ဘာမြူဒါနှင့် ကေမန်ကျွန်းစုများအနေဖြင့် JFM က တိုင်ကြားခဲ့ပြီးနောက်ပိုင်း မြန်မာဒဏ်ခတ်ပိတ်ဆို့မှုများအား ချိုးဖောက်ဖွယ်သံသယရှိသည့် ရေနံကုမ္ပဏီများအပေါ် အရေးယူဆောင်ရွက်ရမည်

3 November 2025

ဘာမြူဒါနှင့် ကေမန်ကျွန်းစုများအနေဖြင့် JFM က တိုင်ကြားခဲ့ပြီးနောက်ပိုင်း မြန်မာဒဏ်ခတ်ပိတ်ဆို့မှုများအား ချိုးဖောက်ဖွယ်သံသယရှိသည့် ရေနံကုမ္ပဏီများအပေါ် အရေးယူဆောင်ရွက်ရမည်

ဗြိတိသျှပင်လယ်ရပ်ခြားပိုင်နယ်မြေများတွင် အခြေစိုက်သည့် ရေနံကုမ္ပဏီများသည် မြန်မာစစ်တပ်၏ ၂၀၂၁     ခုနှစ် အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း တရားမဝင်စစ်အုပ်စုအတွက် အခွန်ဝင်ငွေ အမေရိကန် ဒေါ်လာသန်းရာပေါင်းများစွာကို ရရှိစေခဲ့ပြီး၊ ယူကေဒဏ်ခတ်ပိတ်ဆို့မှုများအပေါ် သံသယဖြစ်ဖွယ် ချိုးဖောက်မှုများ ပြုလုပ်ခဲ့သည်။

ယင်းကုမ္ပဏီများတွင် စစ်အုပ်စုထိန်းချုပ်ထားသော မြန်မာ့ရေနံနှင့်သဘာဝဓါတ်ငွေ့လုပ်ငန်း (MOGE) နှင့် ထိုင်း စွမ်းအင်ကုမ္ပဏီကြီး PTT Exploration and Production Public Company Limited (PTTEP) တို့အကြားရှိ ဖက်စပ်ကုမ္ပဏီနှစ်ခုလည်း ပါဝင်သည်။ အဆိုပါကုမ္ပဏီများအကြောင်း Justice For Myanmar က အာဏာပိုင်များထံ အသိပေးအကြောင်းကြားပြီးနောက် ၁၈ လကြာသည့် ယခုအချိန်အထိ ယင်းကုမ္ပဏီများသည် ဗြိတိသျှပင်လယ်ရပ်ခြားပိုင်နယ်မြေများအတွင်း ဆက်လက်လည်ပတ်ရပ်တည်နေဆဲဖြစ်သည်။

MOGE သည် မြန်မာစစ်အုပ်စုအတွက် တစ်ခုတည်းသော အကြီးဆုံး နိုင်ငံခြားဝင်ငွေရင်းမြစ်တစ်ခု ဖြစ်ပြီး၊ ပြည်သူများအပေါ် ကျူးလွန်လျက်ရှိသည့် စစ်ရာဇဝတ်မှုများ လုပ်ဆောင်နိုင်ရန် လိုအပ်သည့် လေယာဉ်ဆီနှင့် စစ်လက်နက်များအတွက် ဘဏ္ဍာငွေ ထောက်ပံ့လျက်ရှိသည်။

ဘာမြူဒါနှင့် ကေမန်ကျွန်းစုများ၏ အာဏာပိုင်များအနေဖြင့် အဆိုပါရေနံကုမ္ပဏီများအား စုံစမ်းစစ်ဆေးခြင်း၊ ကျူးလွန်မှုများအတွက် အရေးယူတာဝန်ခံစေခြင်းနှင့်် မိမိတို့အာဏာပိုင်နယ်မြေအတွင်း စစ်အုပ်စုစီးပွားရေးများကို အဆုံးသတ်ခြင်းများ လုပ်ဆောင်ခြင်းဖြင့် ယူကေဒဏ်ခတ်ပိတ်ဆို့မှုများကို အပြည့်အဝ အသက်သွင်းလုပ်ဆောင်ရမည်ဖြစ်သည်။

Justice For Myanmar သည် ယူကေ၏ မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုပြဌာန်းချက် ၂၀၂၁ ခုနှစ်၊ ၄င်းမှထပ်ဆင့် မြန်မာဒဏ်ခတ်ပိတ်ဆို့မှုဆိုင်ရာ (ပင်လယ်ရပ်ခြားပိုင်နယ်မြေများ) အမိန့် ၂၀၂၁ တို့အား သံသယဖြစ်ဖွယ် ချိုးဖောက်မှုများအအပေါ် မှတ်တမ်းပြုထားသော အသေးစိတ်အထောက်အထားများ ပါရှိသည့် ဥပဒေကြောင်းဆိုင်ရာ တိုင်ကြားချက်တစ်ရပ်အား ကေမန်ကျွန်းစုများနှင့် ဘာမြူဒါအစိုးရများထံ ၂၀၂၄ ခုနှစ်၊ ဧပြီလက တင်သွင်းတိုင်ကြားခဲ့သည်။

Justice For Myanmar သည် မြန်မာနိုင်ငံ၏ အကြီးမားဆုံးနှင့် အကျိုးအမြတ်အများဆုံး ကမ်းလွန်ဓာတ်ငွေ့ တူးဖော်ရေးအကွက်အချို့မှ ဓာတ်ငွေ့များကို တူးဖော်သယ်ယူပို့ဆောင်နေသည့် အောက်ပါကုမ္ပဏီများအား ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုစည်းမျဉ်းများ ချိုးဖောက်မှုရှိသည်ဟု သံသယဖြစ်ဖွယ်အကြောင်းများဖြင့် ကေမန်ကျွန်းစုများနှင့် ဘာမြူဒါအာဏာပိုင်များထံ တိုင်ကြားခဲ့သည်။ ယင်းကုမ္ပဏီများမှာ –

PTTEP Offshore Investment Company Limited (PTTEPO) သည် ထိုင်းအများပိုင်နှင့် အစိုးရတစ်စိတ်တစ်ပိုင်းပိုင် PTTEP ၏ ကုမ္ပဏီခွဲတစ်ခုဖြစ်သည်။ ကေမန်ကျွန်းစုများတွင် မှတ်ပုံတင်ထားသည့် PTTEPO သည် ဗြိတိသျှပင်လယ်ရပ်ခြားပိုင်နယ်မြေများတွင် MOGE နှင့် အနည်းဆုံး ဖက်စပ်လုပ်ငန်းနှစ်ခုတွင် များပြားသောရင်းနှီးမြှုပ်နှံမှုများကို ပိုင်ဆိုင်ထားသည်။ (အောက်တွင် ကြည့်ရှုပါ)

PTTEPO ၏ ဖက်စပ်လုပ်ငန်းတစ်ခုမှာ ကေမန်ကျွန်းစုများတွင် မှတ်ပုံတင်ထားသည့် Andaman Transportation Limited (ATL) ဖြစ်ပြီး၊ ဇောတိကစီမံကိန်း (ကမ်းလွန်လုပ်ကွက် M9 နှင့် M11 ) မှ သဘာဝဓါတ်ငွေ့များကို ထိုင်းနိုင်ငံသို့ သယ်ယူပို့ဆောင်ပေးသည်။ ATL ကုမ္ပဏီကို PTTEPO က ၈၀ ရာခိုင်နှုန်းနှင့် MOGE က ၂၀ ရာခိုင်နှုန်း ပိုင်ဆိုင်သည်။ လက်ရှိ ATL ကုမ္ပဏီတွင် MOGE ကိုယ်စားပြု ဘုတ်အဖွဲ့ဝင်ဒါရိုက်တာနှစ်ဦး ပါဝင်နေပြီး၊ တစ်ဦးသည် MOGE ၏ ဘဏ္ဍာရေးဌာန၏ ဒါရိုက်တာဖြစ်ပြီး၊ နောက်တစ်ဦးသည် စီမံကိန်းဌာန၏ ဒါရိုက်တာ ဖြစ်သည်။

PTTEPO ၏ နောက်ဖက်စပ်ကုမ္ပဏီတစ်ခုမှာ ဘာမြူဒါတွင် မှတ်ပုံတင်ထားသည့် Moattama Gas Transportation Company Limited (MGTC) ဖြစ်ပြီး၊ ရတနာစီမံကိန်း (ကမ်းလွန်လုပ်ကွက် M5 နှင့် M6) မှ သဘာဝဓါတ်ငွေ့များကို ထိုင်းနိုင်ငံအတွင်းသို့ သယ်ယူပို့ဆောင်သည့် ပိုက်လိုင်းအား ကြီးကြပ်လုပ်ကိုင်သည့် ကုမ္ပဏီ ဖြစ်သည်။ MGTC ကို PTTEPO က ၆၃ ရာခိုင်နှုန်းပိုင်ဆိုင်ပြီး၊ MOGE က ၃၇ ရာခိုင်နှုန်း ပိုင်ဆိုင်ပြီး၊ MOGE ကိုယ်စားပြု ဒါရိုက်တာနှစ်ဦးလည်း ပါဝင်နေသည်။

Unocal Myanmar Company Limited သည် အမေရိကန် ရေနံကုမ္ပဏီကြီး Chevron Corporation ၏ ဘာမြူဒါအခြေစိုက် လက်အောက်ခံကုမ္ပဏီဖြစ်သည်။  Chevron Corporation သည် ၂၀၂၄ ခုနှစ်အတွင်း မြန်မာနိုင်ငံမှ ၎င်းတို့မထွက်ခွာမီအချိန်အထိ ရတနာစီမံကိန်းနှင့် ယင်း၏ပိုက်လိုင်းကုမ္ပဏီ MGTC တွင် အဓိကရင်းနှီးမြှုပ်နှံသူဖြစ်ခဲ့ပြီး၊ ၄၁ ရာခိုင်နှုန်း (၂၀၂၂ ခုနှစ်၊ ဇူလိုင်လတွင် TotalEnergies ထွက်ခွာသွားပြီးနောက် ယခင် ၂၈.၂၆ ရာခိုင်နှုန်းမှ တိုးမြင့်ပိုင်ဆိုင်လာခြင်းဖြစ်) ကို ပိုင်ဆိုင်ခဲ့သည်။  Unocal Myanmar  ကုမ္ပဏီသည် ဘာမြူဒါတွင် ဆက်လက်မှတ်ပုံတင်ထားဆဲ ဖြစ်သည်။

  ယူကေ ၏ ဒဏ်ခတ်ပိတ်ဆို့မှုများက MOGE အပေါ် မည်သို့ သက်ရောက်မည်နည်း

၂၀၂၁ ခုနှစ်အတွင်း ယူကေနိုင်ငံသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (နစက) အား ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ခဲ့သည်။ ယင်းအဖွဲ့သည် တရားမဝင်အာဏာသိမ်းကြိုးပမ်းမှု၏ အစိတ်အပိုင်းအဖြစ် ဖန်တီးခဲ့သည့် မြန်မာစစ်အုပ်စု၏ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေးအဖွဲ့ ဖြစ်သည်။

နစကသည် MOGE အား ထိန်းချုပ်၊ ပိုင်ဆိုင်ထားပြီး၊ အကျိုးအမြတ်များ ရရှိနေသည်။ ယင်းမှာ ယူကေဒဏ်ခတ်ပိတ်ဆို့မှုများသည် MOGE အပေါ်တွင်ပါသက်ရောက်ကြောင်း အဓိပ္ပါယ်ရပြီး ထို့ကြောင့်ပင် ယူကေ ပိုင်နက်နယ်မြေများတွင် မှတ်ပုံတင်ထားသည့် မည်သည့်ကုမ္ပဏီမဆို MOGE နှင့် စီးပွားရေးလုပ်ဆောင်ခြင်းကို တားမြစ်ပိတ်ပင်မှုများထားရှိသင့်သည်။

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့တွင် စစ်အုပ်စုသည် ၎င်းတို့၏ တရားမဝင်အာဏာသိမ်းမှု၏ အစိတ်အပိုင်းအဖြစ်လည်းကောင်း၊ အတုအယောင်ရွေးကောက်ပွဲမတိုင်မီ ပြင်ဆင်မှုအဖြစ် လည်းကောင်း နစကကို ဖျက်သိမ်းခဲ့ပြီး၊ “နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် (နလအက)” ဖြင့် အမည်ပြောင်းအစားထိုးခဲ့သည်။

နလအကကို ယူကေ ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ခံထားရသူများဖြစ်သည့် မင်းအောင်လှိုင်က ဥက္ကဌအဖြစ်လည်းကောင်း၊ စိုးဝင်းက ဒုဥက္ကဌအဖြစ်လည်းကောင်း ထိန်းချုပ်ထားသည်။ ယင်း နလအက၏ အတွင်းရေးမှူးနှစ်ဦးဖြစ်ကြသည့် အောင်လင်းဒွေးနှင့် ရဲဝင်းဦးတို့သည်လည်း ယူကေ၏ ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ခံထားရသူများပင် ဖြစ်သည်။

  စစ်အုပ်စုရက်စက်ကြမ်းကြုတ်မှုကြီးများကို ဘဏ္ဍာငွေထောက်ပံ့နေသည့် ရေနံနှင့်သဘာဝဓါတ်ငွေ့

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ တရားမဝင် အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း မြန်မာစစ်တပ်သည် အစုလိုက် အပြုံလိုက်သတ်ဖြတ်မှုများ၊ ဥပဒေမဲ့ဖမ်းဆီးမှုများ၊ စစ်ဘက်၊ အရပ်ဘက် မခွဲခြားသော အဆင်ခြင်မဲ့ လေကြောင်းတိုက်ခိုက်မှုများ၊ မုဒိန်းကျင့်မှုများနှင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ၊ ညှဉ်းပန်းနှိပ်စက်မှုများ၊ ရည်ရွယ်ချက်ရှိရှိ ကျေးရွာများအား မီးရှို့ဖျက်ဆီးမှုများ ကျူးလွန်ကာ နိုင်ငံတဝန်း အကြမ်းဖက်စစ်ဆင်ရေးကို လုပ်ဆောင်လျက်ရှိပြီး စစ်အုပ်စု၏ အကြမ်းဖက်စစ်ဆင်ရေးအတွင်း သား‌ကောင်ဖြစ်ခံရမှုများတွင် ကလေးသူငယ်များ ပါဝင်လာမှုကလည်း ပိုမိုမြင့်တက်လျက်ရှိသည်။

အဆိုပါနိုင်ငံတကာရာဇဝတ်မှုများကို ရေနံနှင့်သဘာဝဓါတ်ငွေ့ကဏ္ဍမှ အခွန်ဝင်ငွေများဖြင့် ငွေကြေးထောက်ပံ့နေသည်။

ကမ်းလွန်လုပ်ကွက်များမှ သဘာဝဓါတ်ငွေ့များ တင်ပို့သည့် ပိုက်လိုင်းကုမ္ပဏီများသည် စစ်အုပ်စုထံ ဘဏ္ဍာငွေ ဆက်လက်စီးဝင်နေမှုတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်နေသည်။ ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ သုံးနှစ်အတွင်း ပိုက်လိုင်းကုမ္ပဏီများဖြစ်ကြသည့် MGTC နှင့် ATL တို့သည် ဗြိတိသျှအပူတိုင်းယူနစ် တစ်ကွာဒရီလီရမ်ကျော် (MMBTU တစ် ဘီလီယံကျော်) သဘာဝဓါတ်ငွေ့များကို ထိုင်းနိုင်ငံသို့ ပေးပို့ခဲ့သည်။

PTTEP ၏ ဘဏ္ဍာရေးရှင်းတမ်းများအား Justice For Myanmar နှင့် ယူကေအခြေစိုက် ဂျာနယ်လစ်ဇင် အဖွဲ့အစည်းဖြစ်သည့် Finance Uncovered တို့၏ ဆန်းစစ်သုံးသပ်မှုအရ MGTC နှင့် ATL တို့သည် ၂၀၂၁ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်အတွင်း ပိုက်လိုင်းလုပ်ငန်းမှ ဝင်ငွေပေါင်း အနည်းဆုံး အမေရိကန်ဒေါ်လာ ၁.၀၇၈ ဘီလီယံကို ရှာဖွေနိုင်ခဲ့ကြောင်း တွေ့ရသည်။ ရှယ်ယာအနည်းစုပိုင်ရှင်ဖြစ်သည့် MOGE သည် အမေရိကန်ဒေါ်လာ ၂၃၉ သန်း ရှိခဲ့လိမ့်မည် ဖြစ်သည်။

ဘာမြူဒါနှင့် ကေမန်ကျွန်းစုများသည် လျှို့ဝှက်သည့်အာဏာပိုင်နယ်မြေများဖြစ်သည့်အလျှောက် ATL နှင့် MGTC တို့သည် မည်သည့်အများပြည်သူဆိုင်ရာငွေကြေးရှင်းတမ်းကိုမျှ ထုတ်ပြန်ထားခြင်း မရှိပေ။ သို့ရာတွင် လျှို့ဝှက်ပေါက်ကြားလာသည့် ဘဏ္ဍာရေးရှင်းတမ်းများကို အသုံးပြု၍ စစ်အုပ်စုအနေဖြင့် ၂၀၂၁ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်အတွင်း အခွန်ဝင်ငွေ အမေရိကန်ဒေါ်လာ သန်းရာပေါင်းများစွာကို ရရှိလိမ့်မည်ဖြစ်ကြောင်း Justice For Myanmar နှင့် Finance Uncovered တို့က ခန့်မှန်းခဲ့သည်။

MGTC နှင့် ATL တို့အတွက် ဘဏ္ဍာရေးရှင်းတမ်းများ ပေါက်ကြားလာသည်များကို ဆန်းစစ်သုံးသပ်မှုအတွင်း ယင်းကုမ္ပဏီများသည် အာဏာသိမ်းကြိုးပမ်းမှုမတိုင်မီ ၂၀၁၈ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်များအတွင်း မြန်မာအစိုးရထံ အခွန်နှင့် အမြတ်ဝေစု အမေရိကန်ဒေါ်လာ ၅၇၀ သန်းကျော်ကို ပေးချေခဲ့ကြောင်း ဖော်ပြနေသည်။

Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “စစ်တပ်ရဲ့ တရားမဝင် အာဏာသိမ်းကြိုးပမ်းမှု ငါးနှစ်နီးပါး ရောက်လာတဲ့အချိန်အထိ ဗြိတိသျှပင်လယ်ရပ်ခြားပိုင် နယ်မြေတွေမှာ မြန်မာစစ်အုပ်စုဆက်နွှယ်ကုမ္ပဏီတွေ ဆက်လက်လည်ပတ်‌နေတာဟာ လက်ခံနိုင်စရာ အကြောင်းမရှိပါဘူး။

ဒီကုမ္ပဏီတွေဟာ ကလေးသူငယ်တွေကို သတ်ဖြတ်တာတွေ၊ စာသင်ကျောင်းတွေ၊ ဆေးရုံတွေကို ဗုံးကျဲတိုက်ခိုက်တာတွေကိုအပြစ်ပေးအရေးယူခံရမှုကင်းလွတ်စွာနဲ့ လုပ်ဆောင်နေတဲ့ တရားမဝင် စစ်အုပ်စုကို ငွေကြေးထောက်ပံ့နေတာ ဖြစ်ပါတယ်။

ကေမန်ကျွန်းစုများနဲ့ ဘာမြူဒါအာဏာပိုင်တွေဆီကို ဥပဒေရေးရာတိုင်ကြားချက်တွေ တင်သွင်းခဲ့တာ ၁၈ လ ကြာခဲ့ပြီးဖြစ်ပြီး၊ အရေးယူဆောင်ရွက်မှုတွေ ကြန့်ကြာတာကြောင့် အသက်တွေ ဆုံးရှုံးနေရပါတယ်။ အာဏာပိုင်တွေအနေနဲ့ အခုချက်ချင်း အရေးယူဆောင်ရွက်ဖို့ လိုအပ်ပါတယ်။

ဘာမြူဒါနဲ့ ကေမန်ကျွန်းစုတွေရဲ့ အာဏာပိုင်တွေအနေနဲ့ ယူကေဒဏ်ခတ်ပိတ်ဆို့မှုတွေကို အသက်ဝင်အောင် လုပ်ဆောင်ရမှာဖြစ်ပါတယ်။ ဒီကုမ္ပဏီတွေကို အပြည့်အဝစုံစမ်းစစ်ဆေးရမှာ ဖြစ်ပြီး၊ တရားမဝင်စစ်အုပ်စုကို မိမိတို့နယ်မြေများအတွင်း စီးပွားရေးလုပ်ဆောင်နေတာတွေကို ရပ်တန့်ရမှာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။


pdf ဖိုင် ရယူရန် in English | Myanmar

မူရင်းပို့စ်

Announcements


PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Subscribe

Copyright © 2017 - 2026 All Rights Reserved - Progressive Voice (PV)
Website by Bordermedia