စစ်အုပ်စု၏ ရုပ်ပျက်ဆင်းပျက် ရွေးကောက်ပွဲ ပြီးဆုံးလာပြီဖြစ်ပြီး ၎င်းတို့၏ အကြမ်းဖက်ခြောက်လှန့်မှု လုပ်ငန်းများကို အဆုံးသတ်နိုင်ရေး ဝိုင်းဝန်းကြိုးပမ်းရန်လည်း အချိန်လွန်နေပြီဖြစ်သည်

စစ်အုပ်စု၏ ရုပ်ပျက်ဆင်းပျက် ရွေးကောက်ပွဲ ပြီးဆုံးလာပြီဖြစ်ပြီး ၎င်းတို့၏ အကြမ်းဖက်ခြောက်လှန့်မှု လုပ်ငန်းများကို အဆုံးသတ်နိုင်ရေး ဝိုင်းဝန်းကြိုးပမ်းရန်လည်း အချိန်လွန်နေပြီဖြစ်သည်

မြန်မာစစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲ တတိယနှင့် နောက်ဆုံးအပိုင်းကို လာမည့်တနင်္ဂနွေနေ့တွင် ကျင်းပသွားမည်ဖြစ်ပြီး တလတာကြာမြင့်သည့် လူရယ်စရာ ရုပ်ပျက်ဆင်းပျက် အဖြစ်အပျက်တစ်ခုထက်မပိုသော ဟန်ရေးပြလုပ်ရပ်တစ်ခုသည်လည်း အဆုံးသတ်လာခဲ့ပြီဖြစ်သည်။

စစ်အုပ်စုသည် ၎င်းအသည်းအသန်လိုအပ်နေသော နိုင်ငံတကာအသိအမှတ်ပြုမှုရရှိနိုင်ရန် အနှစ်သာရမဲ့သော ဟန်ရေးပြလုပ်ရပ်တစ်ခုကို အကွက်ချစီစဉ်ခဲ့ခြင်းဖြစ်သည်။ သို့သော် အယောင်ဆောင်ရာဇဝတ်စီးပွားရေးအုပ်စု တစ်ခုထက်မပိုသည့်စစ်အုပ်စုကို မည်သို့သော ခမ်းနားထည်ဝါသည့်အစီအစဉ်မျိုးကမှ ပွဲလည်တင့်အောင် ပြန်လုပ်ပေးနိုင်စွမ်းမရှိနိုင်ပါ။

စစ်အုပ်စု၏ခန့်မှန်းချက်များအပေါ် အခြေခံသည့်တွက်ချက်မှုများအရ စစ်အုပ်စု၏ နယ်မြေလွှမ်းခြုံနိုင်မှု အကန့်အသတ်ကြောင့် မဲပေးခွင့်မရရှိသည့်ပြည်သူ အနည်းဆုံး ၇.၅ သန်းခန့် အထိရှိနေသည်။ ထပ်မံ၍ စစ်အုပ်စုသည် ဤအပတ်ထဲတွင် ရွေးကောက်ပွဲ အပိုင်း (၃) အတွက် သတ်မှတ်ထားသည့် မဲရုံအချို့ကိုလည်း ဖွင့်လှစ်နိုင်တော့မည်မဟုတ်ကြောင်း ကြေညာခဲ့သည်။

စီစဉ်ထားသည့်အတိုင်း မဲပေးပွဲကျင်းပခဲ့သောဒေသများတွင်လည်း မဲပေးသူအရေအတွက် ဆိုးဆိုးရွားရွား နည်းပါးနေခဲ့သည်။ စစ်အုပ်စုကိုလည်းကောင်း၊ စစ်အုပ်စုက လက်သင့်ရာရွေးချယ်ထားသူများ အားလုံးနီးပါး ဖြစ်နေသည့် ကိုယ်စားလှယ်လောင်းများကိုသာ မဲပေးရသော ၎င်းတို့၏ ရွေးကောက်ပွဲကိုလည်းကောင်း အများပြည်သူက လုံးဝအရေးစိုက်ခြင်းမရှိကြောင်း နေရာအနှံ့ဆန့်ကျင်သပိတ်မှောက်မှုများက ထင်ဟပ်ဖော်ပြ နေသည်။ မြန်မာနိုင်ငံ၏ လူထုထောက်ခံမှုအများဆုံး နိုင်ငံရေးပါတီများသည် မှတ်ပုံတင်ဖျက်သိမ်းခြင်း သို့မဟုတ် ရွေးကောက်ပွဲမဝင်နိုင်အောင် တားမြစ်ခြင်းခံထားရပြီး ထင်ရှားသော ဒီမိုကရေစီခေါင်းဆောင် အများအပြားမှာလည်း တရားလက်လွတ် ဆက်လက်ထိမ်းသိမ်းခံထားရသည်။

စစ်အုပ်စုသည် အတိုက်အခံဟုယူဆသူများကိုလည်း နှိပ်ကွပ်မှုများ ဆက်လက်တိုးမြှင့် လုပ်ဆောင်လာခဲ့သည်။ လူ ၄၀၀ ကျော်ကို၎င်းတို့ပြဋ္ဌာန်းထားသည့် ပြင်းထန်သော “ရွေးကောက်ပွဲကာကွယ်ရေးဥပဒေ” အရ အရေးယူ ခဲ့သည်ဟု စစ်အုပ်စုက ပြီးခဲ့သောအင်္ဂါနေ့က ကြေညာခဲ့သည်။ ဤဥပဒေတွင် ရွေးကောက်ပွဲအပေါ် ဝေဖန်မှု မြောက်သည်ဟုယူဆရသည့် လုပ်ရပ်များအားလုံးအတွက် ထောင်ဒဏ်မှအစ သေဒဏ်အဆုံး ပြင်းထန်သော ပြစ်ဒဏ်များ ချမှတ်နိုင်သည့် ပြဋ္ဌာန်းချက်များ ပါဝင်သည်။

နိုင်ငံအတွင်း စစ်အုပ်စုထိန်းချုပ်မှုပြင်ပ နေရာဒေသအများအပြားရှိ အရပ်သားပြည်သူများသည် လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများနှင့် လက်နက်ကြီးဖြင့်ပစ်ခတ်မှုများကို နေ့စဉ်နှင့်အမျှ ကြုံတွေ့နေရသည်။ အတုအယောင် ရွေးကောက်ပွဲကျင်းပစဉ် ကာလတလျှောက်လုံး ကျောင်းများ၊ ဆေးရုံများနှင့် လူနေအိမ်များကို ပစ်မှတ်ထား ပစ်ခတ်၊ တိုက်ခိုက်မှုများ ရှိလာခဲ့ပြီး လေကြောင်းမှတဆင့် ရက်စက်ကြမ်းကြုတ်သည့် တိုက်ခိုက်မှုများကြောင့် ပြည်သူအများအပြား သေဆုံးခဲ့ရသည်။

အာဆီယံသည် စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲကို အသိအမှတ်ပြုမှု ပေးမည်မဟုတ်ကြောင်း အတည်ပြုပြောကြားခဲ့ပြီး ဤတုန့်ပြန်မှုသည် အရေးပါသောလုပ်ဆောင်ချက်တစ်ခုဖြစ်သည်။ မြန်မာနိုင်ငံတွင် ကျင်းပသောရွေးကောက်ပွဲသည် အာဆီယံခေါင်းဆောင်များက ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလတွင် ချမှတ်ခဲ့သည့် ယုံကြည်ရသောရွေးကောက်ပွဲဆိုင်ရာ သတ်မှတ်ချက်များ ပြည့်မှီခြင်းမရှိဟု မလေးရှား နိုင်ငံခြားရေးဝန်ကြီး Mohamad Hasan က ပြောကြားခဲ့သည်။ 

“အဓိပ္ပါယ်မဲ့တဲ့ စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲမှာ အားလုံးကြိုတွက်ထားတဲ့အတိုင်း နာမည်နဲ့ လိုက်အောင် အဓိပ္ပါယ်မဲ့တာတွေ အကုန်ဖြစ်ခဲ့တာပါပဲ” ဟု မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ (SAC-M) ၏ အမှုဆောင်ဒါရိုက်တာ Ben Lee ကပြောသည်။ “စစ်အုပ်စုနဲ့ ထိတွေ့ဆက်ဆံတာ ဒါမှမဟုတ် အသိအမှတ်ပြုမှုပေးတာ စတဲ့အပြုအမူတွေကနေတဆင့် စစ်အုပ်စုကို တရားဝင်မှုပေးတဲ့ ဘယ်နိုင်ငံ၊ ဘယ်ကုလသမဂ္ဂအေဂျင်စီ ဒါမှမဟုတ် ဘယ်ကမ္ပဏီမဆို သူတို့ကျူးလွန်တဲ့ ရာဇဝတ်မှုတွေမှာ ကြံရာပါပတ်သက်သူတွေ ဖြစ်သွားမှာပါ။”

စစ်အုပ်စုကို တားဆီးနိုင်ရန်နှင့် ၎င်းတို့၏အကြမ်းဖက်မှုများကို အဆုံးသတ်နိုင်ရန် ခိုင်မာသော အရေးယူ ဆောင်ရွက်မှုများပြုလုပ်ရန် အရေးတကြီးလိုအပ်နေသည်။ နိုင်ငံတကာအစိုးရများသည် ဘဏ္ဍာရေးဆိုင်ရာ ပစ်မှတ်ထား ဒဏ်ခတ်အရေးယူရေးနှင့် လက်နက်တင်ပို့မှုပိတ်ပင်ရေး အစီအမံများချမှတ်ကာ စစ်အုပ်စုအပေါ် ပိုမိုတိုးမြှင့် ဖိအားပေးမှုများပြုလုပ်ရမည်။ တချိန်တည်းတွင် တိုင်းရင်းသားလူမျိုးစုအဖွဲ့အစည်းများ၊ အမျိုးသားညီညွတ်ရေးအစိုးရ နှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများအပါအဝင် တရားဝင် ဒီမိုကရေစီ အစုအဖွဲ့များကို ပိုမိုအားပေးပံ့ပိုးကူညီရမည်။

ထို့အတူ စစ်ရာဇဝတ်မှုကျူးလွန်သူအဖြစ် စွပ်စွဲခံထားရသော မင်းအောင်လှိုင် အပါအဝင် စစ်အုပ်စုအဖွဲ့ဝင်များကို ၎င်းတို့ကျူးလွန်သော ရက်စက်ကြမ်းကြုတ်မှုများအတွက် တာဝန်ခံစေရန် နိုင်ငံတကာဘက်က အရေးယူ ဆောင်ရွက်မှုများ ချမှတ်ဆောင်ရွက်ရန်လည်း လိုအပ်နေသည်။ သက်ဆိုင်ရာ နိုင်ငံတကာအစိုးရများသည် နိုင်ငံတကာရာဇဝတ်တရားရုံး (ICC) က မြန်မာနိုင်ငံအပေါ် စုံစမ်းစစ်ဆေးမှုကို တိုးချဲ့ဆောင်ရွက်ပေးရန် နှင့် ဖမ်းဝရမ်းများ အမြန်ဆုံးထုတ်ပြန်ပေးရန် အားပေးတိုက်တွန်းရမည်။ ထို့ပြင် နိုင်ငံတကာတရားရုံး (ICJ) တွင် မြန်မာနိုင်ငံအပေါ် စွဲဆိုထားသည့် လက်ရှိစစ်ဆေးနေဆဲ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာအမှုကိုလည်းကောင်း၊ အပြည်ပြည်ဆိုင်ရာစီရင်ဆုံးဖြတ်ပိုင်ခွင့်ကို ကျင့်သုံးကာ စစ်အုပ်စုကိုအရေးယူနိုင်အောင် ဆောင်ရွက်နေသည့် ပြည်တွင်းတရားရုံးများ၏ ကြိုးပမ်းဆောင်ရွက်မှုများကိုလည်းကောင်း အားပေးထောက်ခံရမည်။


pdf ဖိုင် ရယူရန် မြန်မာဘာသာ

မူရင်းပို့စ်

Announcements


PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Subscribe

Copyright © 2017 - 2026 All Rights Reserved - Progressive Voice (PV)
Website by Bordermedia