရားအတွင်းမှ တာဝန်ယူမှု၊ တာဝန်ခံမှုရှိစွာ (တနည်း) တရားမျှတစွာ မဖြေရှင်းနိုင်၍ အများရှေ့မှောက် ရောက်ရှိလာရခြင်းဖြစ်သည်ဟုမှတ်ယူသည်။ မြေပြင်ဖြစ်ရပ်များသည် မိမိတို့၏ အတွေ့အကြုံများအရ ၄င်းထက်ပိုမိုများပြားနိုင်ပါသည်။ အဆိုပါ ဖြစ်ရပ်များ ဆက်လက် ဖြစ်ပွားနေပြီး နစ်နာသူများက ဆက်လက်နစ်နာနေရသည့် ဖြစ်ရပ်များတွင် သက်ဆိုင်ရာ တာ၀န်ရှိသူများ၏ ကျူးလွန်သူများအပေါ် ပြစ်ဒဏ်ချ အရေးယူဆောင်ရွက်မှုများ အားနည်းလျော့ရဲမှုကို မိမိတို့လွန်စွာ စိတ်ပျက်ရသည်။

၃။ မိမိတို့အဖွဲ့အစည်းများသည် ထုတ်ဖော်ပြောဆိုလာသည့် နစ်နာသူများနှင့်အတူ တသားတည်း ရပ်တည် ပါသည်။ ၄င်းတို့ တဦးချင်းစီ၏ လုံခြုံရေး၊ ပြန်လည်ထူထောင်ရေးနှင့် တရားမျှတမှုရရှိရေး ကို လက်လှမ်းမီသရွေ့ ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်သည်။ ၄င်းတို့အပေါ် လက်နက်အင်အားဖြင့်ဖြစ်စေ၊ အာဏာ၊ ပါ၀ါ ဖြင့်ဖြစ်စေ ဖိအားပေး၊ ခြိမ်းခြောက်သည့်လုပ်ရပ်များ၊ လူမျိုး၊ ဘာသာ အပေါ်အခြေခံ၍ အမုန်းစကားများ ပြောဆိုခြင်း၊ နစ်နာသူအား ထပ်မံ ပြစ်တင်ပြောဆိုခြင်းများကို မည်သူကပင်ပြုလုပ်သည် ဖြစ်စေ ဆန့်ကျင်ရှုတ်ချသွားမည် ဖြစ်သည်။

၄။ ထိုကြောင့် မိမိတို့အနေဖြင့် တော်လှန်ဒေသအသီးသီးရှိ သက်ဆိုင်ရာတာ၀န်ရှိသူများအား အောက်ပါ အတိုင်းတိုက်တွန်းလိုက်ရပါသည်။

၁) တိုင်ကြားလာသည့် အမှုများသာမက ကျော်ဇောအမှုများကိုပါ ပွင့်လင်းမြင်သာသော စုံစမ်းစစ်ဆေးမှု ကို ချက်ချင်းပြုလုပ်ရန်၊ အမှုဖြစ်စဥ်များ၊ ရလဒ်များကို အများပြည်သူအား ပုံမှန်အစီရင်ခံရန်။

၂) အာဏာပါ၀ါ အလွဲသုံးစားမှုဖြစ်ရပ်များဆက်လက်မဖြစ်ပေါ်ရန်၊ ကျူးလွန်သူများကို တာဝန်ယူမှု၊ တာဝန်ခံမှု ရှိစေရန်နှင့် ထိုက်သင့်သည့် ပြစ်ဒဏ်ချမှတ်ရန်။

၃) ကျူးလွန်ခံရသူများ (နစ်နာသူများ) အတွက် အကာအကွယ်နှင့်ပြန်လည်ထူထောင်ရေးအကူအညီ အထောက်အပံ့များပံ့ပိုးပေးရန်။

၄) အမျိုးသမီးများနှင့်အခြားဂျန်ဒါများအပေါ် မည့်သည့်အကြမ်းဖက်မှုမှ မကျူးလွန်စေရေး အတွက် ကြိုတင်ကာကွယ်ရေးအစီအမံများ၊ လိုက်နာရမည့် အနိမ့်ဆုံးအခြေခံ စံနှုန်းများ၊ လူမျိုးရေး၊ ဘာသာရေး အရ ပြစ်မှတ်ထား နှိမ်ချ ဆက်ဆံခြင်းများ၊ ပြစ်ဒဏ်ပေး အရေးယူမှုများ အား တားဆီးရေးအတွက် မူဝါဒချမှတ် အကောင်အထည်ဖော်ခြင်းများ၊ ကျူးလွန်သူကို ပြစ်ဒဏ်ကင်းလွတ်ခွင့်မပေးရေး အကောင်ထည်ဖော်ခြင်းများ၊ အကြမ်းဖက်မှုမှ ရှင်သန်လာသူ ဗဟိုပြု ချဥ်းကပ်နည်းများကို အလေးပေးလိုက်နာခြင်း၊ အမျိုးသမီးများကို လေးစားမှုရှိကြောင်း အစဥ်တစိုက်ပြသခြင်းများ ဦးဆောင်ပြုလုပ်ရန် လိုအပ်ကြောင်း လေးနက်စွာတိုက်တွန်းလိုက်သည်။

တော်လှန်ပြည်သူများသည် ၄င်းဖြစ်ရပ်များတွင် ရပ်တည်ချက်မယိမ်းယိုင်ဘဲ အစဥ်တစိုက် “တရားမျှတ”မှုကို တိုက်တွန်းနှိုးဆော်လျက်ရှိရာ မိမိတို့အဖွဲ့အစည်းများအနေဖြင့် အထူးပင် ကျေးဇူးတင်အားတက်ရပါသည်။ ယခုဖြစ်ရပ်များတွင် ကျူးလွန်ခံရသူများ (နစ်နာသူများ) စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ လုံခြုံရေးအတွက် ဆက်လက်ကူညီရပ်တည်ကြရန်၊  ကျူးလွန်သူများအား အရေးယူနိုင်ရန်အတွက် စဥ်ဆက်မပြတ် တိုက်တွန်း ပါ၀င်၍ “ပြစ်ဒဏ်ကင်းလွတ်ခွင့်”အဆုံးသတ်ရေးအတွက် ဆက်လက်နှိုးဆော်ကြရန် အနူးအညွတ် ပန်ကြားအပ် ပါသည်။

အဖွဲ့အစည်းများ

  1. All Burma Women’s Union – ABWU
  2. Blooming Padauk
  3. Federation of General Workers Myanmar – FGWM
  4. Feminist Equality Justice &Peace (Myanmar)
  5. HTOI Gender
  6. Kachin Women’s Network (KWN)
  7. Loveurcontent Entertainment
  8. Myanmar Women, Peace and Security (M-WPS)
  9. Progressive Labour Community – PLC
  10. Queers of Burma Alternative
  11. Revolutionary Education Phaungbyin (REP) – Sagaing Region
  12. Sisters 2 Sisters
  13. Women Advocacy Coalition Myanmar (WAC-M)
  14. Women’s Peace Network – WPN
  15. Women’s League of Burma – WLB
  16. Women’s Organization of Political Prisoners

(အမည်များကို alphabet အတိုင်းစီထားပါသည်)

ဆက်သွယ်ရန် –

Women’s League of Burma – WLB (secretariat@womenofburma.org )
All Burma Women’s Union (abwu.org@gmail.com/ WYN.72 (Signal)
Women Advocacy Coalition Myanmar (WAC-M) (WAC-Myanmar@protonmail.com )


PDF ဖိုင်ကိုရယူရန် (မြန်မာဘာသာ)

Announcements


PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Subscribe

Copyright © 2017 - 2026 All Rights Reserved - Progressive Voice (PV)
Website by Bordermedia