အတုအယောင်ရွေးကောက်ပွဲအကြိုနေ့ – နိုင်ငံတကာအစိုးရများသည် မြန်မာစစ်အုပ်စု၏ အဓိပ္ပါယ်မဲ့သောအာဏာလုယူမှုကို ငြင်းဆန်ကာ ၎င်း၏ရက်စက်ကြမ်းကြုတ်မှုများကို အဆုံးသတ်ရမည်

အတုအယောင်ရွေးကောက်ပွဲအကြိုနေ့ – နိုင်ငံတကာအစိုးရများသည် မြန်မာစစ်အုပ်စု၏ အဓိပ္ပါယ်မဲ့သောအာဏာလုယူမှုကို ငြင်းဆန်ကာ ၎င်း၏ရက်စက်ကြမ်းကြုတ်မှုများကို အဆုံးသတ်ရမည်

၂၆၊ ဒီဇင်ဘာလ၊ ၂၀၂၅ ခုနှစ် – ဒီဇင်ဘာလ၊ ၂၈ ရက်နေ့တွင် စတင်ကျင်းပမည့် အတုအယောင်ရွေးကောက်ပွဲမစတင်မီ (၂) ရက် အလိုအထိတိုင် မြန်မာစစ်အုပ်စုသည် ရက်စက်ကြမ်းကြုတ်မှုလုပ်ရပ်များကို ဆက်လက်တိုးမြှင့်ကျူးလွန်နေလျက်ရှိသည်။

အာဆီယံနှင့် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် အရပ်သားထိခိုက်သေဆုံးမှုများ ထပ်မံပေါ်ပေါက်ခြင်းမရှိအောင် ကာကွယ်ပေးရန် စစ်အုပ်စု၏ရက်စက်မှုများကိုရှုတ်ချကာ ခိုင်မာသော လက်တွေ့အရေးယူဆောင်ရွက်မှုများ မဖြစ်မနေချမှတ်လုပ်ဆောင်ရန် လိုအပ်သည်ဟု မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီက ပြောသည်။

မြန်မာနိုင်ငံမှာ စစ်အုပ်စုရဲ့ ရမ်းကားအကြမ်းဖက်မှုကမ်ပိန်းကလွဲလို့ အခြားဘယ်ရွေးကောက်ပွဲကမ်ပိန်းမှမရှိပါဘူး” ဟု SAC-M အဖွဲ့ဝင် Yanghee Lee က ပြောသည်။ “စစ်အုပ်စုဟာ တဖက်မှာ ရက်စက်ကြမ်းကြုတ်မှုတွေ ကျူးလွန်နေပြီး တဖက်မှာတော့ ကယ်စစ်မှန်တဲ့ရွေးကောက်ပွဲတစ်ခု ကျင်းပနေသလို ဟန်ဆောင်နေပါတယ်။ စစ်အုပ်စုနဲ့ သူတို့ရဲ့ အတုအယောင်ရွေးကောက်ပွဲကို တရားဝင်မှုပေးတဲ့ ဘယ်အစိုးရမဆို စစ်အုပ်စုက ကျူးလွန်တဲ့ ရာဇဝတ်မှုတွေမှာ ကြံရာပါပတ်သက်သူတွေ ဖြစ်သွားပါလိမ့်မယ်။

စစ်အုပ်စုသည် တိုင်းပြည်၏ နယ်မြေ ၄၀% ထက်နည်းသောအကျယ်အဝန်းကိုသာ ထိန်းချုပ်ထားနိုင်သည်။ ၎င်းတို့သည် ကျန် ၆၀% တွင် ရွေးကောက်ပွဲမကျင်းပနိုင်သောကြောင့် ထိုနယ်မြေများကို ထိုးစစ်ဆင်တိုက်ခိုက်နေလျက်ရှိသည်။ စစ်အုပ်စုသည် တော်လှန်ရေးထိန်းချုပ်နယ်မြေများနှင့် လွတ်မြောက်နယ်မြေများရှိ အရပ်သား လူစုလူဝေးရှိရာနေရာများ၊ ဆေးရုံများနှင့် လူနေအိမ်များကို လေကြောင်းမှမရပ်မနားတိုက်ခိုက်ခြင်း၊ ရန်သူဟုယူဆသူများကို တရားလက်လွတ်ဖမ်းဆီးခြင်းနှင့် ညှင်းပန်နှိပ်စက်ခြင်း စသည့်လုပ်ရပ်များအပါအဝင် အသေအပျောက်များသော အကြမ်းဖက်လုပ်ရပ်များကို လွန်ခဲ့သောရက်သတ္တပတ်အနည်းငယ်အတွင်း တရှိန်ထိုး တိုးမြှင့်လုပ်ဆောင်လာခဲ့သည်။

ဒီဇင်ဘာလ၊ ၁၀ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်ရှိ ပြည်သူ့ဆေးရုံတစ်ရုံကို စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ ပြည်သူအနည်းဆုံး ၃၄ ဦး သေဆုံးခဲ့ပြီး နောက်ထပ် အနည်းဆုံး ၇၀ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ ထိုတိုက်ခိုက်မှုကို အာဆီယံ နှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အပါအဝင် နိုင်ငံတကာက ရှုတ်ချခဲ့ပြီး ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး Volker Türk ကလည်း ထိုတိုက်ခိုက်မှုသည် စစ်ရာဇဝတ်မှု မြောက်နိုင်သည်ဟုဆိုကာ “စုံစမ်းစစ်ဆေးမှုပြုလုပ်ရန်နှင့် တာဝန်ရှိသူများကို အရေးယူပေးရန် တိုက်တွန်းပါသည်” ဟု ၎င်း၏ Facebook စာမျက်နှာ ပေါ်တွင် ထုတ်ဖော်ရေးသားခဲ့သည်။

ထိုသို့ အုတ်အော်သောင်းနင်းဖြစ်ခဲ့သော်လည်း စစ်အုပ်သည် တွန့်ဆုတ်သွားခြင်းမရှိပဲ ချိုးဖောက်မှုများ ဆက်လက် ကျူးလွန်လာခဲ့သည်။ မြောက်ဦးဆေးရုံကို ဗုံးကြဲမှုဖြစ်ပြီးနောက် စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းတခွင် ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သား ဒါဇင်ချီ ထပ်မံသေဆုံးခဲ့ရသည်ဟု သတင်းဖော်ပြချက်များအရ သိရှိရသည်။

ရွေးကောက်ပွဲဆန့်ကျင်မှုကြောင့် လူပေါင်း ရာနှင်ချီ ဖမ်းဆီးခြင်းခံခဲ့ရသည်။ စစ်အုပ်စုက ဒီဇင်ဘာလ၊ ၁၄ ရက်နေ့က တရားလက်လွတ်ဖမ်းဆီးထိန်းသိမ်းခဲ့သော ဒီမိုကရေစီအရေးတက်ကြွလှုပ်ရားသူ ကိုထက်မြတ်အောင်၏ လုံခြုံရေးအခြေအနေသည်လည်း အလွန်စိုးရိမ်ပူပန်ရသည့် အနေအထားတွင်ရှိနေသည်။ အသက် ၂၄ နှစ်အရွယ် ကိုထက်မြတ်အောင်သည် ချုပ်နှောင်ခံထားရစဉ် ပြင်းပြင်းထန်ထန် ညှင်းပန်းနှိပ်စက်ခံခဲ့ရသည့်ဒဏ်ရာများကြောင့် အသက်အန္တရာယ်စိုးရိမ်နေရသည်ဟု သတင်းအရင်းအမြစ်များက ဆိုကြသည်။ ကိုထက်မြတ်အောင်သည် ဒီဇင်ဘာလ၊ ၃ ရက်နေ့က မန္တလေးတွင် အတုအယောင်ရွေးကောက်ပွဲကိုဆန့်ကျင်သည့် လျှပ်တပြက်ဆန္ဒထုတ်ဖော်မှုအစီအစဉ်ကို ဦးဆောင်ခဲ့သောကြောင့်  “ရွေးကောက်ပွဲကာကွယ်ရေးဥပဒေ” အရ စစ်အုပ်စုကအလိုရှိနေသူ ၁၀ ဦးထဲမှ တစ်ဦးဖြစ်သည်။ စစ်အုပ်စုသည် ကိုထက်မြတ်အောင်၏ လက်ရှိအခြေအနေအကြောင်း တစုံတရာ သတင်းထုတ်ပြန်ပေးရန် ငြင်းဆန်ခဲ့သည်။

ဤ “ဥပဒေ” သည် ရွေးကောက်ပွဲဆန့်ကျင်သူများကို သေဒဏ်အပါအဝင် ကြီးလေးသောပြစ်ဒဏ်များချမှတ်နိုင်သည့် ဥပဒေတစ်ခုဖြစ်ပြီး ဤ“ဥပဒေ” အရ ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရသူ ၂၂၉ ဦး ရှိသည်ဟု ပြီးခဲ့သောအပတ်တွင် စစ်အုပ်စုက ကြေညာခဲ့သည်။

စစ်အုပ်စုက ၎င်းတို့အားဆန့်ကျင်သူများကို ထိုသို့ပြင်းထန်သော အရေးယူမှုများပြုလုပ်ခြင်းကို ကြည့်ခြင်းအားဖြင့် ရွေးကောက်ပွဲသည် ပြည်သူလူထုကိုဖိနှိပ်သည့် နည်းလမ်းသစ်တစ်ခုဖြစ်လာနေကြောင်းနှင့် စစ်အုပ်စုက ၎င်းတို့ တရားဝင်မှုရအောင် အတင်းလုပ်ယူဖန်တီးရန်စီမံထားသော အတ္တဆန်သည့်လှည့်ကွက်တစ်ခုသာဖြစ်ကြောင်း ဖော်ပြနေသည်။ ဤရွေးကောက်ပွဲသည် မြန်မာပြည်သူများ၏လွတ်လပ်မျှတသောဆန္ဒကို ဖော်ထုတ်ပေးနိုင်သည့် အရာတစ်ခုမဟုတ်ပဲ စစ်အုပ်စု၏ ကိုယ်ပွားပါတီတစ်ခုဖြစ်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) ကြီးစိုးနိုင်အောင် စနစ်တကျ အကွက်ချထားသော ဖြစ်စဉ်တစ်ခုသာဖြစ်သည်။

အရပ်သားပြည်သူများ ထပ်မံတိုက်ခိုက်ခြင်းမခံရအောင် ကာကွယ်ပေးရန် အာဆီယံ၊ မြန်မာနိုင်ငံ၏ အိမ်နီးချင်း နိုင်ငံများနှင့် အခြားသော နိုင်ငံတကာအသိုင်းအဝိုင်းတို့က အရေးပေါ် အရေးယူဆောင်ရွက်မှုများ ပြုလုပ်ပေးရမည်။

သက်ဆိုင်ရာအစိုးရများအနေဖြင့် အတုအယောင်ရွေးကောက်ပွဲကို ပြတ်သားစွာငြင်းပယ်ရန်နှင့် စစ်အုပ်စု သို့မဟုတ် ၎င်းကခန့်အပ်လာမည့် မည်သည့်ကိုယ်ပွားအဖွဲ့ တခုခုကိုမဆို တရားဝင်မှုပေးသလိုဖြစ်စေမည့် မည်သည့် ထိတွေ့ဆက်ဆံမှုမျိုးကိုမဆို ရှောင်ရှားရန် SAC-M ကတောင်းဆိုပါသည်။

မြန်မာနိုင်ငံရှိ တရားဝင်ဒီမိုကရေစီအစုအဖွဲ့များကို အားပေးထောက်ခံရန်နှင့် စစ်အုပ်စုထံ ငွေကြေး၊ လက်နက်နှင့် လေယာဉ်ဆီ စီးဆင်းနေမှုကိုပြတ်တောက်စေမည့် ဘဏ္ဍရေးဆိုင်ရာ ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုများနှင့် ပူးပေါင်းပိတ်ဆို့အရေးယူမှုများပြုလုပ်ကာ စစ်အုပ်စုကို ကန့်သတ်ဟန့်တားရန် နိုင်ငံတကာအသိုင်းအဝိုင်းကို တောင်းဆိုပါသည်။

နောက်ဆုံးအနေဖြင့် စစ်ရာဇဝတ်မှုကျူးလွန်ကြောင်း စွပ်စွဲခံထားရသည့် စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်နှင့် ၎င်းက USDP ပါတီတွင် အသီးသီးနေရာချ ခန့်အပ်ထားသူများ အပါအဝင် ၎င်း၏နောက်လိုက်များနှင့် အပေါင်းအပါ စီပွားရေးခရိုနီများကို အပြစ်ပေးအရေးယူနိုင်ရန်နှင့် ၎င်းတို့၏ ယုတ်မာရက်စက်မှုများအတွက် တာဝန်ခံမှုရှိလာအောင် ဆောင်ရွက်နိုင်ရန် နိုင်ငံတကာအစိုးရများက နှစ်ဆပိုမိုအားစိုက်ကာ ကြိုးစားလုပ်ဆောင်သွားရပါမည်။


မူရင်းပို့စ်

Announcements


PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Subscribe

Copyright © 2017 - 2026 All Rights Reserved - Progressive Voice (PV)
Website by Bordermedia