Twitch၊ Facebook၊ YouTube နှင့် MediaFire တို့က မြန်မာစစ်အုပ်စု၏ ဝါဒမှိုင်းဖြန့်အကောင့်များကို ဖယ်ရှား

18 December 2025

Twitch၊ Facebook၊ YouTube နှင့် MediaFire တို့က မြန်မာစစ်အုပ်စု၏ ဝါဒမှိုင်းဖြန့်အကောင့်များကို ဖယ်ရှား

စစ်အုပ်စုပြန်ကြားရေးဝန်ကြီးဌာနနှင့် စစ်တပ်၏ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးဌာန တို့က ကြီးကြပ်အသုံးပြုနေသည့် ဝါဒဖြန့်ချီရေးအကောင့်များအား Twitch၊ Facebook၊ YouTube နှင့် MediaFire တို့က ဖြုတ်ချဖယ်ရှားမှုများ လုပ်ဆောင်လိုက်သည့် မကြာသေးမီက အရေးယူဆောင်ရွက် မှုများအပေါ် Justice For Myanmar က ကြိုဆိုပါသည်။

Justice For Myanmar က နည်းပညာကုမ္ပဏီများထံ စာရေးသားပေးပို့၍ အဆိုပါဝါဒဖြန့်အကောင့်များ အတွက် ထုတ်ကုန်နှင့် ဝန်ဆောင်မှုများ ဆက်လက်ပံ့ပိုးမှုပေးအပ်ခြင်းအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများအား လိုက်နာဆောင်ရွက်မှုနှင့် လူ့အခွင့်အရေးဆိုင်ရာစိုးရိမ်မှုများကို မေးခွန်းထုတ်ပြောကြားလိုက်ပြီးနောက်တွင် အရပ်ဘက်အဖွဲ့အစည်းများ၏ ဖိအားပေးမှုများလည်း ဆက်လက်ရှိနေခြင်းကြောင့် စစ်အုပ်စုထိန်းချုပ် ဝါဒမှိုင်းအကောင့်များကို ဖြုတ်ချလိုက်ခြင်း ဖြစ်သည်။

မြန်မာစစ်အုပ်စုသည် နိုင်ငံတော်ပိုင်မီဒီယာများနှင့် ဝါဒဖြန့်ချီရေးရုပ်သံလိုင်းများကို အသုံးပြု၍ ရိုဟင်ဂျာများအပေါ် အမုန်းစကားများ ဖြန့်ဝေခြင်း၊ အရပ်သားပြည်သူများအပေါ် အကြမ်းဖက်မှုများအား သွေးထိုးလှုံ့ဆော်ခြင်း၊ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလများတွင် ကျင်းပမည့် အတုအယောင်ရွေးကောက်ပွဲအကြောင်း အပါအဝင် သတင်းလိမ်၊ သတင်းမှားများ ဖြန့်ဝေခြင်းတို့ကို လုပ်ဆောင်သော ရှည်လျားလှသည့် သမိုင်းမှတ်တမ်းများလည်း ရှိထားသည်။

Amazon ပိုင် ဗွီဒီယိုပလပ်ဖောင်း Twitch သည် တိုက်ရိုက်ထုတ်လွှင့်နေသည့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (MRTV) နှင့် မြန်မာ့ရေ ဒီယိုလိုင်း ၁၄ ခုအား ၎င်းတို့၏ ဝဘ်ဆိုဒ်နှင့် Google၊ Apple App stores များရှိ ၎င်းတို့၏ မိုဘိုင်း Apps များမှ ဖယ်ရှားခဲ့သည်။ Twitch သည် MITV ဝဘ်ဆိုဒ်တွင် တွဲထားသည့် MITV တိုက်ရိုက် ရုပ်သံ ထုတ်လွှင့်မှုကိုလည်း ဖယ်ရှားခဲ့သည်။ 

MITV၊ MRTV နှင့် Myanmar Radio တို့အားလုံးကို စစ်အုပ်စု၏ ပြန်ကြားရေးဝန်ကြီးဌာနက ကြီးကြပ် လုပ်ကိုင်သည်။ MRTV သည် အဓိကအားဖြင့် မြန်မာပရိတ်သတ်များအတွက် ဗမာဘာသာစကားဖြင့် ထုတ်လွှင့်ပြီး၊ MITV သည် အင်္ဂလိပ်ဘာသာဖြင့် ထုတ်လွှင့်ကာ နိုင်ငံခြားပရိတ်သတ်ထံ ရောက်ရှိရန် ရည်ရွယ်သည်။

MRTV ဝဘ်ဆိုဒ်နှင့် Apps များကို စစ်ရာဇဝတ်ကောင်နှင့် စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်က ၂၀၂၂ ခုနှစ်တွင် အခမ်းအနားဖြင့် ဖွင့်လှစ်ပေးခဲ့ပြီး၊ တိုက်ရိုက်ရုပ်သံထုတ်လွှင့်မှုကို မိတ်ဆက်ခဲ့သည်။ Twitch အကောင့်ဖယ်ရှားခံရမှုကို အကောင့်သစ်များဖန်တီး၍ တိုက်ရိုက်ရုပ်သံထုတ်လွှင့်မှုကို စစ်အုပ်စုက ဆက်လက်လုပ်ဆောင်လာချိန်တွင် Twitch သည် Justice For Myanmar တိုင်ကြားခဲ့သည့် အခြားများပြားလှစွာသော အကောင့်များအား ဆက်လက်ပိတ်သိမ်းမှုများ လုပ်ဆောင်ခဲ့သည်။

Facebook သည် MITV စာမျက်နှာကို ဖျက်သိမ်းခဲ့ပြီး၊ Alphabet ကပိုင်ဆိုင်သည့် YouTube သည် စစ်အုပ်စု ပြန်ကြားရေး ဝန်ကြီးဌာန၏ အကောင့်တစ်ခုကို ၎င်းတို့၏ ပလက်ဖောင်းမှ ဖယ်ရှားခဲ့သည်။ သို့ရာတွင် YouTube သည် MITV အကောင့်အား ဖယ်ရှားရန် ယခုအချိန်ထိ ငြင်းဆိုထားသည်။

Facebook နှင့် ဖိုင်ထိန်းသိမ်းမျှဝေရာ MediaFire ဝဘ်ဆိုဒ်တို့သည် ရတနာပုံသတင်းစာ၏ အကောင့်များကို ဖျက်သိမ်းခဲ့သည်။ ယင်းသတင်းစာသည် မြန်မာစစ်တပ်၏ ပြည်သူ့ဆက်ဆံရေးနှင့် ဝါဒဖြန့်ချီရေးဌာနက ကြီးကြပ်ထုတ်ဝေသည့် မြဝတီသတင်းစာနှင့် ဆက်နွှယ်သော ထုတ်ဝေရေးတစ်ခု ဖြစ်သည်။ စစ်တပ်သည် ၎င်းတို့၏ Facebook အကောင့်များတွင် မျှဝေသည့် ဝါဒဖြန့်သတင်းစာများ၏ PDF ဖိုင်များကို သိမ်းဆည်းထားသိုရန် MediaFire ကို အသုံးပြုခဲ့သည်။

Facebook ၏ အရေးယူဆောင်ရွက်မှုများသည် စစ်တပ်၏ တရားမဝင်အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ၎င်းတို့ချမှတ်ခဲ့သည့် စစ်တပ်ထိန်းချုပ်သော နိုင်ငံပိုင်မီဒီယာ အဖွဲ့အစည်းများအပေါ် ပိတ်ပင်တားမြစ်ချက်များနှင့်လည်း ကိုက်ညီသည်။

စစ်တပ်၏ ဝါဒမှိုင်းဖြန့်အကောင့်များအား ဖျက်သိမ်းလိုက်ခြင်းသည် မြန်မာပြည်သူလူထုနှင့် နိုင်ငံတကာ ပြည်သူများထံ ဝါဒမှိုင်းများဖြန့်ဝေသည့် စစ်အုပ်စု၏ စွမ်းရည်အား ဟန့်တားနိုင်ရန်အတွက် အရေးပါသော ခြေလှမ်းတစ်ရပ်ဖြစ်သည်။

Justice For Myanmar က တိုင်ကြားခဲ့သည့် စစ်အုပ်စုအကောင့်များအား အမေရိကန်ပြည်ထောင်စု၊ ယူကေ၊ အီးယူ၊ ကနေဒါနှင့် ဩစတြေးလျ အပါအဝင် နိုင်ငံများစွာ၏ ဒဏ်ခတ်ပိတ်ဆို့မှုခံထားရသည့် လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများက ထိန်းချုပ်ထားသည်။

Alphabet (Google ၏ မိခင်ကုမ္ပဏီ)၊ Apple၊ TikTok၊ X (ယခင် Twitter)၊ Telegram၊ Cloudflare နှင့် ApkPure တို့ထံလည်း စာများ ရေးသားပေးပို့ခဲ့သည်။ ယခုအချိန်အထိ အဆိုပါ နည်းပညာဝန်ဆောင်မှုကုမ္ပဏီများသည် မြန်မာစစ်တပ်နှင့် စစ်အုပ်စု၏ ပြန်ကြားရေးဝန်ကြီးဌာနတို့ တိုက်ရိုက်ကြီးကြပ်ကိုင်တွယ်နေသည့် အကောင့်များအပါအဝင် ဝါဒမှိုင်းဖြန့်အကောင့်များအပေါ် အရေးယူဆောင်ရွက်ခြင်း မရှိသေးပေ။

နည်းပညာကုမ္ပဏီအားလုံးအနေဖြင့် ဖော်ထုတ်တွေ့ရှိထားသည့် စစ်အုပ်စုဝါဒမှိုင်းဖြန့်အကောင့်များ အား ဖြုတ်ချရန်နှင့် ၄င်းတို့၏ပလက်ဖောင်းများအား စစ်အုပ်စုက အသုံးပြုနေခြင်းကို ပိတ်ပင်ရန် Justice For Myanmar က တိုက်တွန်းပါသည်။

မြန်မာစစ်အုပ်စု၏ ဝါဒမှိုင်းစစ်ဆင်ရေး

မြန်မာစစ်အုပ်စုသည် ဒီဇင်ဘာလနှင့် ဇန်နဝါရီလတွင် ကျင်းပရန် စီစဉ်ထားသည့် အတုအယောင် ရွေးကောက်ပွဲမတိုင်မီ ဝါဒမှိုင်းများနှင့် သတင်းမှားများ ရေးသားဖြန့်ချီနိုင်ရေး ကြိုးပမ်းမှုများကို အရှိန်မြှင့်လုပ်ဆောင်လျက်ရှိသည်။

နည်းပညာကုမ္ပဏီကြီးများသည် စစ်အုပ်စုအတွက် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရန်၊ ဝေဖန်မှုများအား ဖိနှိပ်ရန်နှင့် တရားဝင်မှုလိမ်လည်ရယူရန် ကြိုးပမ်းရာတွင် မြန်မာပြည်သူများအကြား အကြောက်တရားဖြန့်ဝေရေးအတွက် မရှိမဖြစ် အရေးပါနေခြင်းလည်းဖြစ်သည်။

စစ်အုပ်စုသည် အတုအယောင်ရွေးကောက်ပွဲအတွက် ပြင်ဆင်သည့်အနေဖြင့် ဥပဒေမဲ့ ဖမ်းဆီးမှုများ၊ ညှဉ်းပမ်းနှိပ်စက်မှုများနှင့် ၎င်းတို့မထိန်းချုပ်နိုင်သည့် နယ်မြေများအတွင်း အရပ်သားပြည်သူများအပေါ် မဆင်မခြင်လေကြောင်းတိုက်ခိုက်မှုများ အပါအဝင် ဆိုးရွားသော နိုင်ငံတကာရာဇဝတ်မှုများကို ဆတိုးကျူးလွန်လျက်ရှိသည်။

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် စစ်အုပ်စုသည် အာရကန်ပြည်နယ်အတွင်းရှိ မြောက်ဦးဆေးရုံကို လေကြောင်းတိုက်ခိုက်ခဲ့ပြီး၊ အရပ်သားပြည်သူ ဒါဇင်များစွာအား သတ်ဖြတ်ခဲ့သည်။ သေဆုံးသူများတွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်သားများ၊ လူနာများနှင့် မွေးကင်းစကလေးငယ်တစ်ဦးတို့ ပါဝင်သည်။ ကုလသမဂ္ဂနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းများအပါအဝင် နိုင်ငံတကာမှ ဝေဖန်မှုများကို တုန့်ပြန်သည့် အနေဖြင့် စစ်အုပ်စုသည် အရပ်သားပြည်သူ သေဆုံးမှုမရှိကြောင်း လိမ်လည်ငြင်းဆိုခဲ့သည်။ စစ်အုပ်စုသည် အဆိုပါငြင်းဆိုချက်များကို Telegram၊ X၊ TikTok နှင့် Apple၊ Google app stores များရှိ apps များ အပါအဝင် ဆိုရှယ်မီဒီယာပလက်ဖောင်းများတွင် ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေခဲ့သည်။

Justice For Myanmar က ဖော်ထုတ်ထားသည့် စစ်တပ်ဝါဒဖြန့်အကောင့်များသည် ရိုဟင်ဂျာများအား လူသားဂုဏ်သိက္ခာ ညိုးနွမ်းထိခိုက်စေသော အသုံးအနှုန်းများကို အသုံးပြုခဲ့သည်။  ၂၀၁၈ ခုနှစ်တွင် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာအချက်အလက်ရှာဖွေရေးမစ်ရှင် (FFM) က တူညီသော မီဒီယာအချို့ပေါ်တွင် လွှင့်တင်ထားသည့် အမုန်းစကားများသည် လူထုကြား မိုးလုံးမှိုင်း ရောက်ရှိစေခြင်းနှင့် ထိုအမုန်းစကားများမှ ရိုဟင်ဂျာများအပေါ် ရက်စက်ကြမ်းကြုတ်မှုများနှင့် လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ရန် တိုက်ရိုက် လူသိထင်ရှား သွေးထိုးလှုံ့ဆော်ခြင်းကို ညွှန်ပြနေကြောင်း တွေ့ရှိခဲ့ရသည်။ ထိုသို့တွေ့ရှိချက်များ ရှိနေစေကာမူ နည်းပညာကုမ္ပဏီကြီးများသည် ဝါဒမှိုင်းဖြန့်အကောင့်များအား ဆက်လက်ခွင့်ပြုထားဆဲ ဖြစ်သည်။

နိုင်ငံတကာနည်းပညာပလက်ဖောင်းများ၏ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများအား အသုံးပြုလျက်ရှိသည့် စစ်အုပ်စု၏ ဝါဒဖြန့်ချီရေးရုပ်သံလိုင်းများသည် စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင် အပါအဝင် ပိတ်ဆို့အရေးယူခံထားရသူများ၏ ပြောဆိုမှုများကို ဗီဒီယို၊ အသံနှင့် စာသား ပုံစံမျိုးစုံဖြင့် ပုံမှန် ထုတ်လွှင့်လေ့ရှိသည်။ ယင်းထုတ်လွှင့်မှုများတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ တရားမဝင်အာဏာသိမ်း ကြိုးပမ်းမှုနှင့် နိုင်ငံတကာရာဇဝတ်မှုကြီးများအား ကျူးလွန်မှုများအတွက် ဆင်ခြေပေးအကြောင်းပြ တရားများလည်း ပါဝင်သည်။

Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “ဝါဒမှိုင်းဖြန့်ချီရေးက စစ်အုပ်စုရဲ့ အကြမ်းဖက်စစ်ဆင်ရေးမှာ ဒေါက်တိုင်တစ်ခုဖြစ်ပြီး၊ နည်းပညာကုမ္ပဏီကြီးတွေကြောင့် စစ်အုပ်စုက ဝါဒဖြန်ချီရေးတွေ ဆက်လက်ဖြန့်ဖြူးနိုင်တာဖြစ်ပါတယ်။

လူသားမျိုးနွယ်အပေါ် အဆိုးရွားဆုံးရာဇဝတ်မှုတွေကို အပြစ်ပေးအရေးယူခံရခြင်းမရှိဘဲ ကျူးလွန်နေတဲ့ ရာဇဝတ်စစ်အုပ်စုကို နည်းပညာကုမ္ပဏီတွေက သူတို့ပလက်ဖောင်းတွေ၊ ထုတ်ကုန်တွေနဲ့ ဝန်ဆောင်မှုတွေ ဆက်လက်ပေးအပ်နေတယ်ဆိုတာက လက်ခံနိုင်ဖွယ်မရှိပါဘူး။

စစ်အုပ်စုက သူတို့ရဲ့ အတုအယောင်ရွေးကောက်ပွဲမတိုင်မီ အကြမ်းဖက်စစ်ဆင်ရေးကို အရှိန်မြှင့်လုပ် ဆောင်နေချိန်မှာ ဝါဒမှိုင်းဖြန့်ချီနိုင်ဖို့အတွက် ဒီနည်းပညာပလက်ဖောင်းတွေကို အသုံးပြုနေတာပါ။

အဆိုပါကုမ္ပဏီတွေအနေနဲ့ အရေးယူမှုတွေကို အခုကပဲစတင်လုပ်ဆောင်ဖို့နဲ့ မြန်မာစစ်အုပ်စုရဲ့ ဝါဒမှိုင်းဖြန့်အကောင့်တွေကို ဖျက်သိမ်းပစ်ဖို့ အရေးတကြီး လိုအပ်ပါတယ်။ ဒီလိုလုပ်ဆောင်ခြင်းက လူ့အခွင့်အရေးကို မြှင့်တင်ထိန်းသိမ်းပြီး၊ သုံးစွဲသူတွေကို ကာကွယ်ရာရောက်မှာဖြစ်သလို၊ နိုင်ငံတကာဒဏ်ခတ်ပိတ်ဆို့မှုတွေကို အပြည့်အဝ လိုက်နာရာရောက်မှာလည်း ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။


ဒေါင်းလုတ်ရယူရန် မြန်မာဘာသာ | အင်္ဂလိပ်ဘာသာ

မူရင်းပို့စ်

Announcements


PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Subscribe

Copyright © 2017 - 2026 All Rights Reserved - Progressive Voice (PV)
Website by Bordermedia