1 February 2026

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက်စောစောတွင် မြန်မာစစ်တပ်သည် စစ်အာဏာသိမ်းကာ တိုင်းပြည်ကို စစ်အုပ်ချုပ်မှုအောက် သွတ်သွင်းရန် ကြိုးပမ်းခဲ့သည်။ ယခုငါးနှစ်ပြည့်သွားသည့်တိုင် ၎င်းတို့၏ အာဏာသိမ်းရန်ကြိုးပမ်းမှု အောင်မြင်သွားခြင်းမရှိချေ။ သို့သော် စစ်အုပ်စုသည် အရပ်သားပြည်သူများအပေါ် အစုလိုက်အပြုံလိုက် ရက်စက်မှုများ အရှိန်မြှင့် ကျူးလွန်လာနေလျက်ရှိသည်။
အစိုးရကိုဖြုတ်ချသည့် စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်၏ ကြိုးပမ်းမှုသည် ၎င်းကိုယ်တိုင်က မျှော်လင့် မထားခဲ့သော လူထုခုခံတွန်းလှန်မှုတစ်ခု ဖြစ်လာစေရန် အစပျိုးပေးခဲ့သည်။ ငြိမ်းချမ်းသောလူထုအုံကြွမှုကို ပြင်းပြင်းထန်ထန် အကြမ်းဖက်ဖြိုခွင်းခဲ့ခြင်းက လူထုလွတ်မြောက်ရေးကိုအခြေခံသည့် နိုင်ငံရေးအခင်းအကျင်း အသစ်တစ်ခုကို ဗဟိုပြုသော လူငယ်ဦးဆောင်သည့် လှုပ်ရှားမှုတစ်ခုကို နိုးထလာစေခဲ့သည်။ ငါးနှစ်ဟူသော ကာလတစ်ခုတွင် မြန်မာ့နွေဦးတော်လှန်ရေးသည် တိုင်းပြည်ကို လုံးဝအသွင်းပြောင်းသွား စေခဲ့သည်ဟု ဆိုနိုင်သည်။
“စစ်အာဏာသိမ်းမှုကို ပြည်သူတွေက အင်တိုက်အားတိုက်နဲ့ ဒီလောက်ကြာအောင် ခုခံတွန်းလှန်နေတဲ့ အခြေအနေမျိုးက လက်ရှိဘယ်နိုင်ငံမှာမှ မရှိပါဘူး” ဟု မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ (SAC-M) အဖွဲ့ဝင် Yanghee Lee ကပြောသည်။ “ငါးနှစ်တိုင်အောင် မြန်မာပြည်သူတွေဟာ နေ့စဉ်နဲ့အမျှ ဒီရာဇဝတ် စစ်အုပ်စုရဲ့ တိုက်ခိုက်မှုတွေ ခံလာခဲ့ရပေမယ့် သူတို့ဟာ ဆက်ပြီးတွန်းလှန်နေကြတုန်းပါပဲ။ သူတို့ဟာ နိုင်ငံတကာဆီက အရေးပေါ် ပံ့ပိုးကူညီမှုတွေ လိုအပ်နေပါတယ်။”
စစ်အုပ်စုသည် လက်ရှိတွင် မြန်မာနိုင်ငံနယ်နမိတ်၏ ၄၀% အောက် အကျယ်အဝန်းတစ်ခုကိုသာ ထိန်းချုပ်ထားနိုင်သည်။ စစ်အုပ်စုသည် တရုတ်နိုင်ငံက မကြုံစဖူး ၎င်းတို့ဘက်မှ ကြားဝင်ဆောင်ရွက်မှုများ ပြုလုပ်ပေးခဲ့သည့်တိုင် တော်လှန်ရေးအင်အားစုများကသိမ်းထားသောနယ်မြေအများအပြားကို ပြန်လည် ထိန်းချုပ်နိုင်အောင် ဆောင်ရွက်နိုင်ခြင်းမရှိချေ။ ထိုဒေသများသည် အလွန်ဆင်းရဲချို့တဲ့ပြီး စစ်အုပ်စုက မရပ်မနား လေကြောင်းတိုက်ခိုက်နေသည့်ကြားမှပင် ဖက်ဒရယ်ဒီမိုကရေစီ အခြေခံအုတ်မြစ်များကိုတည်ဆောက်နေလျက်ရှိသည်။
စစ်အုပ်စုသည် နိုင်ရန်လမ်းစမရှိသောစစ်ပွဲထဲတွင် ပိတ်မိနေပြီး မြန်မာပြည်သူများ၏ ဖက်ဒရယ်ဒီမိုကရေစီ ဆိုင်ရာ တောင်းဆိုချက်များကို လိုက်လျောရန်လည်း တကယ်တမ်း ဆန္ဒမရှိချေ။ ထိုအစား စစ်အုပ်စုသည် ပြည်သူများအပေါ် လေကြောင်းအားကိုးအကြမ်းဖက်ခြိမ်းခြောက်မှုလုပ်ရပ်များ ဆက်လက် အရှိန်မြှင့်တင် ဆောင်ရွက်လာခဲ့သည်။
ပြီးခဲ့သော ၃ လတာကာလ တစ်ခုထဲတွင်ပင် စစ်အုပ်စု၏လေတပ်သည် ဆေးရုံများ၊ လက်ဖက်ရည်ဆိုင်များ၊ လူနေအိမ်များနှင့်စာသင်ကျောင်းများကို ပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ ကလေးသူငယ်များအပါအဝင် အရပ်သားပြည်သူအများအပြား ထိခိုက်သေဆုံးခဲ့ရသည်။
စစ်အုပ်စုသည် ၎င်းကျူးလွန်ထားသောရာဇဝတ်မှုများမှ နိုင်ငံတကာအသိုင်းအဝိုင်းကို အာရုံလွှဲနိုင်ရန် မယုံနိုင်လောက်အောင် အဓိပ္ပါယ်မဲ့သောအတိုင်းအတာအထိ တိုးမြှင့်ကြိုးပမ်းလာခဲ့သည်။ စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲ တတိယနှင့် နောက်ဆုံးအပိုင်းသည် ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ပြီးဆုံးခဲ့သည်။ ဤရွေးကောက်ပွဲဖြစ်စဉ်သည် အများကြိုတွက်ထားသည့်အတိုင်း အလိမ်အညာတစ်ခုဖြစ်ခဲ့ပြီး စစ်အုပ်စု၏ ကိုယ်စားလှယ်များနှင့် ကိုယ်ပွားများကသာ အနိုင်ရကြီးစိုးစေရန် စီမံထားသော အကြံအဖန်တစ်ခုသာဖြစ်သည်။
ပြည်သူ ၇.၅ သန်းခန့်သည်လည်း ရွေးကောက်ပွဲတွင် ပါဝင်နိုင်ခဲ့ခြင်းမရှိကြောင်း စစ်အုပ်စုက ရွေးကောက်ပွဲ မကျင်းပနိုင်ကြောင်း ခန့်မှန်းထားသည့်နယ်မြေများကို အခြေခံပြီး တွက်ချက်ထားသော အချက်အလက်များက ဖော်ပြနေသည်။ အတိုက်အခံပါတီများသည် ရွေးကောက်ပွဲတွင် မပါဝင်နိုင်အောင် ပိတ်ပင်ခံခဲ့ရပြီး မြန်မာနိုင်ငံ၏ ဒီမိုကရေစီခေါင်းဆောင်များသည်လည်း စစ်အုပ်စု၏ တရားလက်လွတ်ထိန်းသိမ်းခြင်း ခံထားရဆဲဖြစ်သည်။ စစ်အုပ်စု၏ခြိမ်းခြောက်မှုများ၊ ခြောက်လှန့်မှုများနှင့် အကျပ်ကိုင်မှုများရှိခဲ့သော်လည်း နေရာအနှံ့ မဲမပေးရေး ဆန့်ကျင်သပိတ်မှောက်မှုများဖြစ်ပေါ်ခဲ့ပြီး အကန့်အသတ်ဖြင့်သာ ရွေးကောက်ပွဲကျင်းပခဲ့သောဒေသများ တွင်လည်း မဲပေးသူအရေအတွက် အဖက်ဆယ်မရလောက်အောင် အလွန်နည်းပါးခဲ့သည်။
အာဆီယံသည် မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး လွတ်လပ်၊ မျှတ၊ ယုံကြည်ရသော ရွေးကောက်ပွဲဆိုင်ရာစံနှုန်များကို ချမှတ်ခဲ့ပြီး သိသာသောတုန့်ပြန်မှုတစ်ခုအနေဖြင့် စစ်အုပ်စု၏ရွေးကောက်ပွဲကို အသိအမှတ်ပြုထောက်ခံမှု ပေးသွားမည်မဟုတ်ကြောင်းကိုလည်း ယခုအပတ်အတွင်း ထပ်မံအတည်ပြုပြောကြားခဲ့သည်။
“မအောင်မြင်တဲ့အာဏာသိမ်းမှု၊ မနားတမ်းတိုက်နေတဲ့စစ်ပွဲနဲ့ အတုအယောင်ရွေးကောက်ပွဲတွေဟာ စစ်တပ်ထိန်းချုပ်မှုအောက် သွတ်သွင်းဖို့ တစ်ဆင့်ချင်းစီ ကြိုးစားတဲ့ မင်းအောင်လှိုင်ရဲ့ အကြမ်းဖက် လုပ်ရပ်တွေပဲ ဖြစ်တယ်” ဟု SAC-M ၏ အဖွဲ့ဝင် Chris Sidoti ကဆိုသည်။ “သူသိတာက စစ်တိုက်မယ်၊ ပြင်းပြင်ထန်ထန် အကြမ်းဖက်မယ်၊ ပြီးရင် ဒီလုပ်ရပ်တွေကနေတဆင့် သူ့လက်အောက်ကို အညံခံလာ အောင်လုပ်မယ်၊ ဒါပဲသူနားလည်တယ်၊ ငြိမ်းချမ်းရေးအကြောင်းကို တစ်လုံးတစ်ပါဒမှ သူမသိဘူး။”
“အာဆီယံနိုင်ငံတွေအပါအဝင် သက်ဆိုင်ရာ အစိုးရတွေအနေနဲ့ စစ်အုပ်စုရဲ့ စစ်ယန္တရားတွေကို တားဆီးနိုင်ဖို့ ခိုင်မာပြတ်သားတဲ့ အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်ရပါမယ်။”
မြေလှန်ရှင်းလင်းဗျူဟာကိုအခြေခံသည့် စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်သည့်လုပ်ရပ်များကြောင့် ပြည်သူ ထောင်ပေါင်းများစွာသေဆုံးခဲ့ရပြီး ပြည်သူ ၃.၆ သန်းအထိ ပြည်တွင်းတွင် နေရပ်စွန့်ခွာ ထွက်ပြေးနေရသည်။ ၂၀၂၆ ခုနှစ်တွင် ကလေးသူငယ် ၅ သန်းအပါအဝင် ပြည်သူ ၁၆ သန်းခန့် အသက်ကယ် လူသားချင်းစာနာမှု အကူအညီနှင့် အကာအကွယ်များ လိုအပ်လိမ့်မည်ဟု ကုလသမဂ္ဂက ခန့်မှန်းထားသည်။ ၂၀၂၅ ခုနှစ်၊ မတ်လ အတွင်း ထိခိုက်ပျက်စီးမှုကြီးမားသော စကိုင်းငလျင်လှုပ်ခတ်ခဲ့ပြီးနောက်တွင်လည်း စစ်အုပ်စုသည် လူသားချင်း စာနာမှုအကူအညီ ဝင်ရောက်နိုင်ခြင်းမရှိအောင် စစ်ဗျူဟာတစ်ခုအနေဖြင့် တားဆီးပိတ်ပင်မှုများ ပြုလုပ်ခဲ့သည်။ စစ်အုပ်စုသည် လက်ရှိတွင်လည်း ၎င်း၏ထိန်းချုပ်မှုအောက်တွင်မရှိသောဒေသများသို့ အကူအညီများမဝင်ရောက်နိုင်အောင် ပိတ်ပင်ထားရာ ကမ္ဘာအဆိုးရွားဆုံး ငတ်မွတ်ခေါင်းပါးမှု အကျပ်အတည်း တစ်ခုဖြစ်ပေါ်လာအောင် တွန်းပို့နေလျက်ရှိသည်။
အသက်မွေးဝမ်းကျောင်းလုပ်ငန်းများဆုံးရှုံးခြင်း၊ ပညာရေး အခွင့်အလမ်းပျောက်ဆုံးခြင်း၊ အိုးအိမ်မြေလှန် ဖျက်ဆီးခံရခြင်း၊ မိသားစုနှင့်ကွဲကွာခြင်း၊ ကာလရှည်ကြာ စိတ်ဒဏ်ရာဖြစ်ခြင်း စသည်တို့နှင့် ကြုံတွေ့ခဲ့ရသော သန်းဆယ်ချီသည့် မြန်မာပြည်သူများအတွက် ဖေဖော်ဝါရီလ ၁ ရက်နေ့၊ တနင်္ဂနွေနေ့သည် အရေးတယူ လုပ်မည့်သူမရှိသော ပျက်စီးဆုံးရှုံးမှုများ ကြုံတွေ့လာခဲ့ရသည့် ၅ နှစ်ပြည့် နေ့တစ်နေ့ဖြစ်သည်။
“ငါးနှစ်ကြာပြီးနောက် မြန်မာနိုင်ငံရဲ့ အကျပ်အတည်းဟာ ပိုပြီးဆိုးရွားလာနေပါတယ်” ဟု SAC-M ၏ အဖွဲ့ဝင် Marzuki Darusman ကပြောသည်။ “ဆိုးရွားလှတဲ့ အခက်အခဲတွေကြားကပဲ ပြည်သူတွေဟာ ဆက်လက် စည်းလုံးကြပြီး တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေနဲ့အတူ စက်ဆုပ်ဖွယ်ရာကောင်းတဲ့စစ်အုပ်စုကို အပြီးတိုင်ဖယ်ရှားဖို့ အခိုင်အမာ သန္နိဌာန်ချထားကြတယ်။”
“ဒါပေမယ့် မြန်မာပြည်သူတွေရဲ့ ဆင်းရဲဒုက္ခတွေကို သာမန်အခြေအနေအသစ်တစ်ခုလို အသားကျသွားအောင် အဖြစ်ခံလိုက်လို့ မရပါဘူး။ ဒီလိုဖြစ်သွားအောင် ခွင့်ပြုလိုက်ရင် ကြံရာပါပတ်သက်မှုမြောက်တဲ့လုပ်ရပ် ဖြစ်သွားပါလိမ့်မယ်။” ဟု သူကပြောသည်။
“အာဆီယံအနေနဲ့ ခေါင်းမာတဲ့စစ်အုပ်စုကို တကယ်လက်တွေ့ကျပြီး အဆင့်ဆင့်တိုးမြှင့်ဒဏ်ခတ်တဲ့ အရေးယူမှုတွေ ပြုလုပ်ခြင်းအားဖြင့် ဒီပကတိအခြေအနေအပေါ် တုန့်ပြန်ဆောင်ရွက်မှု ပြုလုပ်ရပါမယ်”
နိုင်ငံတကာအသိုင်းအဝိုင်းသည် ပြည်သူများ၏ စစ်မှန်သောဆန္ဒနှင့် ဒီမိုကရေစီအရေး မျှော်မှန်းချက်များကို အားပေးပံ့ပိုးရန်နှင့် မြန်မာနိုင်ငံအတွင်း ဆင်းရဲဒုက္မများ ထပ်မံကြုံတွေ့ရခြင်းမရှိအောင် ကာကွယ်ပေးရန် အရေးကြီးကိစ္စတစ်ခုအနေဖြင့် ဆောင်ရွက်ရမည်။ အစိုးရများအနေဖြင့် တရားဝင် ဒီမိုကရေစီအစုအဖွဲ့များကို အားပေးပံ့ပိုးရန်၊ စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲကို ပြတ်ပြတ်သားသားငြင်းပယ်ရန် နှင့် စစ်အုပ်စုနှင့် ၎င်း၏ ကိုယ်ပွားအစုအဖွဲ့များကို ထိတွေ့ဆက်ဆံခြင်း သို့မဟုတ် အသိအမှတ်ပြုမှုပေးခြင်းမှ ရှောင်ရှားရန် SAC-M က ထပ်လောင်းတောင်းဆိုပါသည်။
စစ်အုပ်စုထံ ငွေကြေးနှင့်လက်နက်ခဲယမ်း မစီးဆင်းနိုင်အောင် ဖြတ်တောက်ခြင်းဖြင့် အရပ်သားပြည်သူများအပေါ် စစ်အုပ်စု၏ပြန်လည်စစ်ခင်းနိုင်စွမ်း ကျဆင်းသွားအောင် ဆောင်ရွက်ရန်လည်း လိုအပ်နေသည်။ ထိုကြောင့် SAC-M က သက်ဆိုင်ရာအစိုးရများကို အောက်ပါအတိုင်း တိုက်တွန်းတောင်းဆိုပါသည်။
ပြည်သူများ၏ အသက်ကိုကယ်တင်ရန်နှင့် စစ်မှန်သော တိုင်းပြည်တည်ဆောက်ရေး ကြိုးပမ်းအားထုတ်မှုများကို ပိုမိုခိုင်မာအောင်အားပေးရန် အစိုးရများအနေဖြင့် အောက်ပါတို့ကို ဆောင်ရွက်ရမည်။
နောက်ဆုံးအနေဖြင့် အစိုးရများသည် အောက်ပါတို့ကိုဆောင်ရွက်ကာ စစ်ရာဇဝတ်တရားခံအဖြစ် စွပ်စွဲခံ ထားရသော မင်းအောင်လှိုင်အပါအဝင် မြန်မာစစ်အုပ်စုခေါင်းဆောင်များကို ၎င်းတို့ ကျူးလွန်ခဲ့သော ရက်စက်ကြမ်းကြုတ်မှုများအတွက် အရေးယူနိုင်အောင် ဆတက်ထမ်းပိုး ကြိုးပမ်းဆောင်ရွက်သွားရမည်။
19 May 2026

19 June 2026