ဆွီဒင်ပင်စင်ရံပုံငွေအဖွဲ့များ မြန်မာစစ်တပ်အား ပံ့ပိုးနေသည့်ကုမ္ပဏီများတွင် ရင်းနှီးမြှပ်နှံထား

28 November 2025

ဆွီဒင်ပင်စင်ရံပုံငွေအဖွဲ့များ မြန်မာစစ်တပ်အား ပံ့ပိုးနေသည့်ကုမ္ပဏီများတွင် ရင်းနှီးမြှပ်နှံထား

Swedish Burma Committee၊ Justice For Myanmar နှင့် Fair Finance Guide တို့၏ လေ့လာဆန်းစစ်ချက်အစီရင်ခံစာအသစ်တစ်ခုအရ ဆွီဒင်နိုင်ငံ၏ အမျိုးသားပင်စင်ရံပုံငွေအဖွဲ့များဖြစ်သော AP1၊ AP2၊ AP3၊ AP4 နှင့် AP7 တို့သည် မြန်မာနိုင်ငံ၏ တရားမဝင်စစ်အုပ်စုနှင့် ဆက်နွှယ်နေသော ကုမ္ပဏီ ၁၂ ခုထံတွင် အမေရိကန်ဒေါ်လာ ၄၈၄ သန်းကျော် ရင်းနှီးမြှပ်နှံထားကြောင်း ထုတ်ဖော်နိုင်ခဲ့သည်။

မြန်မာစစ်တပ်သည် ရက်စက်ကြမ်းကြုတ်သည့် ရာဇဝတ်မှုကြီးများ၊ အရပ်သားပြည်သူများအပေါ် လေကြောင်းတိုက်ခိုက်မှုများ၊ လူအများအပြားကို နေရပ်စွန့်ခွာစေမှုများ၊ စနစ်တကျဖိနှိပ်မှုများနှင့် ဆိုးရွားနက်ရှိုင်းလှသည့် လူသားစာနာမှုအကြပ်အတည်းများကို ငါးနှစ်နီးပါးတိုင် အရှိန်မြှင့်ကျူးလွန်လျက်ရှိနေသော်လည်း၊ ဆွီဒင်ပြည်သူ့ပင်စင်ငွေများသည် စစ်တပ်ထံ စစ်လက်နက် ရောင်းချနေသော၊ စောင့်ကြည့်ထောက်လှမ်းရေးဆိုင်ရာများကို ကူညီပေးနေသော သို့မဟုတ် စစ်တပ်ကို ဘဏ္ဍာငွေရင်းမြစ်များ ရှာဖွေပေးအပ်နေသော ကုမ္ပဏီများထံ ဆက်လက်စီးဝင်နေဆဲ ဖြစ်သည်။

AP7 သည် အဆိုပါမသမာကုမ္ပဏီများထံတွင် အကြီးမားဆုံးရင်းနှီးမြှပ်နှံထားသူ ဖြစ်သည်။

အဆိုပါ သုံးသပ်ချက်တွင် ဆွီဒင်ပင်စင်ရံပုံငွေအဖွဲ့ ရင်းနှီးမြှပ်နှံထားသောကုမ္ပဏီများက မြန်မာစစ်တပ်အား ပံ့ပိုးကူညီနေသောကဏ္ဍသုံးခုအကြောင်းကို အလေးပေးဖော်ပြထားသည်။

စစ်လက်နက်များ – အိန္ဒိယကုမ္ပဏီများဖြစ်သည့် Bharat Electronics နှင့် Hindustan Aeronautics ကုမ္ပဏီတို့သည် စစ်တပ်အတွက် စစ်လက်နက်နှင့် စက်ပစ္စည်းကိရိယာများ ထောက်ပံ့ထားသည်။

စောင့်ကြည့်ထောက်လှမ်းရေး – ဂျပန်ကုမ္ပဏီများဖြစ်သည့် KDDI နှင့် Sumitomo တို့သည် စစ်အုပ်စုထိန်းချုပ်ထားသည့် MPT နှင့် မိတ်ဖက်အဖြစ် စီးပွားဖော်ဆောင်ခဲ့ကြပြီး၊ စစ်အုပ်စုသည် တက်ကြွလှုပ်ရှားသူများနှင့် သတင်းသမားများကို ခြေရာခံရန်၊ ဖမ်းဆီးရန်နှင့် ပစ်မှတ်ထားရန်တို့အတွက် ယင်းကုမ္ပဏီများ၏ အချက်အလက်စင်တာများတွင် တရုတ်နိုင်ငံထုတ် “အင်တာနက်ပိတ်ဆို့ရေးမဟာရံစနစ်” ဈေးကွက်ဗားရှင်းကို တပ်ဆင်ထားသည်။

ရေနံနှင့် သဘာဝဓါတ်ငွေ့ ဝင်ငွေများ – ထိုင်းကုမ္ပဏီများဖြစ်သည့် PTT နှင့် PTTEP၊ အိန္ဒိယကုမ္ပဏီ GAIL တို့သည် စစ်အုပ်စုနှင့် လုပ်ဆောင်လျက်ရှိသည့် ကမ်းလွန်သဘာဝဓါတ်ငွေ့စီမံကိန်းများတွင် အစိတ်အပိုင်းအဖြစ် ပါဝင်နေသည်။ ယင်းစီမံကိန်းများသည် စစ်အုပ်စုအတွက်  အဓိကဘဏ္ဍာရေးအသက်သွေးကြောဖြစ်ပြီး၊ စစ်အုပ်စု၏ အကြမ်းဖက်စစ်ဆင်ရေးကိုလည်း ငွေကြေးထောက်ပံ့နေသည်။

ယင်းကုမ္ပဏီများသည် စစ်တပ်က အပြစ်ပေးအရေးယူခံရခြင်းကင်းစွာ ကျူးလွန်နေသော နိုင်ငံတကာရာဇဝတ်မှုများအား အားပေးကူညီနေသည့်အခန်းကဏ္ဍတွင် ပါဝင်နေသည်။

AP ရံပုံငွေအဖွဲ့များအနေဖြင့် မိမိတို့ ရင်းနှီးမြှပ်နှံထားသော ကုမ္ပဏီများအား စစ်အုပ်စုနှင့် ဆက်နွှယ်မှုများ ဖြတ်တောက်ရန်အတွက် ၄င်းတို့၏ ဩဇာအရှိန်အဝါအသုံးပြုရန်၊ ယင်းကုမ္ပဏီများက လိုက်နာမှုမရှိပါက ဆိုးရွားသည့် လူ့အခွင့်အရေးချိုးဖောက်မှုများတွင် ကြံရာပါပတ်သက်မှုကို ရှောင်ရှားရန်အတွက် ရင်းနှီးမြှပ်နှံမှုများ ရုတ်သိမ်းရန် ကျွန်ုပ်တို့တောင်းဆိုပါသည်။


မူရင်းပို့စ် 

အနှစ်ချုပ်အား အင်္ဂလိပ်ဘာသာဖြင့် ဖတ်ရန် 

Announcements


PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Subscribe

Copyright © 2017 - 2026 All Rights Reserved - Progressive Voice (PV)
Website by Bordermedia