10 December 2025

မင်းအောင်လှိုင် ဦးဆောင်သည့် အကြမ်းဖက်စစ်အုပ်စုသည် ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲ၏ ရလဒ်ကို ငြင်းပယ်ကာ ၎င်းတို့စိတ်ကြိုက် ရေးဆွဲပြဌာန်းထားသည့် ၂၀၀၈ အခြေခံဥပဒေနှင့် ဆန့်ကျင်ပြီး နိုင်ငံ့အာဏာကို အဓမ္မ သိမ်းယူခဲ့သည်။ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ၊ ၂၈ ရက်နေ့တွင် အတုအယောင်ရွေးကောက်ပွဲ တရပ်ကို ၂၀၀၈ အခြေခံဥပဒေအောက်တွင် ကျင်းပပြုလုပ်ကာ နိုင်ငံရေးထွက်ပေါက် ရရှိရန် ကြိုးပမ်းလျက်ရှိသည်။
အကြမ်းဖက်စစ်အုပ်စုသည် အာဏာသိမ်းမှုကို လက်မခံဘဲ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ကြသည့် ပြည်သူလူထုကို ရည်ရွယ်ချက်ရှိရှိ အကြမ်းဖက် ဖြိုခွင်းခြင်းဖြင့် လူမျိုးပေါင်းစုံ ပြည်သူလူထု၏ သဘောထားဆန္ဒကို ၎င်းတို့၏ အာဏာတည်မြဲရေးကိစ္စရပ်လောက် အလေးမထားကြောင်း ဖော်ပြခဲ့ပြီး ဖြစ်သည်။ ထို့ပြင် အရပ်သားပြည်သူများကို ပစ်မှတ်ထား၍ ကျေးရွာ၊ စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးပေးခန်းများနှင့် ဘာသာရေးအဆောက်အဦးများအား လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများကို နိုင်ငံအနှံ့တွင် နေ့စဉ် ရက်ဆက် ကျူးလွန်နေသည်။
ထို့ကဲ့သို့ စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို ကျူးလွန်နေသည့် ရာဇဝတ်ကောင် အကြမ်းဖက်စစ်အုပ်စုက ပြုလုပ်မည့် ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတမှု မရှိသည့်အပြင် စစ်မှန်သော ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်သည့် နိုင်ငံရေးဖြစ်စဉ်တခု မဟုတ်ပါ။ စစ်အာဏာရှင်တို့ အသက်ရှူချောင်ရေးအတွက် လုပ်ဆောင်သော နိုင်ငံရေး လှည့်ကွက်တခုသာ ဖြစ်သည်။
ထို့ပြင် စစ်မှန်သော ဒီမိုကရေစီအခြေခံ မဟုတ်သည့် ၂၀၀၈ ခြေ/ဉ ကို ပြန်လည် အသက်သွင်းကာ ပြုလုပ်သည့် ၎င်းရွေးကောက်ပွဲသည် လူမျိုးပေါင်းစုံ ပြည်သူလူထုတရပ်လုံး လိုလားတောင့်တသော ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံရေးအခင်းအကျင်းကို ဖန်တီးနိုင်မည် မဟုတ်ပါ။ ခေတ်အဆက်ဆက် ဖြစ်တည်မှု (identity) အရ လွှမ်းမိုးခံရခြင်းသာမက ဘက်ပေါင်းစုံမှ ဖယ်ကျဉ်ခံထားရသော လီဆူလူမျိုး အပါအဝင် ဌာနေလူမျိုးစုများ၏ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးခွင့်နှင့် အမျိုးသားတန်းတူရေးကို ဖက်ဒရယ်ဒီမိုကရေစီစနစ်ဖြင့်သာ တည်ဆောက်နိုင်မည်ဟု မိမိတို့ လီဆူလူငယ်အစည်းအရုံး အနေဖြင့် အခိုင်အမာ ယုံကြည်ပါသည်။
ထို့ကြောင့် မိမိတို့ လီဆူလူငယ်အစည်းအရုံးသည် အကြမ်းဖက်စစ်အုပ်စုက ပြုလုပ်မည့် အတုအယောင်ရွေးကောက်ပွဲအား ပြင်းပြင်းထန်ထန် ကန့်ကွက် ရှုတ်ချကြောင်းနှင့် လုံးဝ အသိအမှတ် မပြုကြောင်း သဘောထား ထုတ်ပြန်အပ်ပါသည်။
အလုပ်အမှုဆောင်ကော်မတီ
လီဆူလူငယ်အစည်းအရုံး – LYC
ဆက်သွယ်ရန်
Dee Jar Fish – 0994377517
19 May 2026

19 June 2026