11 November 2025

ayus:Network of Buddhists Volunteers on International Cooperation
Pacific Asia Resource Center (PARC)
Friends of the Earth Japan
Justice For Myanmar
Japan International Volunteer Center (JVC)
Network Against Japan Arms Trade (NAJAT)
Mekong Watch
မြန်မာစစ်တပ်၏ နိုင်ငံတကာရာဇဝတ်မှုများနှင့် ပတ်သက်ဆက်နွှယ်နေပြီး၊ ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခံထားရသည့် မြန်မာခရိုနီဘဏ် UAB နှင့် မိတ်ဖက်ပြုလုပ်ဆောင်နေမှုများအပေါ် စုံစမ်းမေးမြန်းထားသည့်ပေးစာကို တုန့်ပြန်ဖြေကြားခြင်းမရှိသည့်အတွက် Justice For Myanmar၊ Mekong Watch နှင့် ဂျပန်အဖွဲ့အစည်း ၅ ခုတို့က ဂျပန်ငွေပေးချေမှုကုမ္ပဏီ JCB Co. Ltd. အား ပြစ်တင်ဝေဖန်လိုက်သည်။
အဆိုပါပေးစာကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်နေ့တွင် မြန်မာနှင့် ဂျပန်အဖွဲ့အစည်းများက ပူးတွဲပေးပို့ ခဲ့ခြင်းဖြစ်သည်။ ယင်းပေးစာတွင် မြန်မာနိုင်ငံအတွင်း JCB ဘဏ်ကဒ်များအတွက် ကိုယ်စားငွေကောက် ခံရှင်းလင်းသူအဖြစ် ဆောင်ရွက်သည့် UAB ဘဏ်နှင့် စီးပွားရေးဆက်နွှယ်မှုများ ဆက်လက်ရှိနေမှု အပေါ် လူ့အခွင့်အရေးဆိုင်ရာ အထူးစိုးရိမ်မှုများအဖြစ် ထောက်ပြခဲ့သည်။ ယနေ့အချိန်အထိ JCB သည် ယင်းအပေါ် နှုတ်ဆိတ်နေဆဲ ဖြစ်သည်။
မြန်မာစစ်တပ်၏ အဆင်ခြင်မဲ့ လေကြောင်းတိုက်ခိုက်မှုများနှင့် UAB ၏ အခန်းကဏ္ဍ
မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်သည် United Amara Bank ဟု ယခင်သိကြသည့် UAB ဘဏ်အား မြန်မာစစ်တပ်ထံ လေယာဉ်ဆီ ထောက်ပံ့ရောင်းချနေသည့် ကုမ္ပဏီများအတွက် ငွေပေးချေမှု ဝန်ဆောင်ပေးသော ဘဏ္ဍာရေးအဖွဲ့အစည်းတစ်ခုအဖြစ် ၂၀၂၄ ခုနှစ်၊ ဇွန်လတွင် ဖော်ပြမှတ်တမ်းတင်ခဲ့သည်။ ၄င်းက “စစ်အုပ်စု၏ အရပ်သားပြည်သူများအပေါ် အဆင်ခြင်မဲ့လေကြောင်းတိုက်ခိုက်မှုများဖြင့် အကြမ်းဖက်ခြိမ်းခြောက်နိုင်စွမ်းသည် ၎င်းတို့၏ ဂျက်လေယာဉ်များနှင့် ရဟတ်ယာဥ်များ ပျံသန်းနိုင်ရန်အတွက် လိုအပ်သော လေယာဉ်ဆီ ဝယ်ယူရရှိနိုင်မှုအပေါ်တွင် တိုက်ရိုက်မှီခိုနေကြောင်း” မှတ်ချက်ပြုရေးသားခဲ့သည်။
ကုလသမဂ္ဂအထူးကိုယ်စားလှယ်သည် ဘဏ္ဍာရေးအဖွဲ့အစည်းများအား UAB နှင့် ရှိနှင့်ထားပြီးဖြစ်သည့် ဆက်ဆံရေးများကို ရပ်တန့်ရန် အထူးတိုက်တွန်းခဲ့သည်။
စစ်အုပ်စုသည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအတွင်း အတုအယောင်ရွေးကောက်ပွဲတစ်ရပ်အား ကျင်းပရန် ပြင်ဆင်နေသည်ဖြစ်ရာ ကလေးသူငယ်များအပါအဝင် အရပ်သားပြည်သူများ အစုလိုက်အပြုံလိုက် သေကြေစေသည့် အဆင်ခြင်မဲ့လေကြောင်းတိုက်ခိုက်မှုများအား တိုးမြှင့်လုပ်ဆောင်လာပြီး၊ လူနေကျေးရွာများ၊ စာသင်ကျောင်းများနှင့် ဆေးရုံဆေးခန်းများအား ဖျက်ဆီးခဲ့သည်။
ဒဏ်ခတ်ပိတ်ဆို့ခံ IGE Group နှင့် UAB ၏ ဆက်နွှယ်မှုများ
UAB ဘဏ်သည် IGE ကုမ္ပဏီများအုပ်စုနှင့် နက်နက်ရှိုင်းရှိုင်း ပတ်သက်ဆက်နွှယ်နေသည့် ဘဏ်ဖြစ်သည်။ ယင်းကုမ္ပဏီအုပ်စု၏ အဓိကကုမ္ပဏီဖြစ်သည့် International Group of Entrepreneurs Co. Ltd. (IGE) သည် အရေးပါသည့် ခရိုနီစီးပွားရေးလုပ်ငန်းစုကြီးတစ်ခုဖြစ်ပြီး၊ မြန်မာစစ်တပ်ထိပ်ပိုင်းခေါင်းဆောင်များနှင့် နီးကပ်သည့်ဆက်ဆံရေးရှိမှုများနှင့် ရခိုင်ပြည်နယ်အတွင်း စစ်တပ်၏ “၂၀၁၇ နယ်မြေရှင်းလင်းစစ်ဆင်ရေးများ” တွင် ဘဏ္ဍာငွေပံ့ပိုးကူညီမှုများအတွက် အီးယူက ယင်းကုမ္ပဏီအား ၂၀၂၂ ခုနှစ်တွင် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခဲ့သည်။ လူပေါင်း ၇၀၀,၀၀၀ ကျော်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အဓမ္မနှင်ထုတ်ခဲ့သည့် အဆိုပါစစ်ဆင်ရေးသည် လူမျိုးပြုန်းစေမှုကို တားဆီးရေးနှင့် ပြစ်ဒဏ်ပေးရေး နိုင်ငံတကာသဘောတူစာချုပ်ကို ချိုးဖောက်စေသည့်အတွက် မြန်မာနိုင်ငံသည် အပြည်ပြည်ဆိုင်ရာတရားရုံးတွင် တရားရင်ဆိုင်နေရသည်။
အီးယူနှင့် ကနေဒါတို့က ဒဏ်ခတ်ပိတ်ဆို့ထားသည့် IGE တည်ထောင်သူနှင့် ဥက္ကဌဖြစ်သူ နေအောင်သည် IGE အား အီးယူက ဒဏ်ခတ်ပိတ်ဆို့မှုချမှတ်ပြီး လေးရက်အကြာတွင် UAB ဒါရိုက်တာဘုတ်အဖွဲ့မှ နှုတ် ထွက်ခဲ့သည်။ မြန်မာကုမ္ပဏီမှတ်ပုံတင်ဌာန၏ အချက်အလက်များအရ နေအောင်နှင့် ဇနီးတို့သည် အီးယူ ဒဏ်ခတ်ပိတ်ဆို့မှုအပြီး ရက်သတ္တပတ်အနည်းငယ်အတွင်း UAB မှ ၎င်းတို့၏ ရှယ်ယာများအား အမည်ခံရှေ့ထွက်ရှယ်ယာရှင်များဟု အများသင်္ကာမကင်းဖြစ်သည့် ဟန်ပြကုမ္ပဏီနှစ်ခုထံ လွှဲပြောင်းခဲ့သည်။
IGE Group ၏ စီအီးအိုဖြစ်သူ သန်းဝင်းဆွေသည် UAB တွင် ဒါရိုက်တာတစ်ဦးအဖြစ်လည်းကောင်း၊ နောက်ထပ် UAB ဒါရိုက်တာတစ်ဦးဖြစ်သူ သန့်ဇင်သည် IGE Group ၏ ကုမ္ပဏီခွဲ Future Creator Group Construction ၏ ဘုတ်အဖွဲ့ဝင်အဖြစ်လည်းကောင်း ပါဝင်နေခဲ့ခြင်းအားဖြင့် UAB သည် ၂၀၂၂ ခုနှစ်အထိ IGE Group နှင့် ဆက်လက်ပတ်သက်ဆက်နွှယ်နေခဲ့သည်။
ယင်းဆက်နွှယ်မှုများက နေအောင်နှင့် IGE တို့အနေဖြင့် ၎င်းတို့၏ အမည်ခံ ရှေ့ထွက်လူများမှတဆင့် UAB အပေါ် ဆက်လက်ထိန်းချုပ်နေကြောင်း ခိုင်ခိုင်မာမာ ပြသနေပြီး၊ ယင်းသည် UAB အနေဖြင့် ခရိုနီ IGE စီးပွားရေးကွန်ရက်၏ အစိတ်အပိုင်းအဖြစ်ရှိနေကြောင်းနှင့် အီးယူနှင့် ကနေဒါ ဒဏ်ခတ်ပိတ်ဆို့မှုများတွင် အကြုံးဝင်သက်ဆိုင်ကြောင်းကို ညွှန်းဆိုနေသည်။
UAB၊ IGE နှင့် နေအောင်တို့အကြား သီးခြားစီဖြစ်ဟန် ပုံမှားရိုက်ခြင်းမျိုးဖြင့် ပိုင်ဆိုင်မှုလွှဲပြောင်းခြင်းကို အချိန်ကိုက်လုပ်ဆောင်ခြင်းသည် ဒဏ်ခတ်ပိတ်ဆို့မှုများအား ရှောင်ရှားရန် ကြိုးပမ်းမှုတစ်ရပ်သာ ဖြစ်ကြောင်း ညွှန်ပြနေသည်။
လူ့အခွင့်အရေးဆိုင်ရာ တင်ကြိုစိစစ်မှုအပေါ် JCB ၏ နှုတ်ဆိတ်နေမှု
အရပ်ဘက်အဖွဲ့အစည်းများသည် JCB ထံ စာရေးသားပေးပို့၍ အဓိကမေးခွန်းသုံးခုကို မေးမြန်းခဲ့သည်။
၁။ JCB အနေဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၁ ရက်နေ့ အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း မြန်မာ နိုင်ငံအတွင်း ၄င်း၏စီးပွားရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ လူ့အခွင့်အရေးဆိုင်ရာတင်ကြိုစိစစ်မှုများ လုပ်ဆောင်ထားခဲ့ခြင်းရှိမရှိနှင့် အကယ်၍ ရှိခဲ့ပါက တွေ့ရှိချက်များအား အများပြည်သူထံ ထုတ်ပြန်ရန်။
၂။ UAB နှင့် မိတ်ဖက်ဆောင်ရွက်နေခြင်းဖြင့် နိုင်ငံတကာရာဇဝတ်မှုများတွင် ပါဝင်ကူညီရာရောက်မှု သို့မဟုတ် ကြံရာပါပတ်သက်မှု အန္တရာယ်များကို ဆန်းစစ်ရန်နှင့် လျှော့ချရန်အတွက် JCB အနေဖြင့် တိကျခိုင်မာသော လုပ်ဆောင်မှုများကို မည်သို့လုပ်ဆောင်ခဲ့သည် ဆိုသည်နှင့်။
၃။ ကုလသမဂ္ဂအထူးကိုယ်စားလှယ်က ဘဏ္ဍာရေးအဖွဲ့အစည်းများအား လုပ်ဆောင်ရန် တောင်းဆို မှုများ ရှိနေသည့်အချိန်တွင် UAB နှင့် မိတ်ဖက်ဆောင်ရွက်နေမှုကို JCB အနေဖြင့် ရပ်တန့်ရန် ရည်ရွယ်မှုရှိမရှိတို့ ဖြစ်သည်။
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလအထိ JCB သည် မည်သည့်မေးခွန်းကိုမျှ တုန့်ပြန်ဖြေကြားခဲ့ခြင်း မရှိပေ။
Mekong Watch ၏ အမှုဆောင်ဒါရိုက်တာ ယုကကီဂူချီက “မိမိတို့ရဲ့ စီးပွားမိတ်ဖက်တွေက မြန်မာနိုင်ငံတွင်း အကြီးအကျယ်ဒုက္ခဖြစ်နေစေတဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အားပေးကူညီဖွယ်ရှိနေချိန်မျိုးမှာ ဂျပန်ကုမ္ပဏီတွေအနေနဲ့ မျက်ကွယ်ပြု မသိကျိုးကျွံ မပြုသင့်ပါဘူး။ UAB နဲ့ မိတ်ဖက်ဆောင်ရွက်မှုအပေါ် မေးခွန်းတွေကို လျစ်လျူရှုခဲ့တဲ့ JCB က သူတို့ရဲ့အကြွေးဝယ်ကဒ်ဟာ ဂျပန်နိုင်ငံရဲ့ တစ်ခုတည်းသော နိုင်ငံတကာအသိအမှတ်ပြု အကြွေးဝယ်ကဒ် အမျိုးအစားဖြစ်ကြောင်း အများပြည်သူထံ ဆိုထားပါတယ်။ ဒါပေမယ့် သူတို့ရဲ့စီးပွားရေး လုပ်နည်းလုပ်ဟန်တွေကတော့ ကော်ပိုရိတ်ပွင့်လင်းမြင်သာမှုနဲ့ လူ့အခွင့်အရေး လေးစားလိုက်နာမှုတို့လို အခြေခံအကျဆုံး နိုင်ငံတကာစံနှုန်းတွေမှာတောင် လိုက်နာဆောင်ရွက်ဖို့ ပျက်ကွက်နေပါတယ်။ မိမိတို့အရပ်ဘက်အဖွဲ့တွေရဲ့ စုံစမ်းမေးမြန်းမှုအပေါ် အမြန်ဆုံး တုန့်ပြန်ဖြေကြားဖို့ JCB ကို တိုက်တွန်းပါတယ်” ဟု ပြောကြားခဲ့သည်။
Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “JCB အနေနဲ့ စစ်အုပ်စုရဲ့ လေယာဉ်ဆီထောက်ပံ့ရေးကွင်းဆက်မှာ ဆက်နွှယ်ပါဝင်နေတဲ့ ဒဏ်ခတ်ပိတ်ဆို့ခံ ခရိုနီပိုင်ဘဏ်နဲ့ မိတ်ဖက်အဖြစ် ဆက်လက်ရှိနေတာက လက်မခံနိုင်စရာကိစ္စ ဖြစ်ပါတယ်။ စစ်အုပ်စုက ၎င်းတို့ အတုအယောင်ရွေးကောက်ပွဲမတိုင်မီ နိုင်ငံတဝန်း လေကြောင်းတိုက်ခိုက်မှုတွေ အရှိန်မြှင့် လုပ်ဆောင်နေချိန်မှာတောင် ဒီစီးပွားဆက်ဆံမှုတွေက ဆက်လက်ရှိနေတာဖြစ်ပါတယ်။ JCB အနေနဲ့ ဆက်လက်ရေငုံနှုတ်ပိတ်နေဖို့ မဖြစ်နိုင်သလို၊ ပုံမှန်အတိုင်း စီးပွားရေးဆက်လက်လုပ်ဆောင်ဖို့ရာလည်း မဖြစ်နိုင်ပါဘူး။ ၎င်းတို့အနေနဲ့ မိမိတို့လိုက်နာရမယ့် နိုင်ငံတကာလူ့အခွင့်အရေးတာဝန်တွေကို လိုက်နာရမှာဖြစ်ပြီး၊ မြန်မာနိုင်ငံတွင်း စစ်ရာဇဝတ်မှုတွေကို ကူညီအားပေးနေတဲ့ ဘယ်စီးပွားရေးလုပ်ငန်းကိုမဆို ပံ့ပိုးကူညီတာမျိုးတွေ မလုပ်ဖို့ လိုအပ်ပါတယ်” ဟု ပြောကြားခဲ့သည်။
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်နေ့တွင် JCB ထံ ပေးပို့ခဲ့သည့် အရပ်ဘက်အဖွဲ့အစည်းများ၏ ပေးစာကို ဖတ်ရှုရန်။ https://shorturl.at/skFTL (ဂျပန်ဘာသာ၏ အောက်တွင် အင်္ဂလိပ်ဘာသာပြန်ဆိုမှု ပါဝင်ပါသည်)
19 May 2026

16 June 2026