27 December 2025

တရားမဝင်မြန်မာစစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲအပေါ် Justice For Myanmar ၏ ပြောရေး ဆိုခွင့်ရှိသူ မရတနာမောင်က ယခုကဲ့သို့ ပြောကြားခဲ့သည်။
“မြန်မာစစ်တပ်က အရပ်သားပြည်သူတွေကို ပြစ်ဒဏ်ခတ်ခြင်းမခံရဘဲ သတ်ဖြတ်နေတဲ့ တစ်ချိန်တည်းမှာ တရားဝင်မှုကို လုပ်ကြံဖန်တီးရယူဖို့ အတုအယောင် “ရွေးကောက်ပွဲ” တစ်ရပ်ကို ကျင်းပဖို့စီစဥ်နေပါတယ်။
ဒီအတုအယောင်ရွေးကောက်ပွဲဟာ မြန်မာပြည်သူတွေ ငါးနှစ်နီးပါးကြာ သတ္တိရှိရှိ ခုခံတော်လှန်လာခဲ့တဲ့ စစ်တပ်ရဲ့ တရားမဝင်အာဏာသိမ်းကြိုးပမ်းမှုကို တရားဝင်စေဖို့ ကြိုးပမ်းချက်ပဲ ဖြစ်ပါတယ်။ ပြည်သူတွေက ဒီအတုအယောင်ရွေးကောက်ပွဲကိုရော၊ တရားမဝင် စစ်အုပ်စုကိုပါ ငြင်းပယ်ထားပြီးသားပါ။
နိုင်ငံခြားအစိုးရများအနေနဲ့ အလိမ်အညာတွေအပေါ်မှာ မယုံကြည်ကြဖို့၊ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ဖို့ နဲ့ အတုအယောင်ရွေးကောက်ပွဲနဲ့ ရလာဒ်တွေကို ပယ်ချဖို့ အလွန်အရေးကြီးပါတယ်။
ဒီအတုအယောင်ရွေးကောက်ပွဲကို ပံ့ပိုးကူညီပြီး အတုအယောင်ရွေးကောက်ပွဲစောင့်ကြည့်သူတွေကို စေလွှတ်ကြတဲ့ နိုင်ငံတွေ၊ ဥပမာအားဖြင့် တရုတ်၊ ရုရှား၊ ဘယ်လာရုစ်၊ အိန္ဒိယ၊ ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံ တွေဟာ မြန်မာစစ်တပ်နဲ့ စီးပွားရေးအကျိုးအမြတ်တွေ၊ လက်နက်ရောင်းဝယ်မှုတွေ ကတစ်ဆင့် စစ်အုပ်စုဆီကနေ အကျိုးအမြတ်တွေ ရယူနေကြတာ ဖြစ်ပါတယ်။
ဒီအတုအယောင်ရွေးကောက်ပွဲကို ထောက်ခံပေးခြင်းဖြင့် အဲဒီအစိုးရတွေဟာ စစ်အုပ်စုထံ ငွေကြေးတွေ ဆက်လက်စီးဆင်းအောင် လုပ်ဆောင်ပေးနေတာဖြစ်ပြီး၊ စစ်အုပ်စုရဲ့ အကြမ်းဖက်စစ်ဆင်ရေးကို အသက်ဆက်ပေးနေသလို၊ စစ်အုပ်စုကျူးလွန်တဲ့ နိုင်ငံတကာရာဇဝတ်မှုတွေကို အားပေးကူညီနေတာလည်းဖြစ်ပါတယ်။
ဒီအတုအယောင်ရွေးကောက်ပွဲကို စစ်ရာဇဝတ်ကောင်တွေကိုယ်တိုင် စိတ်ကြိုက်ရွေးချယ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့ခံလူပုဂ္ဂိုလ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ရွေးကောက်ပွဲကော်မရှင်က ခြယ်လှယ်စီမံနေတာဖြစ်ပြီး ဒါက ဒီမိုကရေစီနဲ့ တရားဥပဒေစိုးမိုးရေးကို ထိခိုက်ပျက်ပြားစေပါတယ်။
အတုအယောင်ရွေးကောက်ပွဲမတိုင်မီ စစ်အုပ်စုဟာ သူတို့ကိုယ်သူတို့ ‘နိုင်ငံတော်လုံခြုံရေးနှင့် ငြိမ်းချမ်းရေးကော်မရှင်’ (SSPC) ဆိုပြီး အမည်သစ် ပြောင်းလဲခဲ့ပါတယ်။
ဒါက ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ရှောင်ရှားဖို့နဲ့ သူတို့ရဲ့ရာဇဝတ်မှုတွေကို ခဝါချဖို့ ဗြောင်ကျကျ ကြိုးပမ်းမှုတစ်ခုပဲ ဖြစ်ပါတယ်။ နာမည်ပြောင်းသွားပေမဲ့လည်း အရင်စစ်တပ်ခေါင်းဆောင်တွေကပဲ ဦးဆောင်နေတာဖြစ်သလို၊ အရင်လုပ်ငန်းဆောင်တာတွေကိုပဲ လုပ်ဆောင်နေတာဖြစ်ပြီး စစ်အုပ်စုခေါင်းဆောင်နဲ့ စစ်ရာဇဝတ်ကောင်မင်းအောင်လှိုင်ရဲ့ အမိန့်အောက်မှာ အရပ်သားပြည်သူတွေအပေါ် အရင်လုပ်ဆောင်နေကျ အကြမ်းဖက်စစ်ဆင်ရေးကိုပဲ ဆက်လက်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
အစိုးရတွေအနေနဲ့ SSPC နဲ့ သူတို့ကို အားပေးကူညီသူတွေအပေါ် အရေးတကြီး ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ရမှာဖြစ်ပြီး၊ ရက်စက်ကြမ်းကြုတ်မှုကြီးတွေ အဆုံးသတ်နိုင်ဖို့ ပြတ်ပြတ်သားသား ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။
ပြောဖွယ်ရာစကားလုံးပင် မရှိအောင် ထိန့်လန့်ကြောက်မက်ဖွယ်ရာ အခြေအနေတွေကြားမှာတောင် မြန်မာပြည်သူတွေရဲ့သတ္တိဟာ ပျက်ပြားမသွားဘဲ ခိုင်မြဲနေဆဲဖြစ်ပါတယ်။ မြန်မာစစ်တပ်ရာဇဝတ်ဂိုဏ်းအား အပြီးတိုင် ဖျက်သိမ်းရေးအတွက် ကျွန်ုပ်တို့ ဆက်လက်လုပ်ဆောင်သွားပါမယ်။”
ဒေါင်းလုတ်ရယူရန် မြန်မာဘာသာ | အင်္ဂလိပ်ဘာသာ
19 May 2026

16 June 2026